သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လမ်းပြမြေပုံ သဘောတူညီချက် အပေါ် ချိုးဖေါက်မှုှတွေ ရှိနေ


အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုက စေလွှတ်တဲ့ ကိုယ်စားလှယ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းအသစ်တွေ စတင်ဆောင်ရွက် နေပါတယ်။ အခု အမေရိကန်ပြည်ထောင်စုက ခန့်အပ်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဟာ အစ္စရေးအတွက်ရော ပါလက်စတိုင်း အတွက်ပါ အထူး အရေးကြီးတဲ့အကြောင်း ဗီအိုအေ ဂျေယုဆလင် ဗျုရိုကနေ ရောဘတ် ဘာဂါ (Robert Berger) သတင်းပေးပို့ ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝီလျံ ဖရက်ဆာ (William Fraser ) ဟာ ဂျေယုဆလင်မှာရှိတဲ့ ဟော်တယ်တစ်ခုမှာ အစ္စရေးရော ပါလက်စတိုင်း အရာရှိတွေနဲ့ တွေ့ဆုံပါတယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝီလျံ ဖရက်ဆာဟာ ဟာ အမေရိကန်သမ္မတ ဘုရှ်က တာဝန် ပေးခန့်အပ်ထားသူပါ။ နိုင်ငံတကာက သဘောတူ ထောက်ခံထားတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာနိုင်ရေး ကြီးကြပ်ဖို့ တာဝန်ပေးထားတာပါ။ ဒီ ငြိမ်းချမ်းရေး အစီအစဉ်က ပါလက်စတိုင်းနယ်မြေ ထူထောင်နိုင်ရေး အခြေခံ စေ့စပ်ညှိနှိုင်းမှု ဖြစ်ပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝီလျံ ဖရက်ဆာနဲ့ တွေ့ဆုံတဲ့အချိန် ပါလက်စတိုင်းဘက်က
ဝန်ကြီးချုပ် ဆာလမ် ဖေးရက်ဒ် (Salam Fayyad) က ကိုယ်စားပြု အစည်းအဝေး တက်ရောက်ပါတယ်။ ဒါပေမယ့်လည်း အစ္စရေးဘက်ကတော့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်တဲ့ အာမော့စ် ဂီလက်ဒ် (Amos Gilad) ကိုပဲ လွှတ်ပြီး အဆင့်နိမ်တဲ့ ကိုယ်စားလှယ်ကိုပဲ စေလွှတ်ပါတယ်။

ဒီ အစည်းအဝေးဟာ ငြိမ်းချမ်ရေးအတွက် ရှေ့ဆက်ပြီး ဆောင်ရွက်နိုင်ဖို့နဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးကို ဦးတည်ဆောင်ရွက်တာပါလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ ဂီလက်ဒ်က ရေဒီယိုကနေ ပြောသွားတာပါ။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အေးဟွဒ် ဘားရက်ခ် (Ehud Barak) ဟာ ငြိမ်းချမ်းရေး လမ်းပြအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တင်းမာမှုတွေ ရှိနေတဲ့အတွက် အစည်းအဝေး မတက်တာဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မဟုတ်မမှန်တဲ့အကြောင်း ဂီလက်ဒ်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ သက်ဆိုင်ရာအဖွဲ့တွေက သူတို့ပေးထားတဲ့ ကတိတွေအတိုင်း မလိုက်နာခဲ့တဲ့ ကိစ္စရပ်တွေကို အဓိက ဦးတည် ဆွေးနွေးတယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာချက်ထုတ်ပြန်ပါတယ်။ ကြေညာချက်မှာ ဘယ်လို ချိုးဖေါက်မှုတွေ ရှိတယ်လို့ အကျယ်တဝင့် ရှင်းလင်း ဖော်ပြတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့်လည်း အစ္စရေးဘက်ကနေ ဂျေယုဆလင် အရှေ့ဘက် အခြေချ ဆောက်လုပ်နေတဲ့ လုပ်ငန်းတွေဟာ ငြိမ်းချမ်းရေး အစီအစဉ်ပါ သဘောတူညီချက်ကို ချိုးဖေါက်ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်စေတယ်ဆိုတဲ့ အကြောင်း အမေရိကန်ပြည်ထောင်စု ဘက်က ထုတ်ဖေါ်ပြောဆိုပါတယ်။

ပါလက်စတိုင်းဘက်ကလည်း ငြိမ်းချမ်းရေး လမ်းပြမြေပုံပါ သဘောတူညီချက်တွေကို ကတိပေးထားတဲ့အတိုင်း အကောင်အထည် ဖော်ဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေပါတယ်။ စစ်သွေးကြွတွေကို ပိုပြီး ထိန်းချုပ်ဟန့်တားနိုင်အောင် လုပ်ဖို့လည်း တိုက်တွန်းနေပါတယ်။

ပါလက်စတိုင်းဘက်က စမ်းစစ်လေ့လာသူ ဝါဒီ အာဘူ နက်ဆာ (Wadia Abu Nasser) က အစ္စရေးစစ်တပ်ဘက်က ကန့်သတ်ချက်တွေအတိုင်း စဉ်းစားပြီး ဝေဖန်နေတာက မျှတမှုမရှိဘူးလို့ ပြောပါတယ်။

“ပါလက်စတိုင်း အာဏာပိုင်တွေဘက်က လုံခြုံရေးကို အမြင့်ဆုံး အနေအထားအထိ အဖြစ်နိုင်ဆုံး ကြိုးစားဆောင်ရွက် ထားတယ်ဆိုတာ သံသယ မရှိပါဘူး။ ဒါပေမယ့်လည်း ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းကို တကယ်တမ်း ထိန်းချုပ်၊ အုပ်ချုပ်နေတာက အစ္စရေး စစ်တပ်ပါ။”

အစ္စရေးရဲ့ အခြေချ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို့ ပါလက်စတိုင်းဘက်က တောင်းဆိုတာကို အစ္စရေး ဘက်က ငြင်းပယ်နေပါတယ်။ ဂျေယုဆလင်နဲ့ ဂျော်ဒန်အနောက်ဘက် ကမ်းခြေဒေသတွေမှာ လုပ်ဆောင်ပိုင်ခွင့် သူတို့ဘက်က ရှိနေတယ်လို့ ပြောဆိုထားပါတယ်။ ဒီနေရာတွေဟာ ပါလက်စတိုင်းနဲ့ နောက်ဆုံး အဆင့် သဘောတူညီချက်ရတဲ့အထိ အစ္စရေးပိုင်နယ်အဖြစ် ဆက်ရှိနေမယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG