သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းအုပ်ချုပ်ပုံ ဆန္ဒခံယူပွဲ ဆန့်ကျင်လိုသူများအကြား အမြင်ကွဲ


မြန်မာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံဆန္ဒခံယူပွဲကို ကျင်းပမယ်လို့ အစိုးရက ကြေညာပြီးတဲ့နောက် ပြည်တွင်းပြည်ပမှာ မတူတဲ့ အမြင်အမျိုးမျိုးဖြစ်ပေါ်နေခဲ့ပါတယ်။ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာအချို့ရဲ့ အမြင်ကို ဦးတင်မောင်သန်းက တင်ပြပေးပါမယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြည်သူ့ ဆန္ဒခံယူပွဲ နဲ့ ပတ်သက်ပြီး၊ ပြည်ပရောက် မြန်မာတွေ အတွင်း မှာ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ ယေဘူယျအားဖြင့်တော့ အခြေခံ ဥပဒေ ကို ဆန့်ကျင်ရာမှာ ဘယ်လို ဆန့်ကျင်ကြမလဲ ဆိုတဲ့ သဘောထား မှာ ကွဲပြားကြတာပါ။ ပြည်ပမှာတော့ ထောက်ခံမဲ ပေးရမယ် လို့ လူသိရှင်ကြား ပြောချင်သူ က တော်တော့် ကို ရှားပါတယ်။

ဘာကြောင့် ဖွဲ့စည်းပုံ ကို လက်မခံ နိုင်ကြောင်း ကို စင်္ကာပူ က မမိုးမို က ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“အစိုးရက ရေးဆွဲတဲ့ အခြေခံဥပဒေကို လက်မခံသင့်ဘူး။ ဒီအစိုးရကလည်း တကယ် ရေးဆွဲခွင့်ရှိတဲ့သူ မဟုတ်ဘူး။ ရေးဆွဲထားတဲ့ အခြေခံဥပဒေကလည်း တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တဲ့အတွက်ကြောင့် လက်မခံနိုင်စရာ အချက်တွေက အများကြီးပါပါတယ်။”

အဲသလို တရားဝင်မှု နဲ့ အခြေခံ ဥပဒေ မှာ ပါဝင်တဲ့ အကြောင်းအရာတွေ ကို ကြည့်မြင်ရာမှာ မမိုးမိုးရဲ့ မျှော်လင့်ချက်ကတော့ မြန်မာနိုင်ငံ ကို ဒီမိုကရေစီ စစ်စစ် နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်တာပါပဲ။

“ဒီမိုကရေစီ စစ်စစ်ဖြစ်တဲ့ နိုင်ငံတနိုင်ငံကို ထူထောင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်တဲ့အတွက်ကြောင့် ဒီအခြေခံဥပဒေကို ဆန့်ကျင်ကြဖို့ ကျမတို့က သဘောတူတယ်ပေါ့။”

အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် က ကို ငြိမ်းချမ်း ကလည်း စင်္ကာပူ က မမိုးမိုး သဘောထား အတိုင်းပါပဲ။ မဲရုံ ကို သွား ကန့်ကွက်မဲ ပေးသင့်တယ်လို့ အခုလို ဗွီအိုအေ ကို ပြောပြပါတယ်။

“လိမ်တာ မလိမ်တာက သူတို့သမိုင်း။ သွားရမယ်။ ကန့်ကွက်မဲထည့်ရမယ်ဆိုတာက ပြည်သူ့ဆန္ဒဆိုတာ ဒါပဲဆိုတာကို ပြရမယ်။ မဲပေးသင့်တယ်။ ကန့်ကွက်မဲပေးရမယ်။”

ဒါပေမဲ့ မမိုးမိုးကတော့ ကို ငြိမ်းချမ်း လို မဟုတ်ဘဲ၊ ဆန္ဒခံယူပွဲ ကို သပိတ်မှောက်မလား၊ မဲသွားပေး ကန့်ကွက်မလား အခု အချိန်မှာ မဆုံးဖြတ်ချင်သေးပါဘူး။ ဆန္ဒခံယူပွဲ ကို ဘယ်လိုသတ်မှတ်ချက် နဲ့ အတည်ပြုမလဲ ဆိုတဲ့ ဆန္ဒခံယူပွဲ နည်းဥပဒေတစ်ရပ် အစိုးရ က ထုတ်ပြန်တာ ကို ကြည့်ချင်ပါတယ်။

“မဲသွားပေးသူရဲ့ ၅၀ရာခိုင်နှုန်းအထက်ရမှာသာ အခြေခံဥပဒေကို အတည်ပြုရမလား။ ဒါမှ မဟုတ်ရင် စုစုပေါင်း မဲပေးနိုင်ခွင့်ရှိသူဦးရေရဲ့ ၅၀ရာခိုင်နှုန်းအထက်ကို ရမှာသာ အခြေခံဥပဒေကို အတည်ပြုမလားဆိုတဲ့ ကိစ္စကို အစိုးရအနေနဲ့ ဟာကွက်တခု လုပ်ထားတယ်လို့ ကျမက ထင်ပါတယ်။”

ပင်ဆယ်ဗေးနီးယား ပြည်နယ် က ကို ကျော်ရွှေ ကတော့ ကန့်ကွက်မဲ ပေးရမှာ ကို သဘောတူပေမဲ့ ဆန္ဒပြပွဲတွေ ဖြစ်ဖို့ ကတော့ မြန်မာ နိုင်ငံ ရဲ့ အခြေအနေ နဲ့ မကိုက်တော့ကြောင်း ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ တနိုင်ငံလုံး ကန့်ကွက်မဲ ပေးဖို့ပဲရှိပါတယ်။ ဆန့်ကျင်ဆန္ဒပြတာက မြန်မာနိုင်ငံရဲ့ အခြေအနေအရ၊ မြန်မာ့နိုင်ငံရေးနဲ့ မကိုက်ညီတော့ဘူးလို့ ထင်တယ်လေ။”

ဒါပေမဲ့ ကာလီဖိုးနီးယား ပြည်နယ် က ကို ထွန်းထွန်း ကတော့ သပိတ်မှောက်မှောက်၊ ကန့်ကွက်မဲ ပေးပေး န၊အ၊ဖ အစိုးရ ဖြစ်အောင်လုပ်လိမ့်မယ် လို့ ထင်မြင်ပြီး၊ ပြည်ပရောက် မြန်မာတွေ ဟာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို စွဲကိုင်ရပ်တည်သင့်တယ်လို့ ဟောဒီလို ပြောခဲ့ပါတယ်။

“No Vote ပေးတာနဲ့ မဲမပေးဘူးဆိုတာက သိပ်ထူးခြားမှာ မဟုတ်ဘူး။ သူတို့က ဒီဟာကို အတင်းအဓ္ဓမနဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတာက သေခြာပါတယ်။ ကျွန်တော်တို့မှာက Constitution ရှိတာပဲ။ ၁၉၄၉ constitution ရှိပြီးသားပဲ။ အဲဒါကို ပြုပြင်စရာရှိရင် ပြုပြင်ပေါ့။ ပြုပြင်လို့ ရတာပဲ။ ကျွန်တော်ပြောချင်တာက နိုင်ငံတကာမှာ ရောက်နေတဲ့ အဖွဲ့အစည်းတွေက သူတို့က Road Map ဆိုရင် road map။ constitution ဆိုရင် constitution။ အဲဒီနောက်ကို မလိုက်သင့်ဘူး။ ကျွန်တော်တို့မှာ ရှိသမျှကို ကျွန်တော်တို့ ခုခံထားသင့်တယ်။ တိုင်းပြည်က ရွေးချယ်တင်မြောက်ထားတဲ့ NLD ပါတီကိုလည်း ပြစ်ပယ်မထားသင့်ဘူး။ အဲဒါကြောင့် No Vote ပေးတာရော။ မဲသွားမပေးတာရော ကျွန်တော်က ဘယ်သူမှ အားမပေးဘူး။”

အလားတူပဲ၊ ကိုငြိမ်းချမ်း ကလည်း စစ်အစိုးရ က ဆန္ဒခံယူပွဲ ကို အဓမ္မ လုပ်ဆောင်လိမ့်မယ်လို့ ထင်မြင်ပြီး၊ မြန်မာ နိုင်ငံ ရဲ့ ရှေ့ရေးအတွက် စိတ်ပူပန်မိတဲ့ အကြောင်း ကို ဗွီအိုအေ ကို အခုလို ပြောကြားသွားပါတယ် ခင်ဗျာ။

“သူတို့ ဒါကြီးကို မကျေနပ်တဲ့ကြားထဲက အတင်းအဓ္ဓမဖြစ်အောင် အတည်ပြုမယ်ဆိုရင် ဒီလိုနည်းနဲ့ နိုင်ငံရေး ပြဿနာပြေလည်မှာ မဟုတ်ဘူး။ အတည်ပြုလိုက်ပြီးခဲ့ရင်လည်း မရိုးမသားမှုနဲ့ ပဲ ဖြစ်ဖြစ် အတည်ပြုလိုက်ရင်လည်း မကျေနပ်တဲ့ သူတွေရဲ့ ရင်ထဲမှာ ကျန်နေမဲ့ မကျေနပ်မဲ့ စိတ်ကြီးက တသက်သက်လုံးသွားမှာနော်။ အဲဒီ စိတ်ကြီးတွေ လူတိုင်းရဲ့စိတ်ထဲမှာ တိုင်းပြည်တခုဟာ ဘယ်တော့မှ အေးချမ်းမှုလည်း ရမှာ မဟုတ်ဘူး။ ဘယ်တော့မှ ညီညွတ်မျှတမှု စည်းလုံးမှုလည်း ရမှာ မဟုတ်ဘူး။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG