သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ကြွလှုပ်ရှားသူတွေ ဆက်လက်ဖမ်းဆီးခံနေရ


အခုရက်ပိုင်းအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ
တွေ၊ ကျောင်းသားလူငယ်တွေအပေါ် အဖမ်း
အဆီးတွေ ပိုစိတ်လာပါတယ်။ ပိုပြီး
တင်းကျပ်မှုတွေ ရှိလာတယ်လို့ ဆိုရမှာပါ။
မနေ့ကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြောရေး
ဆိုခွင့်ရှိသူ ကိုကျော်ကိုကိုနဲ့ အခြား
ကျောင်းသားတဦးတို့ ဖမ်းဆီးခံလိုက်ရပြန်ပါ
တယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။

မနေ့က မတ်လ ၁၆ ရက်နေ့ဟာ ၁၉၈၈ ခုနှစ်တုန်းက တံတားနီအရေးအခင်းနေ့ရယ်
လို့ ကျောင်းသားတွေအကြား အမှတ်ရကြတဲ့နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဗကသများ
အဖွဲ့ချုပ်က တိမ်းရှောင်လှုပ်ရှားနေကြတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို အာဏာ
ပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ဒီသတင်းကိုတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က အခုလိုရှင်းပြပါတယ်။

“မတ်လ ၁၆ ရက်နေ့၊ တံတားနီနေ့မှာ ဗကသက ကိုဉာဏ်လင်းအောင်ဆိုတဲ့ ကျောင်းသားလူငယ်တယောက် မနေ့က အဖမ်းခံလိုက်ရတယ်။ ဒီနေ့ ကျနော်တို့
ထပ်ကြားတာက မနေ့ကညမှာပဲ ဗကသကျောင်းသားခေါင်းဆောင် ကျော်ကိုကို အဖမ်း ခံလိုက်ရတယ်လို့ ကြားတယ်။”

သူတို့က လှုပ်ရှားမှုလုပ်နေရင်း အဖမ်းခံရတာလား၊ ဘယ်လိုကြားလဲခင်ဗျ။

“ကျော်ကိုကို ကိုတော့ သူနေတဲ့အိမ်မှာ ဖမ်းသွားတယ်လို့ကြားတယ်။ ကိုဉာဏ်လင်း
အောင်က လမ်းမှာဖမ်းတယ်လို့ပဲ ကျနော်တို့သိရတယ်။ လှုပ်ရှားမှုကတော့ ဗကသ ကျောင်းသားလူငယ်တွေက အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်နေတာကိုတော့
ကျနော်တို့သိရတယ်။ အခုလည်း သူတို့ မတရားတဲ့ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို
ဆန့်ကျင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေတာတော့ သေချာတယ်။”

အခုဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း Generation Wave ကလူငယ်တွေ အဖမ်းခံရ
တယ်။ အခု ဗကသကျောင်းသားတွေ အဖမ်းခံရတယ်။ အခု ဆက်လက်ဖမ်းဆီးမှုတွေ
က တော်တော် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့အခါကျတော့ နောက်ပိုင်းလှုပ်ရှားမှုတွေ
အတွက် လွယ်နိုင်ပါ့မလား၊ အခြေအနေက။

“ဒါကတော့ နအဖ၊ နဝတ စစ်အစိုးရတလျှောက်လုံးမှာ ဒီလိုပဲ ဖမ်းဆီးနှိပ်ကွပ်မှုတွေက
ရှိခဲ့တာပဲ။ ဒါပေမယ့် လှုပ်ရှားမှုတွေက ရပ်သွားတာမှ မဟုတ်တာ။ ဒီလိုပဲ နှိပ်ကွပ်လာခဲ့
တာ။ ဒါပေမယ့် ကျောင်းသားလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုက ဘယ်မှာရပ်သွားတာရှိလဲ။
အဲတော့ ဒီလိုအခြေအနေမျိုးနဲ့တော့ တိုင်းပြည်ကို ကောင်းအောင်လုပ်ဖို့ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးမတည်ငြိမ်မှုတွေက ပိုလို့တောင် အခြေအနေ ဆိုးပါတယ်ဗျာ။”

အခုအဖမ်းအဆီးတွေက စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်းမှာ တကျော့ အကြီး
အကျယ် ဖမ်းလိုက်ပါတယ်။ ဒီရက်ပိုင်းထဲမှာလည်း တော်တော့ကို အကြီးအကျယ်
ပြန်ဖမ်းတဲ့သဘော ဖြစ်နေတော့ ဘာလို့ဖမ်းတယ်လို့ ယူဆရလဲခင်ဗျ။

“လှုပ်ရှားမှုတွေက အချိန်မရွေး အများကြီးဖြစ်လာနိုင်ပါတယ်။ လူတွေကို တဖက်သတ်
ဖိနှိပ်ပြီး စစ်ကျွန်ပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့ကြိုးစားတာကို အထူး
သဖြင့် ကျောင်းသားလူငယ်တွေက ရှေ့တန်းကနေပြီး တွန်းလှန်သွားဖို့ အစီအစဉ်တွေ
ရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း သူတို့ အခုလို တွန်းလှန်ရခြင်းဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုတွေကို နအဖက လက်ဦးမှုရအောင်ယူပြီး နှိပ်ကွပ်တဲ့သဘောပါ။”

ကျောင်းသားလှုပ်ရှားမှုတွေဖြစ်လာမှာစိုးလို့ အာဏာပိုင်တွေဘက်က ဒီလိုနှိပ်ကွပ်မှု
တွေ လုပ်တယ်ဆိုတော့ ဒီဖြစ်ရပ်ကြောင့် ကျောင်းသားလှုပ်ရှားမှုတွေအတွက် ထိခိုက်
နိုင်ပါသလား။ ဗကသများအဖွဲ့ချုပ်ကို ဆက်ပြီးဦးဆောင်နေတဲ့ ကိုလင်းထက်နိုင်ကို မေးကြည့်ပါတယ်။

“ထိခိုက်မှုတော့ မရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့လုပ်အားက အားလုံး စုပေါင်းလုပ်ဆောင်မှုဆိုတော့ တဦးတယောက် ထိခိုက်သွားရုံနဲ့ ကျနော်တို့ ဘာမှမဖြစ်
ပါဘူး။ ဒီထိခိုက်မှုအတွက်၊ အဖမ်းခံရမှုအတွက် ကျနော်တို့ စိတ်မကောင်းဖြစ်တာ
တော့ အမှန်ပဲ။ ဒါပေမယ့် ကျနော်တို့လုပ်ရမယ့်အလုပ်တွေကတော့ ဒီတိုင်းပဲ
ဆက်သွားနေမှာပါ။”

အခုဖမ်းဆီးခံရတဲ့ ကိုကျော်ကိုကိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလှုပ်ရှားမှုမှာ ကျောင်းသား
တွေကို ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်တာကြောင့် ဒီနောက်ပိုင်းမှာ ရှောင်တိမ်းနေထိုင်
ရင်း လှုပ်ရှားနေရသူပါ။ သူ့ကို အကြိမ်ကြိမ် အာဏာပိုင်တွေဘက်က ဖမ်းဆီးနိုင်ဖို့
ဖြစ်ခဲ့ပေမယ့် အခုနောက်ဆုံး မနေ့ကတော့ ဖမ်းမိသွားခဲ့ပါတယ်။ သူအပါအဝင်
ဒီရက်ပိုင်းထဲမှာကို အဓိကလှုပ်ရှားမှု လူငယ်ကျောင်းသားခေါင်းဆောင် အနည်းဆုံး
၁၀ ယောက်လောက်ကို ဖမ်းဆီးမှုတွေဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့
အပတ်ကပဲ Generation Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးက ဦးဆောင်သူ
တဦးဖြစ်တဲ့ ကိုကျော်ကျော် ခေါ် ဟစ်ပ်ဟော့အဆိုတော် အက်ဆစ်အဖွဲ့က ကိုဇေယျာ
သော်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အခု ဒီလူငယ်တွေကို ဘယ်မှာထားပြီး စစ်ဆေး မေးမြန်းနေသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG