မြန်မာနိုင်ငံအတွင်း ပြည်နယ်နဲ့တိုင်းအသီးသီးက အတင်းအကျပ် လုပ်အားပေးခိုင်းခံရ
တဲ့သူပေါင်း ၁,၅၀၀ ကျော်ကနေ သူတို့ရဲ့ မှတ်ပုံတင်နံပါတ်တွေ၊ သူတို့ရဲ့ နေရပ်လိပ်စာ အပြည့်အစုံနဲ့ သူတို့ရဲ့ ကိုယ်ပိုင် လက်မှတ်ထိုးကြပြီးတော့ ILO ကမ္ဘာ့ အလုပ်သမား
ချုပ်ကြီးကနေပြီး မြန်မာစစ်အစိုးရကို အရေးယူဖို့ဆိုပြီး တိုင်ကြားတဲ့လှုပ်ရှားမှုကို လုပ်ခဲ့
တယ်လို့ ILO အဖွဲ့နဲ့ လုပ်အားပေးခိုင်းခံရသူတွေအကြား ဆက်သွယ် လုပ်ဆောင်ပေး
နေသူတွေကတဆင့်သိရပါတယ်၊ ဒီအကြောင်းကို ထိုင်း-မြန်မာနယ်စပ်က ဗွီအိုအေ
သတင်းထောက် ဒေါ်အေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အဓမ္မ လုပ်အားစေခိုင်းမှုခံရသူ ၁,၅၀၀
ကျော်ကနေ မိမိတို့ရဲ့ နေရပ်လိပ်စာ၊ မှတ်ပုံတင်အပြည့်အစုံနဲ့ ILO ခေါ် အပြည်ပြည်
ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီးထံကို စစ်အစိုးရဲ့ အဓမ္မ လုပ်အားခိုင်းစေမှု
တွေနဲ့ပတ်သက်ပြီး စာရေးသားပေးပို့ခဲ့ကြောင်း အဓမ္မ လုပ်အားခိုင်းစေခံရတဲ့သူတွေ
ကို အကူအညီပေးနေသူတဦးက အခုလိုပြောပြပါတယ်။
“အခုလုပ်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ပေါ့၊ ဂျီနီဗာမြို့မှာ၊ ဂျီနီဗာမှာလုပ်နေတဲ့ ILO အုပ်ချုပ် ရေးအဖွဲ့ကိုပို့တာဖြစ်တယ်၊ သူတို့လိုချင်တာက ပထမတချက်က မြန်မာအစိုးရနဲ့ ILO နဲ့ နောက်ဆက်တွဲ သဘောတူညီချက် သက်တမ်းတိုးတာ၊ သက်တမ်းတိုးတာကို အတည်
ပြုပေးမယ်ဆိုရင် ILO နဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးထားတဲ့ လူတွေအားလုံးကို ပြန်လွှတ်
ပေးမှသာလျှင် အတည်ပြုပေးပါဆိုပြီးတော့ တောင်းဆိုတာရှိတယ်၊ ”
လုပ်အားပေး စေခိုင်းခံရသူတွေရဲ့ တောင်းဆိုချက်၊ စေခိုင်းချက်တွေကို ပြောပြခဲ့ရာမှာ
တော့ -
“အပြစ်ပေး အရေးယူတာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအစိုးရ၊ စစ်အစိုးရဟာ တောက်လျှောက်ကြီးကို ILO ရဲ့ convention တွေကို ချိုးဖောက်တယ်၊ သဘောတူညီ
ချက်တွေ၊ နောက်ဆက်တွဲ သဘောတူညီချက်တွေကို ကြိမ်ဖန်များစွာ ဆက်လက် ချိုး ဖောက်နေတယ်၊ ပြီးတော့ မြန်မာပြည်သူလူထုကို သူတို့ရဲ့ အဓမ္မ လုပ်အားစေခိုင်းမှု
တွေ၊ ကလေးစစ်သားစုဆောင်းမှုတွေ၊ အဲဒီလိုကိစ္စတွေအတွက် အပြစ်တင်ချက်ပေးတာ အတွက်ကြောင့်မို့လို့ အခုလက်ရှိ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်တဲ့ အတွက်ကြောင့်
ICJ လို့ခေါ်တဲ့ နိုင်ငံတကာတရားရုံးရဲ့ အပိုဒ် ၃၆၊ ၃၇ အရ တရားရုံးမှာ ထိရောက်စွာ
တရားစွဲဆိုပါဆိုပြီးတော့ ပြောတယ်၊
“ဒုတိယအချက်ကတော့ ILO ရဲ့ မူဘောင်နဲ့အညီ ILO အဖွဲ့ဝင် နိုင်ငံတနိုင်ငံဟာ စည်းကမ်းပျက်နေတယ်၊ အဖွဲ့အနေနဲ့ပေါ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့၊
ဥပမာအားဖြင့် ဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင် ဒီ Sanction လုပ်တာတို့၊ ကုန်တင်ကုန်ချ လုပ်တာတွေကို တားဆီးပေးပါလို့ပြောတယ်၊ နောက်ဆုံး တတိယတချက်ကတော့
နိုင်ငံရေးအနေအထားအရ ပြည်သူလူထုတွေကို ဖိနှိပ်နေတဲ့ ဒီနအဖရဲ့ လုပ်ရပ်တွေနဲ့
ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးယူနိုင်လောက်တဲ့ ILO နဲ့
ပတ်သက်တဲ့ အချက်လက်တွေကို တင်ပြပေးဖို့၊ အရေးယူ ဆောင်ရွက်ပေးဖို့ဆိုတဲ့
သုံးချက်ကို တပြိုင်နက်ဆောင်ရွက်ပေးဖို့ လက်မှတ်ရေးထိုးပြီးတော့ တိုင်ခဲ့တယ်
ခင်ဗျ၊”
အခုဆိုရင် ILO နဲ့ လုပ်အားပေး ခိုင်းခံရသူတွေအကြား ဆက်သွယ်မှုတွေ လုပ်ပေးနေ
သူတွေကို စစ်အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သလို အပြစ်ရှာပြီး ဖမ်းဆီးမှုတွေ
လည်း လုပ်နေပါတယ်၊ အဖမ်းအဆီးတွေကြားကပဲ အဓမ္မ လုပ်အားပေးစေခိုင်းမှု ခံရ သူတွေဘက်ကနေ ရပ်တည်ပြီး ILO ကို တိုင်ကြားပေးနေတဲ့ ကွန်ယက်အဖွဲ့အစည်း
တခုကြောင့် အခုဆိုရင် ILO ကို တိုင်ကြားရဲသူ ပြည်သူအများအပြား ရှိလာပြီဖြစ်ပါ
တယ်။ စစ်အစိုးရကတော့ ILO နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကို ပုဒ်မတပ်လိုက်၊ ပြန်လွှတ်လိုက်နဲ့ အမျိုးမျိုးလုပ်နေပြီး တချို့ကိုတော့ နိုင်ငံရေးပုဒ်မမဟုတ်ဘဲ တခြား
ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေလည်းရှိပါတယ်။