မြန်မာနိုင်ငံခရီးစဉ်အတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတစုံတရာ မပြနိုင်ခဲ့ပေမယ့်လည်း
စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ
အကောင်းဘက်ကိုဦးတည်တဲ့ တိုးတက်မှုတွေ
တော့ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင်မ်
ဂမ်ဘာရီက ပြောဆိုပါတယ်။ မစ္စတာ
ဂမ်ဘာရီဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်း
ပြောဆိုပါတယ်။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံအတွင်း သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာ လက်ဆုပ်
လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု မရှိခဲ့ပေမယ့် ရှေ့ကိုတိုးပြီး ဆောင်ရွက်နိုင်ခဲ့တယ်၊ တိုးတက်မှုတွေကတော့ ရှိနေတယ်လို့ အဓိကပြောဆိုသွားတာပါ။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ငါးရက်ကြာခရီးစဉ်အတွင်း စစ်အစိုးရခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ကို သူတွေ့ဆုံခဲ့ရတာတွေနဲ့
ပတ်သက်လို့ မနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို မစ္စတာဂမ်ဘာရီက
ရှင်းပြခဲ့ပါတယ်။ သူက အခုလို ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကျနော် တာဝန်စပြီးထမ်းဆောင်ခဲ့တဲ့ အချိန်ကတည်းက ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်တွေဟာ အဆင်ပြေပြေ ချောမွေ့မယ်လို့ ကျနော်
ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပါဘူး။ ကျနော့်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်ခဲ့တဲ့နေရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေ ရှိခဲ့
သလို အချိန်ပေးခဲ့ရတဲ့အတွက် အားမလိုအားမရ ဖြစ်တာတွေလည်း ရှိပါတယ်။ ဒါပေ
မယ့်လည်း ဒီလို ထိတွေ့ဆက်ဆံမှုတွေဟာ တိုးတက်လာပြီး ရှေ့ကို ဆက်လက် ဆောင် ရွက်နိုင်ခဲ့တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့သလို စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတွေ အပါ
အဝင် မြန်မာစစ်အစိုးရဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် အဖွဲ့ဝင်
တွေကိုလည်း တွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ ဒီလို တွေ့ဆုံနိုင်ခဲ့ပေမယ့်လည်း
သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်ဆိုပြီး …
“ဒါပေမယ့်လည်း စိတ်မကောင်းစရာတခုကတော့ ခရီးစဉ်အတွင်းမှာ ကျနော့်အနေနဲ့
စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းကိုရော၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တွေ အပါအဝင် တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ
ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေနဲ့ အခြား တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်
တွေကို တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပါဘူး။”
ဒီခရီးစဉ်ကနေ ရုတ်တရက် အောင်မြင်တဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုမရ
လို့ စိတ်ပျက်မိတဲ့အကြောင်း ပြောဆိုတာတွေ ရှိပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာ့အရေးနဲ့
ပတ်သက်လို့ နောက်ထပ် တွေ့ဆုံဆွေးနွေးမှုတွေ ထပ်ပြီးဆောင်ရွက်နိုင်တာကို
တိုင်းတာတဲ့ ခရီးစဉ်တခုသာဖြစ်ပါတယ်ဆိုပြီး မစ္စတာဂမ်ဘာရီက ပြောဆိုသွားပါ
တယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရေးနဲ့
လူထုဆန္ဒခံယူပွဲ ကျင်းပရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါ ကုလသမဂ္ဂဘက်က
ဒီလုပ်ငန်းစဉ်တွေ ပိုပြီး ယုံကြည်မှုရလာဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီ
ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။ စစ်အစိုးရ ဆောင်ရွက်နေတဲ့ နိုင်ငံရေး
ဖြစ်စဉ်တွေထဲမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ပါဝင်နိုင်ရေးကို ထပ်ပြီး တိုက်တွန်းပြောဆိုပါတယ်။ တချိန်တည်းမှာ ဒီနိုင်ငံရေးဖြစ်စဉ်တွေကို လူတွေယုံကြည် လက်ခံလာအောင် သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်လေ့လာမှုတွေကို ခွင့်ပြုဖို့လည်း
မစ္စတာဂမ်ဘာရီက တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
“လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ မြန်နိုင်သမျှ မြန်မြန် ထုတ်ပြန်နိုင်အောင်လုပ်ကိုင်ဖို့၊ လူအများ လက်ခံယုံကြည်တဲ့ လုပ်ငန်းစဉ်ဖြစ်အောင် ထပ်တိုးပြီးလုပ်ဆောင်ဖို့ ကျနော်က တိုက်တွန်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်း ဥပဒေတွေနဲ့ပတ်သက်လို့ မဲပေးမယ့်သူတွေကို ပိုပြီး ပညာပေးနိုင်ဖို့၊ လူတွေကို ငြင်းခုံ
ဆွေးနွေးနိုင်ဖို့ လိုပါတယ်။ လုပ်ငန်းစဉ်တွေအနေနဲ့ ပိုပြီးတော့ မျှတမှုရှိလေလေ
ပြည်တွင်းနဲ့ နိုင်ငံတကာက ပိုပြီး ယုံကြည်မှုရှိလာလေလို့ ကျနော်က ပြောချင်ပါတယ်။”
မြန်မာနိုင်ငံအတွင်း တိုးတက်မှုဆိုတာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရခေါင်းဆောင်တွေအကြား တွေ့ဆုံမှု
မရှိခဲ့သလို၊ နိုင်ငံရေးအခြေအနေတွေဟာ အခုလို လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ
ကျင်းပမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်တွေလည်း မရှိခဲ့ဘူးလို့ မစ္စတာဂမ်ဘာရီက
ပြောပါတယ်။ ဒီလိုတိုးတက်မှုတွေရှိလာပေမယ့် မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာပြည်သူ
တွေကပဲ သူတို့တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်တဲ့နေရာမှာ အထီးကျန်ရပ်တည်မှာ
လား၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အတူရပ်တည်မှာလား ဆုံးဖြတ်ရလိမ့်မယ်လို့ မစ္စတာ
ဂမ်ဘာရီက ပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်မပေးဘူးဆိုရင် စစ်အစိုးရနဲ့ တွေ့ဆုံမှုတွေဟာ ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မှာမဟုတ်တဲ့အကြောင်း
စစ်အစိုးရကို သူပြောဆိုခဲ့တယ်လို့လည်း မစ္စတာဂမ်ဘာရီက ပြောပါတယ်။
မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း
ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့်ဆွေကလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်
တွေရှေ့မှာ မြန်မာနိုင်ငံရဲ့ ကြေညာချက်ကို ဖတ်ပြသွားပါတယ်။ အမျိုးသားညီလာခံက
ချမှတ်ထားတဲ့ အခြေခံဥပဒေမူကြမ်းဟာ အဖွဲ့အစည်းပေါင်းစုံပါဝင်ပြီး ညီလာခံ
ကိုယ်စားလှယ် တထောင်ကျော် သဘောတူခဲ့တာဖြစ်သလို တိုင်းရင်းသားအဖွဲ့အစည်း
တွေအားလုံး ပါဝင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖြစ်တယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံ
ဟာ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုတွေ မလိုအပ်ဘူးလို့လည်း အခုလိုပြောပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုမရှိဘူး
ဆိုတာကိုပဲ ကျနော့်အနေနဲ့ နိဂုံးချုပ်မှာ ထပ်ပြီး ပြောဆိုသွားပါတယ်။ ဒီလို ခြိမ်းခြောက်
မှု မရှိဘူးဆိုတာကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကလည်း အာမခံ ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီရေးနဲ့ အမျိုးသားရေးအတွက် ရှေ့ကိုဆက်ပြီး ထူးခြားတဲ့ တိုးတက်မှုတွေရအောင် လုပ်ကိုင်နေပါတယ်။ ဘယ်လို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ရဲ့ အရေးယူမှုကမှ မြန်မာနိုင်ငံအခြေအနေ ကောင်းမွန်လာပါ့မယ်ဆိုတဲ့ အာမခံချက် မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်
ကြီးက ပြောဆိုသွားတာပါ။