မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်း အသစ်တရပ်ကို မကြာခင် လူထုဆန္ဒခံယူပွဲတွေ ကျင်းပပြီး အတည်ပြုဖို့ ပြင်ဆင် နေပေမယ့်လည်း အများပြည်သူ သိသင့်သိထိုက် တာတွေကို အခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပြောဆို နေတာတွေ မရှိသေးဘူးလို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ က ဝေဖန် ပြောဆို လိုက်ပါတယ်။ တချိန်တည်းမှာပဲ အခုကျင်းပဖို့ရှိတဲ့ ဆန္ဒခံယူပွဲတွေကို သပိတ်မှောက်ဖို့၊ ဒါမှမဟုတ်ရင်လည်း မဲပေးရာမှာ ကန့်ကွက်မဲတွေ ထည့်ကြဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေဖက်က တိုက်တွန်း လှုံ့ဆော်မှုတွေကလည်း ထွက်ပေါ်နေတယ်ဆိုတော့ အန်အယ်လ်ဒီရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။ အကြောင်းစုံကို အန်အယ်လ်ဒီနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရက ကြီးမှူးကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ထွက်ပေါ်လာတဲ့ အခြေခံဥပဒေ မူကြမ်းတရပ်ကို လာမယ့်မေလထဲမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အတည်ပြုဖို့ မြန်မာစစ်အစိုးရက တက်သုတ်ရိုက် ပြင်ဆင်နေပေမယ့်လည်း ဒီအခြေခံဥပဒေနဲ့ ပတ်သက်လို့ အစိုးရဖက်က လူထုကြားကို ကျယ်ကျယ်ပြန့်ပြန့် ချပြတာမရှိသေးဘူးဆိုပြီး အန်အယ်လ်ဒီက ဝေဖန်လိုက်တာပါ။ မြန်မာစစ်အစိုးရဖက်ကတော့ အမျိုးသားညီလာခံ ကျင်းပစဉ်ကာလကတည်းက အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ထားပြီးဖြစ်တယ် စာအုပ်စာတမ်း အဖြစ်နဲ့တောင် ထုတ်ဝေထားပြီးဖြစ်တယ်လို့ ပြောဆိုထားတာပါ။
ဒါပေမယ့်လည်း အခု အာဏာပိုင်တွေက အတည်ပြုဖို့ စီစဉ်နေတဲ့ အခြေခံဥပဒေနဲ့ ဒီထုတ်ပြန်ချက်တွေဟာ တူညီမှုမရှိတဲ့အတွက် အခုလို ပြောဆိုရတာပါလို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းက ထွက်ဖို့လိုတယ်၊ ကနေ့အထိ မထွက်သေးဘူး အဲဒါတချက်ရယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် နအဖ က ထုတ်ပြန်ရမယ့် နည်းဥပဒေတွေ မထုတ်ပြန်သေးဘူး။ အဲဒါတွေဟာ ဆန္ဒခံယူပွဲမှာ ဆန္ဒပြုတဲ့ ပြည်သူလူထုအတွက် လိုအပ်ချက်တွေဖြစ်တယ်။ ဒီဥစ္စာတွေ ထုတ်ဖို့လိုတယ် ဆိုပြီးတော့ ကျနော်တို့ ကြေငြာချက် ထုတ်တာပါ။ ဟိုတုန်းက ကြေငြာခဲ့တယ်၊ ရေဒီယိုက သတင်းစာထဲထည့်တယ်ဆိုတာက တပိုင်း၊ အခုအတည်ပြုရမှာက ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း၊ အခြေခံမူကို အတည်ပြုဖို့ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ဒီဟာကို အတည်ပြုမယ်၊ ကန့်ကွက်မယ်၊ အဲဒါကို ဆန္ဒပြုရမှာပဲ။ ဆန္ဒပြုရမယ့်ဟာ မရှိသေးလို့ ကျနော်တို့ ဒီလိုပြောရတာပါ။”
ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရပိုင် သတင်းမီဒီယာတွေထဲမှာတော့ ဆန္ဒခံယူပွဲတွေ အတွက် အာဏာပိုင်တွေဖက်က ရန်ကုန်လို မြို့ကြီးပြကြီးတွေအပြင် နယ်မြို့တွေမှာပါ ပြင်ဆင်မှုတွေ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတဲ့ အကြောင်းတွေ ဖော်ပြထားတာတွေကို တွေ့မြင်နေရတာပါ။ ဒါပေမယ့်လည်း ဒီကိစ္စတွေထဲမှာ လူထုသိသင့်သိထိုက်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်ချက်တွေတော့ မပါဘူးလို့ ဦးဥာဏ်ဝင်း က ဆိုပါတယ်။
“ဒါကတော့ လုပ်ကိုလုပ်ရမယ့် အလုပ်တွေပဲလေ။ ဒီဥစ္စာက မဲရုံနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါ။ ပြည်သူတွေနဲ့ ပတ်သက်တာ မဟုတ်ဘူး။ ပြည်သူတွေက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို ကြည့်မယ်။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး၊ ဒါလုပ်ရမှာပဲ။ ပြည်သူတွေ လုပ်ရမယ့်ဟာနဲ့ ပတ်သက်ပြီး ပြည်သူတွေ အလွယ်တကူ အခုအချိန်အထိ မရရှိသေးလို့ ကျနော်တို့ ဒီဟာကို ထုတ်တာပါ။”
တချိန်တည်းမှာဆန္ဒခံယူပွဲကသာ မြန်မာပြည် သာယာဝပြောရေးအတွက် လမ်းစဖြစ်တယ်ဆိုပြီး ဆောင်းပါးတွေ အစိုးရသတင်းစာတွေမှာ ရေးသားဖော်ပြနေတာတွေကို တွေ့ရပေမယ့် အခြေခံဥပဒေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန် ပြောဆိုတာမျိုးတော့ မတွေ့ရသေးသလို ဆန္ဒခံယူပွဲအတွက် ရက်အတိအကျလည်း ကြေငြာထားတာတော့ မရှိသေးပါဘူး။ ဒီအတောအတွင်း မြန်မာ့နိုင်ငံရေးအတိုက်အခံအင်အားစုတွေ ကြားမှာတော့ ဒီဆန္ဒခံယူပွဲကို ကန့်ကွက် သပိတ်မှောက်ကြဖို့၊ ဒါမှမဟုတ်ရင်လည်း မဲထည့်တဲ့နေရာမှာ ကန့်ကွက်မဲတွေ ထည့်ကြဖို့ အင်္ဂလိပ်လိုဆိုရင်တော့ Vote No နဲ့ No Vote ဆိုပြီး လှုံ့ဆော်မှုတွေကလည်း ထွက်ပေါ်နေတာပါ။ ဒီနေရာမှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အန်အယ်လ်ဒီ ကရော ဘယ်လိုရပ်တည်ဖို့ ရှိပါသလဲ။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီက သူ့အချိန်ကျရင် ထုတ်ပါလိမ့်မယ်။ အခုထုတ်နေတဲ့လူတွေ၊ ထုတ်နေတဲ့ စာသားတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ သီးခြားဝေဖန်စရာ မရှိဘူး။ ဒါဟာ ဒီမိုကရေစီပဲ၊ မိမိဆန္ဒတွေကို မိမိဖြစ်စေချင်တာတွေကို မိမိဆောင်ရွက်မှာ ဒါသဘာဝပဲလို့၊ ဒါဒီလောက်ပဲ ပြောနိုင်ပါတယ်။”
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ ကတော့ အခု မေလ လူထုဆန္ဒခံယူပွဲတွေပြီးရင် နောက် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပပေးမယ် ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။ ဒါပေမယ့်လို့ အခြေခံဥပဒေတရပ်လည်း သတ်သတ်မှတ်မှတ် မရှိသေးတဲ့အချိန်မှာ ဒီလိုကြေငြာတာဟာ အဓိပါယ်မရှိဘူးဆိုပြီးတော့လည်း အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကန့်ကွက်ပြောဆို ထားတာလည်း ဖြစ်ပါတယ်။