ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝပ်
(Samak Sundaravej) မြန်မာနိုင်ငံခရီးစဉ်
အပြီး မြန်မာစစ်ခေါင်းဆောင်တွေရဲ့ တိုင်းပြည်အုပ်ချုပ်နေတာတွေကို ချီးကျူး ပြောဆိုလိုက်တဲ့အပေါ် ထိုင်း-မြန်မာ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်ပြောဆိုလိုက်ကြပါ
တယ်။ ဒါဟာ စီးပွားရေးအကျိုးအမြတ်
အတွက် ရေတိုကြည့်ပြီး ပြောဆိုလိုက်တာ
သာဖြစ်တယ်လို့ ပြောဆိုလိုက်ကြတာပါ။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝပ်က မြန်မာစစ်ခေါင်းဆောင်တွေဟာ ဘာသာ
တရားကိုင်းရှိုင်းပြီး တိုင်းပြည်ကို စည်းကမ်း
တကျ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အုပ်ချုပ် နေသူတွေဖြစ်တယ်၊ အနောက်နိုင်ငံတွေရဲ့
ဝေဖန်မှုတွေဟာ ဒင်္ဂါးပြားတပြားရဲ့ ဘက်နှစ်ဘက်စလုံးကိုမကြည့်ဘဲ ပြောနေတာဖြစ်တယ်ဆိုပြီး သူ့ရဲ့ နေ့ချင်းပြန်ခရီးစဉ်
အပြီး ၂ ရက်အကြာမှာ အခုလို ပြောဆိုလိုက်တာပါ။ ထိုင်းဝန်ကြီးချုပ်ရဲ့ အခုခရီးစဉ်
အတွင်းမှာ အချေအတင်ဖြစ်နေတဲ့ ထိုင်းနိုင်ငံ Export Import (EXIM) ဘဏ်က
မြန်မာစစ်အစိုးရကို ငွေချေးထားတာကို ဆက်ပြီးသက်တမ်းတိုးပေးဖို့၊ နောက်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်
ပြောဆိုနေတဲ့ သံလွင်မြစ်ပေါ်မှာ နှစ်နိုင်ငံပူးပေါင်းပြီး ရေအားလျှပ်စစ်ထုတ်လုပ်ပေး
မယ့် ရေကာတာတခုဆောက်လုပ်ဖို့ စတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကိစ္စတွေနဲ့
ပတ်သက်လို့ သဘောတူညီမှုတွေ ရခဲ့ကြတာပါ။ ဒါကြောင့်လည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို စောင့်ကြည့်လေ့လာနေသူတွေက ဒီခရီးစဉ်ကို စီးပွားရေးရှေ့တန်းတင်
တဲ့ လုပ်ရပ်အဖြစ်သာ ရှုမြင်ကြတာပါ။
“ဝန်ကြီးချုပ် မစ္စတာဆမတ်ရဲ့ ခရီးစဉ်မှာ ထိုင်းနိုင်ငံကချေးငွေနဲ့ပတ်သက်လို့ ရပ်တည်
ချက်ကို ကြည့်မယ်ဆိုရင် ဒါဟာ စီးပွားရေးအကျိုးအမြတ်တွေကို အရာအားလုံးထက် ရှေ့တန်းတင်ထားတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။ တကယ်တော့ မစ္စတာ
ဆမတ် အစိုးရရော၊ ထိုင်းနိုင်ငံက နိုင်ငံရေးပါတီတွေကရော မြန်မာနိုင်ငံက ဒီမိုကရေစီ
ရေးကို ဂရုမစိုက်ကြပါဘူး။ သူတို့ တကယ်တမ်း ဂရုစိုက်တာကတော့ မြန်မာနိုင်ငံက ထိပ်တန်းကြီးကြီးပိုင်းထဲကလူတွေကို တွေ့မယ်၊ နောက်ပြီးတော့ ရေအားလျှပ်စစ်ထုတ်
လုပ်ရေး ရေကာတာဆောက်ဖို့၊ နှစ်နိုင်ငံကြား စီးပွားရေးလုပ်ဖို့ စတဲ့ ထိုင်းနိုင်ငံအကျိုး စီးပွားကိစ္စတွေကို သဘောတူနိုင်မယ့် ပုဂ္ဂိုလ်တွေနဲ့ပဲ တွေ့ချင်ကြတာပါ။ ဒါကြောင့်
လည်း ထိုင်းအစိုးရဆီက ဘာမှ မျှော်လင့်နိုင်စရာမရှိပါဘူး။”
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ Human Rights Watch – Asia ရဲ့ ထိုင်း
နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခွန် ဆွန်နိုင်ဖာဆွတ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက တတိယအကြီးဆုံး
ဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပမာဏဟာလည်း
ဒေါ်လာ ၁.၃၄ ဘီလီယံအထိ ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဌာနက တွက်ချက်ထားတာပါ။ ဒီလိုအခြေအနေမှာ ထိုင်း-မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေ
မှာ စီးပွားရေးကိုသာ ရှေ့တန်းတင်တဲ့လုပ်ရပ်အဖြစ် သုံးသပ်သူ နောက်တဦးကတော့
မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းပါ။
“အဓိကတော့ လက်ရှိထိုင်းအစိုးရအနေနဲ့ စီးပွားရေးကိုပဲ အဓိကထားပြီး အခြေခံတဲ့ နိုင်ငံခြားရေးပေါ်လစီ လုပ်သွားမယ်ဆိုတာကို သက်သေပြတာဖြစ်ပါတယ်။ စီးပွားရေး ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့အတွက်၊ လက်ရှိဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်ဆံရေး
ကောင်းဖို့အတွက် အခုလိုမျိုး ချီးကျူးပေးတာမျိုးတွေ လုပ်တာဖြစ်ပါတယ်။ ရေရှည်
အတွက်တော့ စီးပွားရေးအကျိုးအမြတ်တွေက မတည်ငြိမ်နိုင်ဘူးပေါ့။ ဒါပေမယ့် ရေတို
လက်ရှိဝန်ကြီးချုပ် ဆမတ် အုပ်ချုပ်မယ့် နောက် လေးနှစ်ငါးနှစ်ကာလအတွင်း ရေတို
ကိုပဲ ရည်မှန်းပြီးတော့ လက်ရှိ ရေတိုအကျိုးစီးပွားရရှိရေးအတွက်ကိုပဲ သူမျှော်လင့်
ထားပုံရပါတယ်။ အဲဒီအခါကျတော့ ရေရှည်မှာ တည်ငြိမ်မှုတွေအတွက် စဉ်းစားတာ
နည်းတယ်လို့ ပြောရမှာပေါ့။”
ဒီလို ထိုင်းဝန်ကြီးချုပ်က နေ့ချင်းပြန် အချိန်တိုအတွင်းသွားခဲ့ပြီး လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရအပေါ် ချီးမွမ်းစကားတွေ ရွှမ်းရွှမ်း
ဝေအောင် ပြောဆိုရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗုဒ္ဓဘာသာဝင်ကောင်း
တယောက်ဖြစ်တယ်၊ နေ့စဉ်နေ့တိုင်း တရားမှန်မှန်ထိုင်တယ်၊ ဘုရားမှန်မှန်ရှိခိုးတယ်
စသဖြင့် ရည်ညွှန်းပြောဆိုသွားတာပါ။ ဒီလိုပြောဆိုချက်တွေအပေါ် ခွန်ဆွန်နိုင်ကတော့
အခုလို မှတ်ချက်ပေး ဝေဖန်လိုက်ပါတယ်။
“သူတရက်သွားပြီး ပြန်လည်းရောက်ရော မြန်မာစစ်အစိုးရဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုပြီး အဆုံးသတ် မှတ်ချက်ပေးလိုက်ပါတယ်။ ဒါဟာဆိုရင် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို မြန်မာစစ်တပ်က သတ်ဖြတ်ပြီး လအနည်းငယ်အကြာမှာ ဒီလိုပြော
လိုက်တာပါ။ မစ္စတာဆမတ်က နောက်ပြီးတော့ စစ်ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာ
ဝင် ကောင်းတွေဖြစ်တယ်လို့ ချီးကျူးပါသေးတယ်။ သူတို့တတွေဟာ ဗုဒ္ဓဘာသာဝင်
တွေမဟုတ်ဘူး၊ လူသတ်သမားတွေပါ။”
ထိုင်းအစိုးရသစ်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရပ်တည်ချက်တွေဟာ ပိုပြီးထင်သာ
မြင်သာ ရှိလာတယ်၊ မကြာသေးခင်ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပိုဒွန် ပထမ
(Noppadon Pattama) ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ ပြည်တွင်းရေး
ကိစ္စသာ ဖြစ်တယ်ဆိုပြီး အတိအလင်းပြောဆိုလိုက်တာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး
တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ကိစ္စမှာ ထိုင်းနိုင်ငံက အလေးမထားကြောင်း ပြသနေတာလို့
လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ Human Rights Watch – Asia ရဲ့ ထိုင်းနိုင်ငံဆိုင်ရာကိုယ်စားလှယ် ခွန်ဆွန်နိုင်က ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ သောကြာနေ့ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပြီး သံလွင်မြစ်ပေါ်က မီဂါဝပ် ၇,၁၁၀ ထုတ်လုပ်ပေးမယ့် တန့်ဆန်းရေကာတာတည်ဆောက်ရေး ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီမှု အပါ
အဝင် တခြားစီးပွားရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။