သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့ ကလေးစစ်သား အသုံးပြုမှု အိုင်အယ်လ်အို မီးမောင်းထိုးပြ


ပြီးခဲ့တဲ့နှစ် စက်တင်ဘာနောက်ပိုင်းကစပြီး မြန်မာနိုင်ငံတွင်းမှာ စစ်တပ်နဲ့ဆက်နွယ်တဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ကလေး
စစ်သား အသုံးပြုမှုတွေအပေါ် တိုင်ကြားမှု
တွေ ပိုမိုလက်ခံရရှိလာတယ်လို့ အိုင်အယ်လ်
အို အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို အခုလုပ်နေတဲ့ အိုင်အယ်လ်
အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကို တင်ပြ လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်း
အဝေးကို အခု မတ်လ ၆ ရက်နေ့ကစလို့ ကျင်းပနေပြီး လာမယ့် ကြာသပတေးနေ့
ကျရင်တော့ မြန်မာနိုင်ငံကိစ္စသက်သက် အသေးစိတ်ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ဒီကြားထဲမှာပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အိုင်အယ်လ်အိုကိုယ်စားလှယ်ဘက်က အစီ
ရင်ခံစာ၊ အိုင်အယ်လ်အို အလုပ်သမားသမဂ္ဂတွေဘက်က အစီရင်ခံစာတွေကို တင်ပြ ဆွေးနွေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အိုင်အယ်လ်အို ကိုယ်စားလှယ်အဖွဲ့ရဲ့ အစီရင်ခံစာကို အဓိကတင်ပြသူကတော့ အိုင်အယ်လ်အိုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး
တဦးဖြစ်တဲ့ မစ္စတာ ကယ်ရီတယ်ပီယိုလာ (Kari Tapiola) ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့
ဖေဖော်ဝါရီလတုန်းက အိုင်အယ်လ်အို ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံ
ကို သွားရောက်ခဲ့သူပါ။

“အခုအစီရင်ခံစာကတော့ မြန်မာအစိုးရနဲ့ အိုင်အယ်လ်အိုအကြား စမ်းသပ်ကာလ
အဖြစ် ချုပ်ဆိုထားတဲ့ ထပ်ဆင့်နားလည်မှုစာချွန်လွှာအတိုင်း ပြီးခဲ့တဲ့တနှစ်အတွင်း ဘယ်လောက်အထိ အလုပ်ဖြစ်ခဲ့သလဲဆိုတာကို အနှစ်ချုပ်ဖော်ပြထားတာပါ။ ဒီထဲမှာ
အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုအချို့နဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ၊ နောက်
ပြီးတော့ ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်နဲ့ နေပြည်တော်ကို ကျနော် ဦးဆောင်တဲ့
အိုင်အယ်လ်အိုကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တာတွေနဲ့ပတ်သက်လို့ ရှင်းလင်း တင်ပြထားပါတယ်။” လို့ မစ္စတာ ကယ်ရီတယ်ပီယိုလာက ရှင်းပြခဲ့တာပါ။

အခု အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကနေ ဒီအစီရင်ခံစာတွေကို သုံးသပ်ဆွေးနွေးမယ်
ဆိုတော့ ဒီကနေ ဘာလိုရလဒ်တွေများ မျှော်လင့်ထားသလဲလို့ မေးကြည့်တော့ …

“အခု အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကနေ ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားချက် ထုတ်ပြန်ပေးမယ့် အနေအထားရှိပါတယ်။ ဒါပေမယ့် အစည်းအဝေးက အခုမှ စရုံဆို
တော့ ဘာရလဒ်လဲဆိုတာကိုတော့ မျှော်လင့်လို့မရသေးပါဘူး။” လို့ သူက ဖြေခဲ့ပါ
တယ်။

အိုင်အယ်လ်အိုအနေနဲ့ မြန်မာနိုင်ငံက အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု အမှုတွေနဲ့
ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံးနဲ့ ကုလသမဂ္ဂ နိုင်ငံတကာခုံရုံးတို့ကို လွဲှပြောင်းသွားမယ်ဆိုတဲ့ အရင်သတင်းတွေလည်း ကြားရပါတယ်။ ဒီအခြေအနေက
ရော ဘယ်လောက်အထိ ထူးခြားမှုရှိပါသလဲလို့ မေးကြည့်ပါတယ်။

“ဒါနဲ့ပတ်သက်လို့ မကြာသေးခင်ကမှ ဆွေးနွေးပြောဆိုလာခဲ့ကြတာပါ။ ဒီကိစ္စကိုလည်း ပြောဆိုဆွေးနွေးနိုင်ချေ ရှိပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ အသေးစိတ် ရှင်းရှင်း
လင်းလင်း တင်ပြအဆိုပြုတာတွေတော့ မရှိသေးပါဘူး။” လို့ မစ္စတာ ကယ်ရီတယ်ပီ
ယိုလာက ရှင်းပြခဲ့ပါတယ်။

အခု မစ္စတာ ကယ်ရီတယ်ပီယိုလာတင်ပြတဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေဟာ စိုးရိမ်စရာအခြေအနေ ရှိနေတုန်းပဲလို့
ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာနောက်ပိုင်းမှာတော့ စစ်တပ်နဲ့ပတ်သက်တဲ့
ကိစ္စတွေ၊ အသက်မပြည့်သူတွေကို စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းတာတွေ ပိုများလာတယ်လို့လည်း ရေးသားထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့
အစည်းအဝေးကနေ အခုအချိန်အထိဆိုရင် နောက်ထပ် တိုင်ကြားမှုအသစ် ၂၁ ခု
ထပ်ပြီးရရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာ
နိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) က အထွေထွေအတွင်းရေးမှူး
ဦးမောင်မောင်ကို ကျနော် ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

“ဒီအစီရင်ခံစာကို ရေးတဲ့နောက်မှာတော့ ရန်ကုန်မှာရှိတဲ့ ရုံးကနေပြီးတော့ တင်တဲ့
အတွက် တကယ်မှန်ကန်တဲ့အဖြစ်အပျက်တွေကို တင်တာလို့ ပြောချင်ပါတယ်။”

နောက်တချက်က မြန်မာအစိုးရနဲ့ အိုင်အယ်လ်အိုနဲ့ ချုပ်ဆိုထားတဲ့ ထပ်ဆင့်နားလည်မှု
စာချွန်လွှာက အခုဆိုရင် တနှစ်ပြည့်သွားပါပြီ။ ဒီကိစ္စကရော ဘယ်လောက်အထိ အောင်မြင်မှုရတယ်လို့ ပြောနိုင်မလဲ။

“ဒီလို အစီရင်ခံစာထဲမှာ အဓမ္မလုပ်အားပေးမှုတွေ များလာတယ်၊ ပိုပြီးတော့ စိုးရိမ်စရာ အခြေအနေရှိတယ်ဆိုတာ တင်ပြနိုင်ခဲ့တာ ရန်ကုန်မှာ ရုံးရှိတဲ့အတွက် ဖြစ်ပါတယ်။ အဓမ္မလုပ်အားပေးမှုတွေ လုံးဝပပျောက်သွားတာ မဟုတ်ပေမယ့် အစီရင်ခံစာတင်နိုင်
တယ်၊ စမ်းသပ်ကာလထားခြင်းဟာ မှန်ကန်တယ်၊ သို့သော် လုပ်ငန်းအားဖြင့် ရည်ရွယ်
ချက်ဖြစ်တဲ့ အဓမ္မလုပ်အားခိုင်းစေမှုကတော့ မပပျောက်သေးဘူး။ ဆက်လက်ပြီး တိုးချဲ့ဖို့လိုတယ်ဆိုတာကိုတော့ ကျနော်ပြောနိုင်ပါတယ်။”

အခု အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကို လာမယ့်ကြာသပတေးနေ့မှာ ကျင်းပမယ်လို့
သိရပါတယ်။ နောက်ထပ် အိုင်အယ်လ်အိုအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူ ကိုင်တွယ်မှုတွေက ဘယ်လောက်အတိုင်းအတာအထိ ရှိလာနိုင်တယ်လို့ ဦးမောင်မောင်
တို့ ယူဆပါသလဲ။

“အလားအလာကလည်း ကျနော်တို့ ဘယ်လောက်အထိ လိုချင်လဲလို့ ပြည်သူကို
မေးချင်ပါတယ်။ ပြည်တွင်းမှာ အဓမ္မလုပ်အားပေးမှုတွေ မရှိတော့ပါဘူး၊ ရပ်ဖို့လိုပြီ
ဆိုတာ ပြည်တွင်းကပြောတဲ့အချိန်မှာ အိုင်အယ်လ်အိုက ရပ်မှာပါ။ သို့သော် အခု
ပြည်သူတွေက တင်ပြနေတယ်။ ပိုပြီးတော့တောင်များလာတယ်၊ စိုးရိမ်စရာအခြေ
အနေ ရှိလာတယ်ဆိုတော့ အိုင်အယ်လ်အိုက ရပ်မှာမဟုတ်ပါဘူး။ သို့သော်
အိုင်အယ်လ်အို ဘယ်လောက်အထိလုပ်နိုင်လဲ ဆိုတဲ့ကိစ္စပေါ့။ စီးပွားရေးပိတ်ဆို့မှုအထိ
ကို လုပ်ရမှာလား၊ လုပ်စေချင်သလား၊ အဓမ္မလုပ်အားပေးမှုပျောက်အောင် ဖိအားပေး
ပြီး လုပ်ပါဆိုတာ ပြည်သူက တောင်းဆိုမှသာလျှင် အိုင်အယ်လ်အိုကလည်း ပြည်သူ တောင်းဆိုတဲ့အတိုင်း လုပ်ရမှာကိုး။ ဒါကြောင့် ကျနော်တင်ပြချင်တာက ပြည်သူက ဘယ်လောက်အထိ သွားစေချင်လဲ။ တကယ်ပပျောက်စေချင်တာလား။ ယုံယုံ
ကြည်ကြည်နဲ့ လုပ်ဖို့လိုတယ်။ ယုံယုံကြည်ကြည် တင်ပြမှသာလျှင် ပပျောက်မှာ
ဖြစ်တယ်။ အိုင်အယ်လ်အိုပေါ်မှာချည်း မဟုတ်ဘဲနဲ့ ပြည်သူက ဘယ်လောက်ထိလိုချင်
လဲ ဆိုတဲ့အပေါ် မူတည်ပါတယ်လို့ ပြောချင်ပါတယ်။”

နောက်တချက်က မြန်မာစစ်အစိုးရနဲ့ပတ်သက်တဲ့ကိစ္စပါ။ အခုနောက်ပိုင်း မြန်မာ
စစ်အစိုးရနဲ့ အိုင်အယ်လ်အိုအကြားမှာ နားလည်မှုစာချွန်လွှာတွေ ထွက်လာတယ်၊
စစ်အစိုးရကလည်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ တိုက်ဖျက်ဖို့အတွက် ဥပဒေ ပြဋ္ဌာန်းတာတွေ လုပ်လာတယ်ဆိုတော့ စစ်အစိုးရဘက်က နောက်ပိုင်းမှာ အတင်း
အဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်လို့ အပြုသဘောဆောင်လာတယ်၊
ဒီဆောင်ရွက်မှုတွေက တိုးတက်လာတယ်လို့ ပြောနိုင်လား။

“ကျနော်ပြောနိုင်တာကတော့ အပြည်ပြည်ဆိုင်ရာဖိအား နည်းသွားအောင်သာလျှင် အပေါ်ယံလုပ်ပြနေခြင်းဖြစ်တယ်။ တကယ် အောက်ခြေမှာ မဟုတ်သေးဘူးဆိုတာ
ဆက်လက်ပြီး ဖော်ထုတ်ရမယ်ဆိုတာကိုတော့ မြင်နေပါတယ်။ မြန်မာနိုင်ငံ အလုပ်
သမားသမဂ္ဂများအဖွဲ့ချုပ် အနေနဲ့ကတော့ ၁၉၉၂ ခုနှစ်ကတည်းက ကျနော်တို့ တင်ပြ
လာခဲ့တာ။ အဲဒီအချိန်တုန်းက နဝတက တအားငြင်းခဲ့တယ်။ ကျနော်တို့ကို မဟုတ်မမှန်
တဲ့သတင်းလို့ ပြောတယ်။ သက္ကရာဇ် ၂၀၀၀ လောက်မှာ အိုင်အယ်လ်အိုကနေပြီးတော့ တင်ပြလာတာကို ပူးပေါင်းလုပ်ဆောင်ပါမယ်ဆိုပြီး လေသံပြောင်းလာတယ်။ အခုဆိုရင် ပူးတွဲစာချုပ်ပါ ထိုးလာတဲ့အနေအထား ရှိတဲ့အတွက် ကျနော်တို့အမြင်ကတော့ ဖိအား ပေးခြင်းသာလျှင် နအဖကို ပြုပြင်ပြောင်းလဲမှုဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ
လက်တွေ့သိထားပါတယ်။”
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးမောင်မောင် ရှင်းပြသွားတာဖြစ်ပါ
တယ်။

မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်အောင် တိုက်ဖျက် သွားမယ့်ကိစ္စကို လူထုအကြား ရှင်းရှင်းလင်း အသိပေးပြီး ကျူးလွန်မှုတွေမှာ တာဝန်ရှိ
သူတွေကို အရေးယူအပြစ်ပေးသွားဖို့ အိုင်အယ်လ်အို ပြီးခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း
အဝေးက တောင်းဆိုခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ နှစ်ဖက် ထပ်ဆင့်နားလည်မှုစာချွန်လွှာဆိုတာကို လက်မှတ်ရေးထိုးပြီး အစမ်းကာလ ၁၂ လ
အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ရန်ကုန်မှာ အိုင်အယ်လ်အိုရုံးခွဲနဲ့ အရာရှိထားခွင့်ပြုပြီး နိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေအပေါ် တိုင်ကြားနိုင်တဲ့စနစ်၊ နောက် တိုင်ကြားသူတွေကို အာဏာပိုင်တွေက အရေးမယူပါဘူး
ဆိုတာနဲ့ ပတ်သက်လို့ နားလည်မှုအချက်တွေ ပါဝင်ခဲ့ပါတယ်။ အိုင်အယ်လ်အို အစီရင်
ခံစာမှာတော့ ဒီသဘောတူညီချက်ကို မြန်မာနိုင်ငံတွင်း လူထုအများ သိရှိနားလည်
အောင် မြန်မာလိုဘာသာပြန်ထုတ်ဝေဖို့နဲ့ ကျယ်ကျယ်ပြန်ပြန့် တရားဝင်ဖြန့်ချိဖို့ လိုအပ်နေတယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့တာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG