သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်အကြမ်းဖက်မှုတိုးလာရင် အိုလံပစ်သပိတ်မှောက်ဖို့ အီးယူစဉ်းစားမည်


တိဘက်က မတည်ငြိမ်မှုတွေကို ထိန်းချုပ်ဖို့အတွက် တရုတ်အစိုးရအနေနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ရင်ဆိုင်ရာမှာ သေရေး ရှင်ရေးတမျှ ရုန်းကန်နေရတယ်လို့ တိဘက်မှာရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီအရာရှိ တဦးက ပြောဆိုလိုက်ပါတယ်။ တိဘက်က လူထု တည်ငြိမ်ရေးအတွက် တရုတ် ကွန်မြူနစ်ပါတီဝင်တွေနဲ့ အဖွဲ့အစည်းတွေက ရန်သူကို တိုက်ခိုက်ကြဖို့ မစ္စတာ ဂျန်ဂျင်ရီးက ပြောဆိုလိုက်သလို တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကိုလည်း သင်္ဃန်းခြုံထားတဲ့ ဝံပုလွေလို သမုတ်လိုက်တဲ့ အကြောင်း နိုင်ငံတကာ သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

တိဘက်မြို့တော် လာဆာမှာ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာမှာ (၁၃)ဦး သေဆုံးခဲ့ရတယ်လို့ တရုတ်အစိုးရက ပြောပေမယ့် ပြည်ပရောက် တရုတ်အစိုးရကတော့ အနည်းဆုံး (၉၉)ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဆူပူမှုတွေကို တရုတ်အစိုးရက နှိမ်နင်းနေပေမယ့် အိုလံပစ် မီးရှုးတိုင် တိဘက်ဒေသကို ဖြတ်ပြီးတော့ မူလအစီအစဉ်အတိုင်း သယ်ဆောင်သွားမယ်လို့ အိုလံပစ် ဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အိုလံပစ် မီးရှုးတိုင် တိဘက်ကို မဖြတ်ဖို့ တိဘက်လူမျိုးများနဲ့ သူတို့ကို ထောက်ခံတဲ့ ရာပေါင်းများစွာတို့က ဆွစ်ဇာလန် နိုင်ငံ ယိုဆန်းမြို့မှာရှိတဲ့ IOC အပြည်ပြည်ဆိုင်ရာ အိုလံပစ် ရုံးချုပ်အရှေ့မှာ ဆန္ဒပြ တိုက်တွန်းလိုက်ပါတယ်။

တိဘက်မှာ ဆူူပူမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ရေး စဉ်းစားသင့် တယ်လို့ အီးယူပါလီမန် ထိပ်တန်းအမတ်တဦးက ပြောဆိုလိုက်ပါတယ်။ အဲဒီအဆိုဟာ စိတ်ဝင် စားစရာ ကောင်းလို့ ရှေ့သီတင်းပတ် အီးယူနိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးပွဲမှာ စဉ်းစားဖွယ် ရှိတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုပါတယ်။

XS
SM
MD
LG