ဆန္ဒပြပွဲတွေကို အဂါင်္နေ့ နောက်ပိုင်းအထိ အလျှော့မပေးဘဲ ဆက်လုပ်နေမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ တရုတ်အာဏာပိုင်တွေက တိဗက်မှာ ဆန္ဒပြနေသူတွေကို သတိပေး လိုက်ပါတယ်။
သောကြာနေ့က လာဆာမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြား အနည်းဆုံး လူ ၃၀ သေဆုံး ခဲ့တယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် တိဗက် အဝေးရောက်အစိုးရအဖွဲ့က ပြောပါတယ်။ တိဗက်လူမျိုး ၁၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ တချို့သတင်းတွေမှာ ဖော်ပြပါတယ်။ တရုတ်အာဏာပိုင်တွေ ကတော့ သေဆုံးသူ ၁၀ ယောက်သာရှိတယ်လို့ ပြောပါတယ်။
ပြည်ပရောက် တိဘက်အစိုးရက တိဘက်နယ်မြေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ကြားဝင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။
ဘေဂျင်းမှာရှိတဲ့ အမေရိကန်သံရုံးက အမေရိကန်နိုင်ငံသားတွေကို တိဘက်နဲ့ တိဘက်လူမျိုးတွေ အနေများတဲ့နေရာတွေကို မသွားဖို့ သတိပေးလိုက်ပါတယ်။ တိဘက်မှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း ဆန္ဒပြပွဲတွေနဲ့ ဝေးဝေး နေပြီး ဖြစ်နိုင်ရင် အိမ်ထဲမှာနေဖို့ သတိပေးထားပါတယ်။
လာဆာမြို့တော်မှာ စနေနေ့က တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ အကြီးအကျယ်ချထားပြီး အခြေအနေဟာ အေးဆေးနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သောကြာနေ့ကဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့နှိုင်းစာရင် မနေ့က အနေအထားဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ သောကြာနေ့က လာဆာမြို့တွင်း မြို့လယ် နေရာ တော်တော်များများ မီးလောင်ပျက်စီးခဲ့ပါတယ်။
လာဆာမြို့တွင်း အဓိကနေရာတော်တော်များများမှာ လူတွေသွားလာခွင့် ပိတ်ပင်ထားပြီး မြို့ထဲမှာလည်း လူနည်းနည်းပဲ တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ပြည်ပရောက်အစိုးရအဖွဲ့ရှိတဲ့ အိန္ဒိယနိုင်ငံ ဒန်မာဆာလာကနေ တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက နှစ်ဖက်စလုံးက အကြမ်းဖက်မှုတွေ ရှောင်ရှားဖို့ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။