သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်ပြောကြား


မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့တဲ့ အပြင် မြန်မာပြည်တွင်းမှာ သတင်းသမားတွေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနေတာတွေ ဆက်လက် ရှိနေ သေးကြောင်း မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုးက ဂျနီဗာမှာ မတ်လ (၁၃) ရက်နေ့ က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ သတ္တမအကြိမ် အစည်းအဝေး အတွင်းမှာ ပြောဆိုသွားပါတယ်။

အထူးသဖြင့် နိုင်ငံခြား သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပါတယ်လို့ စွတ်စွဲပြီး ဖမ်းဆီးတာတွေ၊ အနှောက်အယှက်ပေးတာတွေကို သူ့အနေနဲ့ ပိုပြီးစိုးရိမ်မကင်းဖြစ်ရပါတယ်လို့ မစ္စတာ ပင်ညဲရိုးကပြောဆိုသွားပါတယ်။

အခုဆိုရင် ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးခံထားရသူ ၁၄၅ယောက်ရှိသွားပြီလို့ဆိုပါတယ်။ သံဃာတော်တွေ အပါအဝင် လူတချို့ဟာဆိုရင်လည်း ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲပါလို့ မစ္စတာ ပင်ညဲရိုးက လူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့ပါတယ်။

မြန်မာပြည်ကနေ သူနောက်ဆုံးပြန်လာအပြီးမှာလည်း ဖမ်းဆီးမှုသတင်းတွေကို ဆက်လက်ရရှိ နေသေးတယ်လို့လည်း ပြောသွားပါတယ်။

မစ္စတာ ပင်ညဲရိုးရဲ့ ပြောဆိုချက်တွေကို မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ် သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က လုံးဝငြင်းဆန်ခဲ့ပါတယ်။ မြန်မာပြည်ဟာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အခြေအနေကို ရောက်နေပါပြီလို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

“ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ စည်းဝေးခွင့်တွေအပေါ် ရိုသေလေးစားသောအားဖြင့် အခု အစီရင်ခံစာမှာ တင်ပြထားတာတွေကို ကျနောတို့ လုံး၀ ငြင်းဆိုလိုပါတယ်။ မြန်မာအစိုးရဟာ တကယ်တော့ ဥပဒေနဲ့အညီ၊ ငြိမ်းငြိမ်းချမ်းချမ်း အခုလို လွတ်လပ်စွာစည်းရုံး ပြောဆိုခွင့်တွေပေးထားပြီးသားပါ။”

မြန်မာစစ်အစိုးရဟာ အခုချိန်မှာ မေလ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးနဲ့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တကြိမ်လုပ်နိုင်ဖို့အတွက် ကြေညာထားပြီး တချိန်ထဲမှာဘဲ လုံခြုံရေးကို တင်းကျပ်ထားပြီး၊ ဖမ်းဆီးမှုတွေကိုနေ့စဉ် ပြုလုပ်နေဆဲပါ။ ဒါတွေကို စုံစမ်းလေ့လာဖို့အတွက် မစ္စတာ ပင်ညဲရိုးဟာ မကြာခင်မှာပဲ မြန်မာပြည်ကိုနောက်တကြိမ် ပြန်သွားဖို့စီစဉ်နေပါတယ်။ မြန်မာသံရုံးကလည်း ပြည်ဝင်ခွင့် ဗီဇာကို မစ္စတာ ပင်ညဲရိုးဆီ ပို့လိုက်ပြီးလို့ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG