သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ရောက် ထိုင်းဝန်ကြီးချုပ် စစ်အစိုးရနဲ့ စီးပွားရေးစာချုပ် ချုပ်


ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒရာဝေ ဟာ ဒီကနေ့ မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်နဲ့ ရန်ကုန်မြို့ကို ဆိုက်ရောက်ခဲ့ပြီးတော့ မြန်မာနဲ့ ထိုင်းအကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်တစ်ခုကို ရေးထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခြင်းကသာ မြန်မာနိုင်ငံအတွက် စီးပွားရေး အလားအလာကောင်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရောက်နေတဲ့ ဦးသားညွန့်ဦးက အခု ၀န်ကြီးချုပ်ဆမတ်ရဲ့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့က မြန်မာနဲ့ဆက်ဆံရေးမှာ စီးပွားရေးကို အလေးပေးတယ်လို့ အများက ယူဆထားသလို သူတို့ကိုယ်တိုင်ကလည်း လက်ခံထားသလို အခုလည်းပဲ ဒီခရီးစဉ်အတွင်း မစ္စတာဆမတ် လုပ်ခဲ့တာတွေကိုကြည့်ရင် စီးပွားရေးသဘောက များပါတယ်။ ဒီကနေ့ ခရီးစဉ်အတွင်း မနက်ပိုင်းမှာ မစ္စတာဆမတ်ဟာ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံပြီး ဒီနောက် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ကုန်သွယ်ရေးစာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက အရာရှိတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“၀န်ကြီးချုပ်ဆမတ်နဲ့ မြန်မာအစိုးရ၀န်ကြီး ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နှစ်ဦး အနေနဲ့ နှစ်နိုင်ငံ အပြန်အလှန် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာနဲ့ထိုင်းအကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြပါတယ်။ နေ့လည်ပို်င်းမှာတော့ ရန်ကုန်ကို သွားရောက်ပြီး ထိုင်းသံရုံးက အဆောက်အဦသစ် တစ်ခုဖွင့်ပွဲကို တတ်ရောက်ပါတယ်။ ဒီနောက်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ ထိုင်းနိုင်ငံသားတွေကို တွေ့ဆုံခဲ့ပါတယ်။”

မစ္စတာဆမတ်နဲ့ အဖွဲ့ဟာ နေပြည်တော်လေဆိပ်ကို ဒီမနက်ပိုင်းက ဆိုက်ရောက်ခဲ့ရာမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ ဒီနောက် ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုပြီးတော့ ရန်ကုန်မှာလည်း ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု ပမာဏစာရင်းကိုကြည့်ရင်း ထိုင်းနိုင်ငံက တတိယ လိုက်ပါတယ်။ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ်မှာလည်း ထိုင်းနိုင်ငံက မကြာခဏ ဝေဖန်လေ့ရှိသလို အခုလည်းပဲ မြန်မာအစိုးရနဲ့ ကုန်သွယ်ရေးလုပ်ဖို့ကိုပဲ ၀န်ကြီးချုပ်ဆမတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ပိုင်းဖြတ်ထားပုံရပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပိတ်ဆို့မှုအစား ထိစပ်ညှိုနှိုင်းမှုတွေ လုပ်တာကြောင့် အောင်မြင်ခဲ့တာရှိပါတယ်ဆိုပြီး မြောက်ကိုရီယားကိစ္စကို နှိုင်းယှဉ်ပြပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမ က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းစဉ် ပြောဆိုခဲ့ပါတယ်။

“ကိုရီးယားကျွန်းဆွယ် ကိစ္စကိုကြည့်ပါ၊ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ လုပ်လို့ မအောင်မြင်နိုင်ဘူးဆိုတာ ပြနေပါတယ်။ အမေရိကန်ကိုယ်စားလှယ် ခရစ်စတိုဖာဟီလ်း နဲ့ ၆ ပါတီ အစည်းအဝေးတွေအရ ထိစပ် ညှိုနှိုင်းမှုနဲ့ အောင်မြင်မှုရတယ်ဆိုတာ ပြနေပါတယ်။ သူ့အနေနဲ့ ပိတ်ဆို့ အရေးယူတဲ့အပေါ်မှာ အောင်မြင်မယ်လို့ မယုံပါဘူး။ ထိစပ်ပြီး ညှိုနှို်င်းဆောင်ရွက်တာကိုပဲ ယုံကြည်ပါတယ်။ ပိုပြီး ပြောဆိုဆွေးနွေးမယ့် လူသားချင်းစာနာမှုအရ အကူအညီတွေ ပေးပြီးတော့ပဲ အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်။ အခု ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာတွေက မြန်မာနိုင်ငံကိစ္စမှာ အလုပ်မဖြစ်ဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်ပြီး ညှိုနှိုင်းပြောဆို ဆောင်ရွက်ခြင်းကသာ စစ်အစိုးရကို အခုလက်ရှိ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်နိုင်ဖို့ ဖျောင်းဖျနိုင်ပြီး ဒီမိုကရေစီဖြစ်ထွန်းရေး နိုင်ငံရေး တိုးတက်မှုတွေရှိရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ အရှိန်မြင့်လုပ်ဖို့ ဖြစ်လာနိုင်မှာပါ။ တကယ်တမ်းသာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရင် ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ စီးပွားရေး အလားအလာကောင်းတွေ ဖြစ်လာစေဖို့ တာဝန် ရှိပါတယ်။ စီးပွားရေး အလားအလာကောင်းတွေ ဖြစ်လာရင် သာမန်ပြည်သူတွေအတွက် အကျိုးခံစားခွင့်တွေ ရှိလာမှာပါ။ ပညာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ပိုပြီး အားကောင်းလာရင်တော့ မြန်မာလူ့အဖွဲ့အစည်း အတွင်းမှာ တဖြည်းဖြည်းချင်း ပြောင်းလဲမှုတွေ ရှိလာမှာပါ။

မြန်မာ့အရေးလေ့လာသူတွေကတော့ ထိုင်းနိုင်ငံခြားမူဝါဒက မြန်မာနိုင်ငံအပေါ်မှာ အရင်အစိုးရလိုပဲ ပြောင်းလဲမှုမရှိပဲ စီးပွားရေးကို အလေးပေးတဲ့ ချည်းကပ်မှုပဲရှိတယ်လို့ ဝေဖန်နေကြပါတယ်။

အနောက်နိုင်ငံတွေက မြန်မာအစိုးရက ဒဏ်ခတ်ပိတ်ဆို့တဲ့အချိန်မှာ ထိုင်းက မြန်မာနဲ့ စီးပွားရေးလုပ်ပြီး ထိုင်းနိုင်ငံအတွက် အသုံးချနေတယ်ဆိုတဲ့ အမြင်တွေကိုလည်း ထိုင်းအစိုးရဖက်က ရိပ်စားမိပုံရပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမက အခုလို ပြောပါတယ်။

“ကျနော်တို့ အနေအထား ရပ်တည်မှုကို နားလည်ပေးပါ။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အတော်ရှည်လျားတဲ့ နယ်စပ်ထိစပ်မှု ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံဆီက သဘာဝ အရင်းအမြစ်တွေကို ခိုးယူအသုံးချမှာ မဟုတ်ပါဘူး။ ထိုင်းရဲ့ အမျိုးသား အကျိုးစီးပွားတစ်ခုတည်းနဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ်မှာမဟုတ်ပါဘူး။ လူ့အခွင့်အရေးတို့ ဒီမိုကရေစီရေးတို့နဲ့ပတ်သက်တဲ့ အခြားအကြောင်းအရာ တွေကိုလည်း ကျနော်တို့ စဉ်းစားထားပါတယ်။ စိုးရိမ်မိပါတယ်။ ဒီမိုကရေစီစနစ်ကြောင့် အလားအလာကောင်းတွေ ရှိတယ်ဆိုတာကို စံပြနမူနာအဖြစ်နဲ့ ထိုင်းနိုင်ငံကို ရှိစေချင်ပါတယ်။”

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမ ကနေ မြန်မာနိုင်ငံ ခရီးစဉ်မသွားခင် တစ်ရက်အလိုက ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောခဲ့တာတွေပါ။ ၀န်ကြီးချုပ် ဆမတ် ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာရှိစဉ်တော့ ရန်ကုန်က နိုင်ငံခြားသံတမန် အသိုင်းအ၀ိုင်းတွေ ထိုင်းနိုင်ငံသားတွေနဲ့ပဲ ထိုင်းသံရုံးမှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG