သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်လှုပ်ရှားမှုကို တရုတ်အာဏာပိုင်များ နှိမ်နင်း ဖြိုခွဲ


တိဘက်ဒေသကို တရုတ်က သိမ်းပိုက်ထားတဲ့အတွက် မကျေနပ်တဲ့အကြောင်း ထုတ်ဖေါ် ဆန္ဒပြမှု တွေဟာ တိဘက်မြို့တော် လာဆာမှာ ပြီးခဲ့တဲ့ သတင်းပါတ်တုံးက ထပ်ပြီး ပေါ်ပေါက် လာခဲ့ပါတယ်။ ဒီတခေါက် ဆန္ဒပြပွဲတွေကတော့ တရုတ်ပြည် မြို့တော် ဘေဂျင်းမှာကျင်းပမယ့် ကမ္ဘာ့ အိုလံပစ် ပွဲတော် မကျင်းပခင် ၅လအလို အိုလံပစ် မီးရှုးတိုင် ထွန်းညှိဖို့ မတိုင်ခင် နှစ်ပါတ် အလိုမှာ ဖြစ်ပွါး ခဲ့တာပါ။

ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက် ဖျက်စီးမှုတွေ ရှိခဲ့သလို တရုတ်အစိုးရဘက်ကလည်း ပြစ်ခတ် နှိမ်နင်းမှုနဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြမှုတွေမှာ တိဘက် ဘုန်းတော်ကြီးတွေလည်း ဦးဆောင်ပါဝင်ခဲ့ပြီး အစပိုင်းမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ရာကနေ နောက်ပိုင်းမှာ တရုတ်လူမျိုးတွေ ပိုင်ဆိုင်တဲ့ စီးပွါးရေးနဲ့ အဆောက်အဦတချို့ မီးရှို့ဖျက်စီးမှုတွေအထိ ရှိလာခဲ့တာပါ။ ဆန္ဒပြသူတွေကို တရုတ်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲ့ခဲ့လို့ သေဆုံးရသူ အရေအတွက် စာရင်းကတော့ အမျိုးမျိုး ထွက်နေတာပါ။ လာဆာမြို့တော်အတွင်း သေဆုံးသူ ၁၃ယောက်ရှိတယ်လို့ တရုတ်အာဏာ ပိုင်တွေက ပြောနေပေမယ့် အိန္ဒိယ အခြေစိုက် ပြည်ပရောက် တိဘက်အစိုးရကတော့ အနည်းဆုံး လူ၉၀ကျော် သေဆုံးတယ်လို့ ဆိုပါတယ်။

အခုလို ဆန္ဒပြမှုတွေကို ပြည်ပရောက် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ အဖွဲ့က စီစဉ်တာလို့ တရုတ်အစိုးရက ပြောပါတယ်။ မတ်လ ၁၇ ရက်နေ့ ညသန်းခေါင်အချိန် နောက်ဆုံးထားပြီး ပြစ်မှုကျုးလွန်သူတွေ အဖမ်းလာခံဖို့၊ ဒီလိုမှ မဟုတ်ရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ တရုတ်အာဏာပိုင်တွေက အမိန့်ထုတ်ပြန် ထားခဲ့ပေမယ့် သတ်မှတ်ချိန် ကျော်လွန်တဲ့အထိ ဘယ်သူမှ ပေါ်မလာခဲ့ပါဘူး။

မတ်လ ၁၈ရက်နေ့မှာတော့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သတင်းစာ ရှင်းလင်းပွဲ တခု လုပ်ခဲ့ပြီး တိဘက်က တရုတ် ဆန့်ကျင်ရေး မငြိမ်မသက်မှုတွေနဲ့ ပါတ်သက်လို့ ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို အပြစ်တင် စွပ်ဆွဲခဲ့ပါတယ်။

ဒလိုင်းလားမားရဲ့ ကြိုတင်စီစဉ် ညွှန်ကြားပြီး အခု အရေးအခင်းကို လုပ်ဆောင်တယ်ဆိုတဲ့ အထောက်အထားတွေ ကျွန်တော် တို့ဆီမှာ အများကြီး ရှိနေပါတယ်လို့ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောသွားခဲ့တာပါ။

ဘုန်းတော်ကြီး ဒလိုင်းလားမားက တိဘက်ကို တရုတ်ပြည်ထဲမှာပဲ သီးခြား အုပ်ချုပ်ရေးရဖို့လို့ ဆိုနေပေမယ့် တရုတ် ဝန်ကြီးချုပ်ကတော့ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ လိမ်ပြောနေတာ ဖြစ်တယ်။ တကယ်တော့ သူဟာ တိဘက်ကို တရုတ်ပြည်ကနေ လွတ်မြောက်အောင် လုပ်နေတဲ့ ခွဲထွက်ရေး ခေါင်းဆောင်ပဲလို့ ပြောပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက တိဘက်မြို့တော် လာဆာအတွင်း ဆန္ဒပြသူတွေရော နှိမ်နင်းတဲ့ အာဏာပိုင်တွေရော အကြမ်းဖက်မှုတွေ ရှောင်ရှားကြဖို့ မေတ္တာရပ်ခံလိုက်ပြီး အကြမ်းဖက်မှုတွေ ဆိုးသည်ထက် ဆိုးလာရင် ပြည်ပရောက် တိဘက် အစိုးရ ခေါင်းဆောင်အဖြစ်က နှုတ်ထွက်မယ်လို့ မတ်လ၁၈ရက်နေ့ကပြောလိုက်ပါတယ်။

“ရည်ရွယ်ချက် ရှိရှိနဲ့ပဲဖြစ်ဖြစ် မရည်ရွယ်ပဲနဲ့ပဲဖြစ်ဖြစ် ယဉ်ကျေးမှု ကွယ်ပျောက်သွားအောင် လုပ်နေတာတွေ ဒုတိယတန်းစားအဖြစ် အဆင့်နှိမ့်ပြီး ခွဲခြား ဆက်ဆံနေတာတွေကို တိဘက်တွေ
ရဲ့ကိုယ်ပိုင်မြေပေါ်မှာ တိဘက် ပြည်သူတွေ ကြုံတွေ့ ခံစားနေရတာပါ”

တိဘက်မြို့တော် လာဆာက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ တခြား ပြည်နယ်တွေကိုပါ
ပျံ့နှံ့လာခဲ့သလို မြို့တော်အတွင်းမှာလည်း လုံခြုံရေးတွေ အကြီးအကျယ် တင်းကျပ်ထားတာပါ။ နိုင်ငံခြား သတင်းထောက်တွေကိုလည်း တိဘက်ကို သတင်းသွားယူရေး တင်းကျပ်မှုတွေ လုပ်ထားလို့ နောက်ဆုံး အခြေအနေ သတင်းမှန်တွေကို သိနိုင်ရေး အခက်ကြုံနေရပါတယ်။

တိဘက်သံဃာတော်တွေရဲ့ ဆန္ဒပြပွဲတွေ မတိုင်ခင် ကမ္ဘာကျော်ခဲ့တဲ့ သံဃာ့ လှုပ်ရှားမှုကတော့ မြန်မာပြည်ကပါပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာလ မြန်မာပြည်အတွင်းက လူထုလှုပ်ရှားမှုအပြီး ပြည်ပမှာ ဖွဲ့စည်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကလည်း အခုလို တိဘက်မှာ ဖြစ်ပွါးနေတဲ့ ဆန္ဒပြ သံဃာတွေနဲ့ တိဘက် ပြည်သူတွေအပေါ် စိုးရိမ် ပူပန်မှုတွေရှိပြီး တိဘက် လှုပ်ရှားမှုအပေါ် စာနာ နားလည်မှု ရှိတယ်လို့ ထုတ်ပြောပါတယ်။ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အရှင်ပညာဝံသကတော့ တရုတ်အစိုးရနဲ့ မြန်မာ စစ်အစိုးရတို့ရဲ့ သံဃာတော်တွေ အပေါ်ထားတဲ့ သဘောထားတွေဟာ အတူတူပဲလို့ ဗွီအိုအေ မြန်မာပိုင်း ရေဒီယိုကို ရှင်းပြပါတယ်။

တိဘက်က ဆန္ဒပြမှုတွေကို ထောက်ခံကြောင်းနဲ့ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေဟာလည်း ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ပေါ်ပေါက်နေပါတယ်။ ၁၉၅၉ခုနှစ်က တိဘက်ဒေသကို တရုတ်တွေက သိမ်းယူ အုပ်ချုပ်တာကို မကျေနပ်လို့ ကန့်ကွက်ခဲ့ပြီး တရုတ် အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုတွေ ခံခဲ့ရတဲ့၄၉နှစ်ပြည့် အထိမ်းအမှတ် ကာလမှာပဲ အခုလို ဆန္ဒပြမှုတွေနဲ့ ဖိနှိပ်မှုတွေ တိဘက်မြို့တော် လာဆာမှာ ဖြစ်ပါွးနေတာပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG