သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တိဗက်မှ အိမ်နီးချင်းဒေသများသို့ ပျံ့နှံ့


တရုတ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်တဲ့ တိဗက်ဆန္ဒပြပွဲဟာ အိမ်နီးချင်းနယ်တွေကိုပါ ပျံ့နှံ့သွားပြီဖြစ်ပါတယ်။ တချိန်ထဲမှာပဲ တိဗက်တို့ရဲ့ ပြည်ပရောက် ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းခြင်း မလုပ်ကြဖို့ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတွေ၊ သတင်းစာတွေရဲ့ ရေးသားချက်တွေကို ဦးကျော်ဇံသာက ကောက်နုတ်အစီရင်ခံပါမယ်။

တရုတ်အုပ်ချုပ်ရေး ဆန့်ကျင်မှုတွေဟာ တရုတ်အာဏာပိုင်တို့ နှိပ်ကွက်နေတဲ့ကြားထဲက အိမ်နီးချင်း ဇီးချွမ်၊ ဂျိမ်းဟိုင်နဲ့ ဂန်စုတွေကို ပျံ့နှံ့သွားတာဖြစ်ပြီး အာဏာပိုင်တို့ လုံခြုံရေးကို အကြီးအကျယ် ချထား နေရပါတယ်။ ဒါပေမဲ့ ဆန့်ကျင်သူတွေဟာ လုံခြုံရေးတွေရဲ့ အမိန့်ကို ဖီဆန်ပြီး၊ ဆန့်ကျင် ချီတက်တာတွေ၊ အမွှေးတိုင်တွေ ထွန်းညှိဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံခြား သတင်းထောက်တွေကို လုံခြုံရေးအတွက် ဒီဒေသတွေကနေ ထွက်ခွာသွားကြဖို့ ညွှန်ကြားခဲ့တယ်လို့ အေပီ သတင်းဌာနက ဆိုပါတယ်။ တချိန်တည်းမှာပဲ တိဗက်ဒေသ လာဆာ မြို့တော်မှာတော့ တရုတ် ဆန့်ကျင်ရေးကို ရပ်တန်းက ရပ်ဖို့ အချိန်သတ်မှတ်ပေးထားတဲ့ တနင်္လာနေ့ည သန်းခေါင်ယံ အချိန်နီးကပ်လာတဲ့နဲ့ အမျှ အဆောက်အဦတွေကို ရဲတွေ ဝင်ရောက် စီးနင်း ရှာဖွေနေခဲ့ကြပါတယ်။ ဆန့်ကျင် ကန့်ကွက်မှုတွေကို မရပ်တန့်ရင် ပြင်းထန်တဲ့ ပြစ်ဒဏ် ခတ်မှုတွေနဲ့ ရင်ဆိုင် ကြရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

အိန္ဒိယဖက်မှာ ရှိနေတဲ့ ဒလိုင်းလားမားကတော့ တိဗက်ဒေသ လာဆာမြို့တော်မှာ ဆန္ဒပြသူတွေ အပေါ် တရုတ်တို့ရဲ့ နှိပ်ကွက်မှုတွေကို နိုင်ငံတကာ စုံစမ်းမှုတရပ် ပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ တရုတ်အစိုးရ မီဒီယာတွေမှာ သေဆုံးသူ အရပ်သား လေးဦးရှိတယ်လို့ ဆိုပေမယ့် အဝေးရောက် တိဗက် အစိုးရကတော့ အနည်းဆုံး (၈၀)ကျော် သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိဗက်ဒေသကို တရုတ်လူမျိုးတွေ အများအပြား ပြောင်းရွေ့ နေထိုင်ကြတာတွေ၊ ဗုဒ္ဓဘာသာ ကိုးကွယ် ဆည်းကပ်မှု ပိတ်ပင်နေတာတွေဟာ တိဗက်ယဉ်ကျေးမှုကို ချုပ်ငြိမ်းပပျောက်အောင် လုပ်နေတာဖြစ်တယ်လို့လည်း ဒလိုင်းလားမားက ဆိုပါတယ်။ တိဗက်ဒေသတွင်းမှာ ရှိနေတဲ့ သူ့ရဲ့ လူထုကို တရုတ်အာဏာပိုင်တွေဆီမှာ လက်မြှောက် အညံ့ခံဖို့ မိမိအနေနဲ့ ညွှန်ကြားလိမ့်မယ် မဟုတ်ဘူးလို့လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။ ဒီအချိန်မှာ သူ့အနေနဲ့ ဘာမှ မတတ်နိုင်တဲ့အတွက် စိတ်ထိခိုက်ပြီး အကူအညီကင်းမဲ့သလို ခံစားနေရတယ်လို့လည်း ဒလိုင်းလားမားက ဆိုပါတယ်။

တရုတ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အနေနဲ့ လာဆာမြို့တော်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးဟာ သူတို့ကို သူတို့ မီးလျှို့ ဆန္ဒပြခဲ့ကြတယ်လို့ အဝေးရောက် တိဗက်တွေက ပြောနေပေမယ့် လွတ်လပ်တဲ့အတည်ပြုချက်တော့ မရရှိသေးပါဘူး။ တိဗက် အိမ်နီးချင်း ဇီချွမ်နယ်မှာ လူပေါင်း (၂၀၀) လောက်ရှိတဲ့ ဆန္ဒပြသမားတစုက ရဲစခန်းတခုကို မီးတင်ရှို့ခဲ့ကြတယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။ မျက်မြင်သက်သေတဦးက ရဲအရာရှိ တဦးသေဆုံးတယ်လို့ ဆိုပါတယ်။ တိဗက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဌာနကတော့ အဲဒီမှာ တိဗက်ဆန္ဒပြသမားအနည်းဆုံး (၇)ဦး သေဆုံးခဲ့ရ တယ်လို့ ဆိုပါတယ်။ တိဗက် အဝေးရောက်အစိုးရ အကြီးအကဲလည်းဖြစ်၊ ဘာသာရေး ခေါင်းဆောင် လဲဖြစ်သူ ဒလိုင်းလားမားက ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်ကို ထောက်ခံပြောကြားပြီး အကြမ်းဖက်မှု ဆိုတာ သေကြောင်း ကြံစည်တဲ့လုပ်ရပ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်တို့ဟာ သွေးကြောင်းစီး အုပ်ချုပ်ရေးကို ဖော်ဆောင်နေတယ်လို့ လည်း ပြောကြား လိုက်ပါတယ်။ ဒါပေမဲ့ ဒလိုင်းလားမားက တရုတ်နိုင်ငံကို ဒီနှစ်မှာ အိုလံပစ်ပွဲတော် လက်ခံကျင်းပခွင့် ပြုသင့်တယ်လို့ ဆိုပါတယ်။

တရုတ်တို့ဟာ တိဗက်ဒေသကို ၁၉၅၁ခုနှစ်က စပြီး ဝင်ရောက်ထိန်းချုပ် အုပ်စိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို တရုတ်အုပ်စိုးမှုကို ဆန့်ကျင်အုံကြွမှုတရပ်ကျဆုံးပြီး၊ ၁၉၅၉ခုနှစ်မှာ ဒလိုင်းလားမားနဲ့ ထောင်ချီတဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ အိန္ဒိယနိုင်ငံထဲကို ပြေးဝင်ခဲ့ရပါတယ်။ ဒလိုင်းလားမားက တိဗက်ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရမယ်လို့ ဆိုပါတယ်။ တရုတ်တို့ကတော့ ဒလိုင်းလားမားဟာ ခွဲထွက်ရေး ကြိုးပမ်းနေတာဖြစ်တယ်လို့ စွပ်စွဲနေကြပါရဲ့။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG