သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ‘ဖုန်းမော်’ ပေါင်းများစွာ ပေါ်ထွက်နေဦးမည်


လွန်ခဲ့တဲ့ အနှစ် (၂၀) က ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်းမှာ ကိုဖုန်းမော်လို့ ပေးဆပ် ခဲ့သူကျောင်းသား အနှစ် ၂၀ အတွင်း ၂၀၀၀ မက များခဲ့ပြီလို့ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရှိနေသမျှ ကိုဖုန်းမော်လို စွန့်လွှတ် စွန့်စားတဲ့ ကျောင်းသားတွေလည်း ဆက်ပြီး ပေါ်ထွက် နေအုံးမယ်လို့ ပြောဆိုကြပါတယ်။ မတ်လ (၁၃) ရက်နေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဦးသိန်းထိုက်ဦးက စုစည်း တင်ပြထား ပါတယ်။

ကိုဖုန်းမော်တို့ ကျဆုံးခဲ့တဲ့ စတေးခံခဲ့ရတဲ့ အဖြစ်အပျက်ဟာ အာဏာရှင်စနစ်လက်အောက်က ဖိနှိပ်မှု ပုံရိပ်တွေကို ခေတ်သစ် ကမ္ဘာကြီးမှာ မျက်ဝါးထင်ထင် ဖေါ်ပြခဲ့တဲ့ ဖြစ်ရပ်ပါ။ ဖြူစင်တဲ့ ကျောင်းသားမျိုးဆက်တိုင်းရဲ့ သွေးတွေဟာ မတရားမှုနဲ့ ပတ်သက်ရင် သူတို့ရဲ့ သွေးတွေ ရဲရဲနီတယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်တယ်။ သူရဲကောင်းတွေရဲ့ ပေးဆပ်မှုရဲ့ ရလာဒ်တွေပဲဖြစ်တယ်။ ဒီမိုကရေစီမီးမောင်းကို ထိုးပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေလို့ သမိုင်းမှတ်တမ်းမှာ အမြဲတမ်းရှိနေပါတယ်။

လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်။ အာဏာပိုင်တွေရဲ့ လက်ချက်နဲ့ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့တဲ့ အရေအခင်းကို ၁၉၈၈ ခုနှစ်က လက်နက်နဲ့ လွယ်အိပ် တိုက်ပွဲလို့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ တင်စားခဲ့ဘူးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ အဲဒီအချိန်က စက်မှုတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား ကိုရင်အေး နဲ့ ရှုပဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုရွှေဇင်ထွန်းတို့က ပြောပြချက်တွေပါ၊ သူတို့နှစ်ယောက်စလုံး ၁၉၈၈ ခုနှစ်က မတ်လအရေးအခင်းနဲ့ ပတ်သက်လို့ ယာယီ ထိန်းသိမ်းခံခဲ့ရပါတယ်။ အခုလို အနှစ် (၂၀) ကြာလာခဲ့တဲ့အချိန်မှာ ဒီ ကျောင်းသားလှုပ်ရှားမှုက မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ ခါးဆက်ပြတ်သွားခဲ့ပြီလားလို့ မေးကြည့်ပါတယ်။ ကိုရွှေဇင်ထွန်းက အခုလို ပြောဆိုပါတယ်။

“ဒီမျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်တွေ ပြန်ပြီးတော့ လှုပ်ရှားမှုကြီးထဲမှာ နေရာယူထားတဲ့ အတွက် ကျနော်တို့ အနာဂတ်အတွက် ကျောင်းသားတွေရဲ့ ဦးဆောင်မှုဟာ အသက်ရှင်သန်နေတယ် ဆိုတာကို သက်သေပြနေပါတယ်။ အနာဂတ်အတွက် မျှော်လင့်လို့ရတယ်လို့ ကျနော် သုံးသပ်ချင် ပါတယ်။”

ဆယ်စုနှစ် နှစ်ခု ကြားမှာ ကိုဖုန်းမော်အပါအဝင် ကျောင်းသားတွေရဲ့ ဘ၀ အသက် ပေးဆပ်မှုတွေ၊ ဒီလို ပေးဆပ်မှုတွေ ထိုက်တန် ပေးဆပ်တာပါလို့ ပြောနိုင်တဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အချက်တွေ ရှိပါရဲ့လား၊ ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ လှုပ်ရှားမှုတွေ အချည်းနှီးဖြစ်သွားပြီလား။ ၁၉၈၈ ခုနှစ်က ပထဝီအဓိကနဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတစ်ဦးဖြစ်တဲ့ လက်ရှိ အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယားပြည်နယ်မှာ ရောက်နေတဲ့ ကိုဇော်မင်းက အခုလို ပြောပါတယ်။

“လူ့အခွင့်အရေးအရ စစ်တပ်ဘက်က လိုက်လျောမှုတွေ မရှိပေမယ့် လူထုကြားထဲမှာ လူ့အခွင့်အရေးဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိလာတယ်။ မြန်မာနိုင်ငံမှာ ကျောင်းသားတွေအများကြီး ထောင်ထဲမှာ နေခဲ့တယ်။ အများကြီးသေခဲ့တယ် ကျဆုံးခဲ့ပါတယ်။ လူတွေကြားထဲမှာ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားထုကို စာနာထောက်ထားမှုတွေ ပိုရလာပါတယ်။ သူတို့ဟာ လူ့အခွင့်အရေး မရှိလို့ဆိုတာကို ပိုပြီးတော့ သိလာပါတယ်။ နိုင်ငံတကာကာကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အပြည့်အ၀ ထောက်ခံမှုတွေ ပေးနေပါတယ်”။

ကိုဇော်မင်းဟာ ဒီ အနှစ် (၂၀) အတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်မှာ စုစုပေါင်း ၁၃ နှစ်ကျော် နေထိုင်ခဲ့ရသူူဖြစ်ပါတယ်။

ဒီလို အနှစ် (၂၀) ကြာခဲ့တဲ့ လှုပ်ရှားမှုအတွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား တွေ အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ အဖြစ်အပျက်တွေကလည်း ကြုံကြိုက်တဲ့အခါ ပြန်ပြောပြဖြစ်ဆဲ အကြောင်းအရာတွေ ဖြစ်နေပါတယ်။

“လူတစ်ယောက်လို တန်ဘိုးမထားဘဲနဲ့ ဆက်ဆံတယ်လို့ ကျနော်က ပြောချင်တယ်။ သုံးရက်တိတိ စစ်ကြောရေး စခန်းကို ဖြတ်သန်းရတယ်။ အရင်က ကြားဘူးနား၀ ရှိခဲ့ပေမယ့် ကိုယ်ကိုယ်တိုင် ကြုံရတဲ့အခါ ဘယ်လိုမှ ခုခံလို့မရအောင် ဆိုးဝါးတဲ့ နှိပ်စက်မှုတွေ ကျနော်တို့ ကြုံရတယ်။ ရိုက်နှက်ခံ ရတဲ့ ကိစ္စတွေ နေ့တွေ ရက်တွေနဲ့ ကျနော် မှတ်ထားပါတယ်။”

ကိုရင်အေးနဲ့ ကိုရွှေဇင်ထွန်း ပြောပြတာပါ။ ဒီလို နှိပ်စက်ညှဉ်းပန်းတာတွေကို မမေ့နိုင်ဘဲ မှတ်ထား တယ်ဆိုတဲ့အတွက် မြန်မာ အာဏာပိုင်တွေကို ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုတွေဟာ လက်စားချေဖို့ အတွက်လားလို့ မေးကြည့်ပါတယ်။

“လက်စားချေဘို့ မဟုတ်ဘူးဗျ၊ ကျနော်တို့ ဒီလိုမျိုး ကျောပေါ်ကို ဒုတ်ကျလာတဲ့ အခါမှ ဒီမိုကရေစီ ရေးအတွက် ခိုင်ခိုင်မာမာ ကြိုးစား ရမယ်ဆိုတာမျိုး ဖြစ်လာခဲ့တာ မှန်တယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာ ကြာလာတဲ့အခါ ကျနော်တို့ တိုင်းပြည်မှာ ဒီ စနစ်ကြီးတစ်ခုကို ဖယ်ရှားရမယ်။ ဒီ စနစ်ကြီးကို ဖယ်ရှားရမယ်ဆိုတဲ့ စိတ်ဓာတ်က ပိုပြီးတော့ ရှေ့ကို ရောက်သွားပြီးတော့ ကျနော်တို့ လက်စားချေဘို့ ဆိုတဲ့ အခန်းကဏ္ဍတွေက မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်လို့ ကျနော်ပြောချင်ပါတယ်။”

“ဘယ်လောက်ပဲ ကျနော်တို့ကို နာကျင်အောင် နှိပ်စက်ခဲ့ နှိပ်စက်ခဲ့၊ ဒီနာကျင်မှုတွေကို ကျနော်တို့က လက်စားချေလိုတဲ့ စိတ်တွေနဲ့ တွန်းလှန်မယ်ဆိုတဲ့ စိတ်မျိုး လုံး၀ မထားပဲနဲ့ ဒီလို နာကျင်မှုတွေက ငါတို့တိုင်းပြည်မှာ လိုအပ်နေတဲ့ လူထုတစ်ရပ်လုံး လွတ်မြောက်ရေး အတွက် လိုအပ်တဲ့ ခေတ်စနစ်တစ်ခု တော်လှန် ပြောင်းလဲဘို့အတွက် အမာခံစိတ်ဓာတ်တွေပဲ ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးတွေနဲ့ ကျနော်တို့ ချီတက်ခဲ့ပါတယ်။ ငါတို့ကို နှိပ်စက်လို့ ပြန်ပြီး နှိပ်စက်ရမယ်ဆိုတဲ့ အာဃာတမျိုး ကျနော်တို့မျိုးဆက်မှာ လုံး၀ မရှိပါဘူး။”

ကိုဖုန်းမော် သေဆုံးပြီး နောက်တနှစ်၊ ရန်ကုန် စက်မှုတက္ကသိုလ် မျက်ခင်းပြင်မှာ ကျင်းပတဲ့ အောင်းမေ့ဘွယ်အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက မတ်လ (၁၂) ရက်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ကိုဇော်မင်းက ဒါနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖေါက်မှုကြောင့် ကျောင်းသားတွေ အမြောက်အများ သေခဲ့တယ်။ ပြည်သူတွေ အမြောက်အများ သေခဲ့တယ်။ အဲဒီအတွက် လူ့အခွင့်အရေးဟာ မရှိအဖြစ် လိုအပ်တယ်ဆိုပြီး စတင်သတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဟာ ဖေါ်မပြလောက်အောင် ဆိုးဝါးလာပါတယ်။”

နှစ်တွေကြာလာတဲ့အခါ လူတွေကကိုဖုန်းမော် အရေးအခင်းလို အရေးအခင်းမျိုးတွေကို မေ့လျော့မသွားနိုင်ဘူးလား။ ဒီလှုပ်ရှား မှုနဲ့ အဖြစ်အပျက်တွေက အချိန်ကာလ ကြာတဲ့အခါ မှေးမှိန်မသွားနိုင်ဘူးလားလို့ မေးကြည့်တော့ ကိုရင်အေးကတော့ ဖိနှိပ်မှုတွေ ရှိနေသမျှ ကျောင်းသားလှုပ်ရှားမှုတွေ မျိုုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းနေအုံးမယ်လို့ ပြောပါတယ်။

“သူတို့ရှေ့မှာ ပြည်သူလူထု တစ်ရပ်လုံး ယုံကြည် ကိုးကွယ်အားထားတဲ့ သံဃာတော်တွေကိုတောင် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်နေပြီ၊ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းနေပြီဆိုတာကို သူတို့ မျက်ဝါးထင်ထင် တွေ့ခဲ့တဲ့ စိတ်ဓာတ်၊ ဒီ စိတ်ဓာတ်နဲ့ တော်လှန်မယ့် တော်လှန်ရေးလမ်းကြောင်းက ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးဆိုတာ ကျနော်ယုံကြည်ပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အဖိနှိပ်ခံ ပြည်သူတွေရဲ့ ရုန်းကန်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မောင်သာယာရဲ့ တော်လှန်ရေးဆိုတဲ့ ကဗျာ ကို ကိုးကားပြီး လက်ခုတ်ထဲက ရေဘ၀ ကနေ လက်ခုတ်ထဲက ဖန်ကွဲစတွေအဖြစ် အာဏာပိုင်တွေ သွန်လိုသွန်မှောက်လိုမှောက် ဘဝကနေ ဆန့်ကျင်ဘို့ ရုန်းထွက်တာက တော်လှန်ရေးလို့ တင်စားရေးသားခဲ့ဘူးပါတယ်။ ဒီလို ပြောင်းလဲဘို့ ကြိုးစားခဲ့ကြပေမယ့်လည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှု လူ့အခွင့်အရေးမှတ်တမ်းတွေကတော့ နာကျင်မှုတွေကြားက ပေးဆပ်နေရာတွေ ဆက်လက်ရုန်းကန်အားစိုက် နေရဆဲ ဆိုတာကိုပဲ တွေ့မြင်နေရကြောင်းပါ ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG