သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုစိန်ဝင်းက ကိုယ့်အားကိုယ့်ကိုးရန် လူထုကို နှိုးဆော်


မြန်မာစစ်အစိုးရက ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ် ၇ ရပ်နဲ့ ဒီမိုကရေစီဖော်ဆောင်ရေး
ကို တဆင့်စီတက်ပြီး အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ ကန့်ကွက်မှု
တွေကလည်း တဖက်မှာ ပေါ်ပေါက်နေတာပါ။ ထင်ရှားတဲ့စာရေးဆရာကြီး လူထု
စိန်ဝင်းကလည်း စစ်အာဏာရှင်ကို ဖယ်ရှားပစ်ဖို့က လူထုလှုပ်ရှားမှုကြီးနဲ့ပဲလုပ်မှ
ရမယ်ဆိုတဲ့ သတင်းစကားတွေကို ပြောဆိုလိုက်တာကြောင့် သူ့ရဲ့စကားသံတွေကို ပြည်ပရောက်မြန်မာတွေက အင်တာနက်ကတဆင့် ဖြန့်ဝေနေပါတယ်။ စစ်အစိုးရရဲ့
ဖိနှိပ်မှုတွေ မပြတ်မလပ် ရှိနေတဲ့ကြားက လူထုကြီးရဲ့အားကို ယုံကြည်ဖို့ လှုံ့ဆော်တာ
ဟာ ဘယ်လောက်ထိများ လက်တွေ့ကျနိုင်ပါမလဲ။ အကြောင်းစုံကို ဗွီအိုအေသတင်း
ထောက် မသင်းသီရိက ဆရာလူထုစိန်ဝင်းကို ဆက်သွယ်မေးမြန်း တင်ပြထား
ပါတယ်။

ဒီရက်တွေမှာ အင်တာနက် အွန်လိုင်းတွေမှာ ပျံ့နှံ့နေတဲ့ သတင်းစာဆရာကြီး လူထု
စိန်ဝင်းရဲ့ လူထုသို့ပန်ကြားချက်ဆိုတဲ့ အသံတစိတ်တပိုင်းကတော့ …

“ကုလသမဂ္ဂက ကယ်တင်လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှ မရှိခဲ့ဖူးပါဘူး။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တို့၊ လုံခြုံရေးကောင်စီတို့ ဆိုတာတွေနဲ့
စိတ်ကူးယဉ်ပြီး အချိန်တွေဖြုန်းမနေကြပါနဲ့။ တိုင်းပြည်က နာလှပါပြီ။ ပြည်သူတွေ ဒုက္ခရောက်လှပါပြီ။ ဒီအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ ရာစုနှစ်တဝက်နီးပါး ရှိခဲ့ပါပြီ။
အမြန်ဆုံး ဒါတွေကို အဆုံးသတ်သင့်ပြီ။ ဒီအချိန်ဟာ တော်လှန်ရေးတရပ်လုံး အလှည့် အပြောင်းဖြစ်နိုင်တဲ့ အချိန်ကာလဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ရွှေဝါရောင်တော်လှန်ရေးက ဖန်တီးပေးလိုက်တာဖြစ်တယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့ ကြီးမားတဲ့အရှိန်အဟုန်
ဟာ ကမ္ဘာတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ။”

ဒါ့အပြင် ဆရာလူထုစိန်ဝင်းရဲ့ ပန်ကြားချက်တွေထဲမှာ ဖိနှိပ်မှုကြောင့် အကြောက်
တရားတွေနဲ့ ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ အမြင်သဘောထားတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေးက ဆန့်ကျင်ပြသလိုက်တာဖြစ်သလို ဒီလိုအရှိန်ကောင်းတွေ
နဲ့ ဆက်ပြီးတိုက်ပွဲဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။ အခုအချိန်မှာ မြန်မာစစ်ခေါင်း ဆောင်တွေကလည်း သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ မေလ လူထုဆန္ဒခံယူပွဲကိစ္စ
တွေ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး ကြေညာချက်တွေနဲ့အတူ
သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေအပေါ်မှာ ဆန့်ကျင်တဲ့အမြင်နဲ့ လှုပ်ရှားမှုတွေရှိတယ်ဆိုရင်
လည်း ဥပဒေအရ အရေးယူမယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုနေပါပြီ။

မြန်မာစစ်ခေါင်းဆောင်များအနေနဲ့ ကုလသမဂ္ဂ အပါအဝင် ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့
အစည်းကမှ အကြံပေးဝေဖန်တာတွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း သူတို့ရဲ့
သဘောထားကို ပြောဆိုပြီးသားပါ။ အခုလို ဆရာလူထုစိန်ဝင်းရဲ့ တိုက်တွန်းပြောဆို
ချက်က လူထုအတွက် အန္တရာယ်ဖြစ်နိုင်မယ်လို့ မယူဆဘူးလားလို့ ဆရာလူထုစိန်ဝင်း
ကို ဆက်သွယ်မေးမြန်းကြည့်တော့ သူက အခုလိုရှင်းပြပါတယ်။

“လူထုအတွက် အန္တရာယ်ရှိတယ်လို့ လုံးဝမယူဆပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အနှစ်
၂၀ ကာလအတွင်းမှာ အစိုးရက သူလုပ်သင့်လုပ်ထိုက်တာ၊ သူလုပ်စရာရှိတာကို
တဆင့်ပြီးတဆင့် လုပ်သွားမှာပဲ။ ဒါပေမယ့် ဒီဘက်ကလူတွေက ဘာမှမလုပ်ကြဘူး။
ဟိုလိုလို၊ ဒီလိုလိုနဲ့ ကုလသမဂ္ဂကိုအားကိုးလိုက်၊ အမေရိကန်အားကိုးလိုက်၊ ဒိုင်ယာ
လော့ဂ်ကို အားကိုးလိုက်ပေါ့။ အစိုးရက အပြတ်ပြောပြီးသားပဲ။ ဒိုင်ယာလော့ဂ်ဆိုတာ
လည်း သူ မလုပ်ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလည်း ပြန်မရေးဘူးလို့ အပြတ်
ပြောထားတာပဲ။ အဓိကက ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်၊ သူကလည်း သူလုပ်စရာ
ရှိတာ သူလုပ်တာပဲ။ နိုင်ငံရေးသမားတွေက နိုင်ငံရေးသမားတွေလုပ်စရာရှိတာ
ဆက်လုပ်ပေါ့။ အဲလိုမလုပ်တဲ့အတွက် ဒါကို ပြောလိုက်တာပဲ။”

အခုလိုပြောရတာလည်း အပြောင်းအလဲတွေဖြစ်လာဖို့၊ ပြောင်းလဲမှုလိုချင်တဲ့သူတွေမှာ အားနည်းချက်တွေတွေ့ရလို့ အခုလို တိုက်တွန်းပြောဆိုတာဖြစ်တယ်လို့ ဆရာဦးစိန်ဝင်း
က ဆက်ပြောပြပါတယ်။

“အားမရဘူးဆိုတာတွေကတော့ အများကြီးပဲ။ ခုနပြောသလို ဒီအနှစ် ၂၀ အတွင်းမှာ
အစိုးရဘက်က သူလုပ်သင့်လုပ်ထိုက်တာ၊ လုပ်စရာရှိတာတွေကို တဆင့်ပြီးတဆင့်
လုပ်တာပဲ။ နိုင်ငံရေးအင်အားစုများဘက်ကတော့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်လေ့လုပ်ထ မရှိဘူး။ ဒါကြောင့် ဘဘအနေနဲ့
အားမရဘူး။ နောက်တခုက ကြီးမားတဲ့အန္တရာယ်ကြီးတခုကို မြင်တွေ့နေတယ်။ အဲဒါ
ဘာလဲဆိုတော့ လူတွေရဲ့အကျပ်အတည်းက တဖြည်းဖြည်း ပိုပိုကြီးလာတယ်။ ဒီလို
ကြီးလာတဲ့အခါမှာ တနေ့နေ့ လူတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ အုံကြွပေါက်ကွဲမှုကြီး
ဖြစ်ရင် သိပ်အန္တရာယ်ကြီးတယ်၊ သိပ်ကြောက်ဖို့ကောင်းတယ်။ လူတွေက ဘယ်သူ့မှ အားကိုးလို့မရဘူးဆိုရင် မထူးစိတ်တွေဝင်လာမယ်။ မထူးစိတ်ဝင်လာတဲ့လူက ဘာမဆို သူကလုပ်မှာပဲ။ အဲဒါမျိုးက သိပ်အန္တရာယ်ကြီးတယ်။ ဒါကြောင့် ဒီအန္တရာယ်ကြီးကို
မြင်တဲ့အတွက် ဘဘက ဒီလိုစကားကို ပြောလိုက်တာပဲ။”
သတင်းစာဆရာကြီး လူထုစိန်ဝင်း ပြောပြခဲ့တာပါ။

အခုလို မြန်မာစစ်ခေါင်းဆောင်တွေပြောဆိုနေတဲ့ ရှေ့လုပ်ငန်းစဉ်တွေကနေ မြန်မာ
နိုင်ငံအတွက် ကောင်းတဲ့အခြေအနေတခုခုရော ဖြစ်လာနိုင်ဖို့ ခန့်မှန်းလို့ ရပါသလား
လို့ မေးကြည့်ပါတယ်။

“မမြင်ဘူး။ ဘဘတော့ မထင်ပါဘူး။ ဒီဟာမျိုး၊ ဒီအတွေ့အကြုံမျိုး ဘဘတို့ ရှိခဲ့ဖူးပါပြီ။
၇၄ ခုနှစ်က ကြုံခဲ့ဖူးပြီလေ။ အကောင်းဘက်ကတော့ မမြင်ဘူး။”
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG