သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီအစီရင်ခံစာ အတိုက်အခံများဝေဖန်


မြန်မာပြည်အနာဂတ်အတွက် မြန်မာစစ်အစိုးရနဲ့ မြန်မာနိုင်ငံသားတွေရဲ့တာဝန်ဖြစ်တယ်၊ ဒီအပေါ်မှာပဲ မူတည်တယ်လို့ မစ္စတာဂမ်ဘာရီ မနေ့တုံးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြောသွားခဲ့ပါတယ်။

ဒါဟာ မှန်ကန်ပေမယ့်လည်း ကုလသမဂ္ဂလို အဖွဲ့အစည်းတရပ်အနေနဲ့တာဝန်မဲ့ရာ ကျတယ်လို့ မြန်မာပြည်တွင်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကနေ ဝေဖန်ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ မနေ့က လုံခြုံရေးကောင်စီ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ အဓိက အချက်တွေကို ကြည့်မယ်ဆိုရင် သူရဲ့ ခရီးစဉ်ဟာ တိကျတဲ့ ရလာဒ် ထွက်မလာပေမယ့် အရင်တုံးက အခြေအနေထက်စာရင် အစိုးရနဲ့ ထိစပ်ဆောင်ရွက်မှု အပိုင်းမှာ တိုးတက်မှု ရှိလာတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ထိစပ်ဆောင်ရွက်ဖို့ သူက တိုက်တွန်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံသားများနဲ့ မြန်မာ အစိုးရအပေါ်မှာ တာဝန်ရှိတယ်လို့ သူကဒီလိုပြောသွားတာပါ။ ဒါနဲ့ ပတ်သက်ပြီး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာအောင်ရဲ့ အမြင်ကိုမေးကြည့်ပါတယ်။

“ တိုးတက်တဲ့ အဆင့် တဆင့်တချို့ကို တွေ့ခဲ့ရတယ်လို့ ပြောတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ သဘောတူနိုင်စရာ မရှိပါဘူး၊ တွေ့ခဲ့တဲ့ နေရာမှာလည်းပဲ သူက တိုင်းရင်းသား အင်အားစုတွေ၊ တခြား ဒီမိုကရက်တစ် အင်အားစုတွေနဲ့ တွေ့ခဲ့ရတာ မရှိသလို သူ့အနေနဲ့ တင်ပြခဲ့တဲ့ တင်ပြချက်တွေကိုလည်းပဲ အားလုံးကို လိုက်လျှောမှု မရှိတဲ့ အတွက်ကြောင့် ကျနော်တို့ အနေဲ့ကတော့ သဘောတူညီနိုင်မယ့် အချက်အလက် မရှိပါဘူး၊ ”

သူပြောတဲ့အထဲမှာလည်း သူဝန်ခံထားတာရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နောက်(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း တွေ့ဆုံခွင့် မရခဲ့ဘူးလို့ သူပြောထားပါတယ်။ ဒါပေမယ့် သူဆိုလိုတာက စစ်အစိုးရနဲ့ထိစပ်ဆောင်ရွက်ရတဲ့နေရာမှာ ပိုပြီးတော့ လွယ်ကူလာတယ် လို့ သူက ပြောပါတယ်၊ အဲဒါနဲ့ ပတ်သက်လို့ရော ဦးအေးသာအောင် ဘယ်လို အယူအဆရှိပါသလဲ ခင်ဗျ၊

“လက်ရှိအစိုးရနဲ့ တွေ့ဆုံဖို့ လွယ်ကူလာရုံနဲ့ ဒီနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ ပြေလည် နိုင်မယ်လို့ သူ ယူဆသလား၊ တကယ့်အခြေခံက လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရဟာ ပြဿနာ တွေအပေါ်မှာ တကယ့်ကို ပြေလည်စေချင်တဲ့၊ ဖြေရှင်းချင်တဲ့၊ တနည်းအားဖြင့် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ ဆွေးနွေးညှိနှိုင်းပြီးတော့ ဆောင်ရွက် လိုတဲ့ဆန္ဒ ရှိမှသာလျှင် ဒါ ကောင်းတဲ့ဘက်ကို ဦးတည်တယ်လို့ ကျနော်တို့က ပြောချင်ပါတယ်။”

ဟုတ်ကဲ့ခင်ဗျ၊ မစ္စတာ ဂမ်ဘာရီ ကိုယ်ကလည်း မနေ့က ပြောသွားတဲ့အထဲမှာ ပါပါတယ်၊ လက်ရှိ မြန်မာနိုင်ငံရဲ့ ကိစ္စဟာ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံသားတွေ အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း မြန်မာနိုင်ငံသားတွေ အတိုက်ခံတွေကို လွတ်လွတ် လပ်လပ် နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ ပေးမထားတဲ့ အခြေနေထိ ရှိနေတော့ ဒီပြဿနာကို ကျတော့ ဘယ်လို ဖြေရှင်းနိုင်မယ်လို့ ယူဆပါသလဲခင်ဗျ၊ ကုလသမဂ္ဂအနေနဲ့ပေါ့၊

“ဟုတ်ပါတယ်၊ တိုင်းပြည်တခုမှာ အပြောင်းလဲဖြစ်ဖို့ ပြည်တွင်း အင်အားစုတွေက အဓိကကျပါ တယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းတွေက ကူညီမှု၊ ထောက်ပံ့မှု၊ ညှိနှိုင်း ဆောင်ရွက်မှု တွေကလည်းပဲ တိုးတက်မှုအတွက် အထောက်အကူဖြစ်စေတယ်ဆိုတာ အန်ကယ်တို့ ပြောလို ပါတယ်၊ ”

(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစိုးထွန်းကတော့ အခုလိုမျိုး မစ္စတာ ဂမ်ဘာရီ ထောက်ပြသွားတဲ့ စကားဟာ မှန်ကန်ပေမယ့်လို့ ကုလသမဂ္ဂရဲ့ တာဝန်ရှိသူတဦးအနေနဲ့ ခုလိုသုံးနှုန်းတာကြောင့်မို့လို့ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍကို ပြန်ပြီး မေးခွန်းထုတ်ရမယ်လို့ သူက အခုလို ဝေဖန်ပါတယ်။

“ ကျနော်တို့ နိုင်ငံရဲ့ အရေးကိစ္စတွေဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို ဆောင်ရွက်နေကြတဲ့ လှုပ်ရှားတဲ့သူတွေက အဓိက အကျဆုံးပေါ့လေ၊ ဒါပေမယ့် အခု တိုးတက်ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတွေ၊ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတနိုင်ငံ ဟာ သူ့ဟာသူ အထီးကျန်ပြီး ရပ်တည် လို့ မရပါဘူး၊ အားလုံးက ဆက်စပ်ပြီးတော့၊ ထိန်းသိမ်း ကူညီပြီးတော့ လှုပ်ရှား နေကြရ တာပါဘဲ၊ အဲဒီတော့ နိုင်ငံတနိုင်ငံမှာ အစိုးရတရပ်ဟာ ကိုယ့်ရဲ့ ပြည်သူတွေအပေါ်မှာ အခွင့်အရေးတွေ ချိုးဖေါက်ပြီး မတရားညှင်းပမ်းနှိပ်စက်နေရင် ကျန်တဲ့ နိုင်ငံတွေရဲ့ တည်ငြိမ်ရေးတွေ၊ ဒေသဆိုင်ရာ လုံခြုံရေးတွေကို ထိခိုက်တာတွေရှိတယ်၊ အဲဒီ အတွက်ကြောင့် နိုင်ငံတကာက ဝိုင်းဝန်း စောင့်ကြည့်ပြီးတော့ ဝိုင်းဝန်း တိုက်တွန်းပြောဆို၊ တွန်းအားပေး ဆောင်ရွက်ခဲ့တာ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အခုဖွဲ့ထားတာလည်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဖွဲ့ထားတာ၊ နိုင်ငံအချင်းချင်းအားလုံး လူသားချင်းစာနာစွာ စောင့်ရှောက်ရေးအတွက် ဖွဲ့ထားတာတွေ ဖြစ်တဲ့အတွက် ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ ဒါဆိုရင် မေးခွန်းထုတ်ရမလို ဖြစ်သွားပါပြီ၊ ”

မစ္စတာ ဂမ်ဘာရီအနေနဲ့ ပြီးခဲ့တဲ့ ခရီးစဉ်အတွင်းမှာ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ မတွေ့ရတဲ့ အပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်လို့လည်း မနေ့က လုံခြုံရေး ကောင်စီမှာ ပြောခဲ့ဲ့ပါ တယ်၊ ဒါပေမယ့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကနေပြီးတော့ မြန်မာစစ်အစိုးရ ကို အကြံပြု၊ အဆိုပြုခဲ့တာတွေကို တဘက်က ပယ်ချခဲ့တဲ့ကိစ္စ၊ နောက် လုံခြုံရေးကောင်စီရဲ့ ပြီးခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်းက တောင်းဆိုမှုတွေ၊ လိုလားမှု တွေ ဘယ်လောက်အထိ ပြည့်မြောက်နေ သလဲဆိုတဲ့ ကိစ္စတွေကို မစ္စတာ ဂမ်ဘာရီအနေနဲ့ ရှင်းရှင်းလင်းလင်း ပြန်လည် တင်ပြပြောဆိုတာ မရှိတဲ့ အပေါ်မှာလည်း ဒီမိုကရေစီ လှုပ်ရှားသူတွေဘက်က သူ့အပေါ်မှာ အမြင်မကောင်းတာလို့ သိရပါတယ်ခင်ဗျာ၊။

အခုတခါ အမေရိကန်မှာ အခြေစိုက်ပြီးတော့ မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့စည်းတွေထဲက ထင်ရှားတဲ့အဖွဲ့စည်းတခုဖြစ်တဲ့ US campaign for Burma အဖွဲ့က အမှုဆောင်ဒါရိုက်တာ ကိုအောင်ဒင်ကရော မစ္စတာဂမ်ဘာရီရဲ့ပြောဆိုချက်တွေအပေါ် ဘယ်လိုများတုန့်ပြန်ချင်ပါ သလဲခင်ဗျ၊

“ မစ္စတာ ဂမ်ဘာရီအနေနဲ့ သူ့ရဲ့ ရင်းနှီးမှုတွေကို လုံး၀ ထည့်သွင်း မပြောသွားဘူး၊ သူ့ရဲ့ အကြံပြုချက်တွေကို နအဖက ပြင်းပြင်းထန်ထန် ငြင်းပယ်လိုက်တာနဲ့ပတ်သက်ပြီးတော့ ပေါ့ပေါ့လေးပဲ ပြောသွားပြီးတော့ သူ့ရဲ့ နာမည်ဟာ ဘာဖြစ်နေလဲဆိုတော့ သူနဲ့ နအဖနဲ့ အကြားမှာ အောင်မြင်တဲ့ ဆက်ဆံရေးတွေရှိနေတယ်၊ ပြည်တွင်းက နိုင်ငံရေး ခေါင်းဆောင် တွေ၊ အတိုက်အခံ အင်အားစုတွေကလည်း သူ့ကိုမရှိမဖြစ် အားကိုးတယ်၊ သူဆက်ပြီး လုပ်ဖို့အတွက် သူ့ကိုအချိန်ပေးဖို့ လိုတယ်၊ အဲသလိုမျိုးပေါ့ဗျာ ၊ စတာက ဒီနအဖကို ကျေးဇူးတင်ကြောင်းနဲ့စ၊ ဒီနအဖရဲ့လမ်းပြမြေပုံအပေါ်မှာ ချီးကျူး၊ ပြီးတော့ နိုင်ငံတကာ အစိုးရတွေကို နအဖနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းသာ တခုတည်းသော နည်းလမ်းဖြစ်တယ် ဆိုတာမျိုးနဲ့ သုံးသပ်၊ ကျနော်တော့ တော်တော် စိတ်ပျက်မိတယ်ဗျ၊ သူ့ရဲ့ ပြောပုံဆိုပုံတွေ အားလုံးက နအဖရဲ့ လမ်းပြမြေပုံမြေပုံအပေါ် ထောက်ခံပြီးတော့ အတိုက်အခံတွေ အပေါ်မှာ နအဖနဲ့ အလိုက်သင့် ဆက်ဆံဖို့ တိုက်တွန်းတဲ့ ပုံမျိုးရှိတယ်၊ သူ့ကို ယုံကြည်အားကိုးထားတဲ့ ပြည်တွင်းကလူတွေ ကိုယ်စားလည်း အင်မတန် ရှက်မိတယ်၊ လုံခြုံရေး ကောင်စီကို သူ့ရဲ့ တင်ပြချက်တွေကလည်း ဘာနဲ့တူသလဲဆိုတော့ ကျနော်တို့ မြန်မာပြည်သူလူထုကို အကြီးအကျယ်သစ္စာဖေါက်လိုက်တာပဲ။”

မစ္စတာ ဂမ်ဘာရီအနေနဲ့ နိုင်ငံခြားကနေ ညှိနှိုင်းဆောင်ရွက်ဖို့ အင်မတန် ခက်တဲ့ အစိုးရ တရပ်ဖြစ်နေတော့ သူ့အနေနဲ့ ညှိနှိုင်းသူ တယောက်ပြောနေကျ စကားတွေကို မယုတ်မလွန် ဘဲ ပြောမယ်လို့ မယူဆဘူးလား။

“ သူ့အလုပ်က အမှန်တိုင်းသုံးသပ်ပြီးတော့ အမှန်တိုင်းအစီရင်ခံဖို့ပါ၊ နောက် သူ့ရဲ့ အလုပ်က လည်း ပြည်တွင်းမှာ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်ပေါ်ရေးအတွက်ကို ကြိုးစား ဆောင်ရွက်ဖို့၊ သူ့အလုပ်က မြန်မာစစ်အစိုးရကို နိုင်ငံတကာအစိုးရတွေက လက်ခံလာ အောင် နားချဖို့၊ ဖျောင်းဖျဖို့မဟုတ်ပါဘူး၊ သူ့ကိုပေးလိုက်တဲ့ ကုလသမဂ္ဂရဲ့ တာဝန်ကိုက မြန်မာနိုင်ငံအတွင်းမှာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်ပေါ်ဖို့၊ နောက်တခါ အတိုက်ခံတွေရော၊ အားလုံးပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ် တရပ် ပေါ်ပေါက်ဖို့၊ အများလက်ခံနိုင်တဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးလမ်းစဉ်တရပ်ဖြစ်ပေါ်ဖို့၊ ဒါသူ့ရဲ့ အဓိက တာဝန်ပါ၊ ဒီတာဝန်တွေနဲ့ မြန်မာနိုင်ငံကိုသွားတယ်၊ အဲဒီတာဝန်တွေကို ထမ်းဆောင် ဖို့လိုတယ်၊ နအဖက သူ့ရဲ့အကြံပြု ချက်တွေကို ငြင်းပယ်မယ်ဆိုလို့ရှိရင်လည်း သူ့ရဲ့ ခရီး စဉ်က မအောင်မြင်ဘူး၊ သူ့ရဲ့လှုပ်ရှားမှု တွေက မအောင်မြင်ဘူး၊ ဒါကို သူ ရိုးရိုးသားသား ပြန်ရှင်းပြဖို့ လိုပြီးတော့ နိုင်ငံတကာအစိုးရနဲ့ လုံခြုံရေးကောင်စီရဲ့ အကူအညီ တောင်းခံဖို့ လိုပါတယ်၊ အဲသလိုမဟုတ်ဘဲနဲ့ သူ့ရဲ့ လှုပ်ရှားမှုထဲမှာ တစုံတရာ မျှော်လင့်ချက် ရှိသေး သလိုမျိုး၊ ခုလိုမျိုး တင်ပြတာကြီးကတော့ နိုင်တကာမိသားစုကြီးကို မျက်စိ လှည့်တယ်လို့ ကျနော်မြင်ပါတယ်၊ တဘက်မှာသူက အခုလိုမျိုးအချိန်ဆွဲသလိုလုပ်တဲ့အချိန်၊ တဘက်မှာ ကျတော့ နအဖရဲ့ သူ့ရဲ့တဘက်သတ်ရေးဆွဲထားတဲ့ဖွဲ့စည်းပုံကို အတင်းအားဓမ္မ အတည်ပြုဖို့ ကြိုးစားနေတယ်၊ ဆိုတော့ သူ့ရဲ့လုပ်ငန်း စဉ်ကိုအချိန်ပေးဖို့လိုအပ်တယ်ဆိုရင် အဲဒီ လုပ်ငန်းစဉ်မျိုးက သူ့အတွက်မဟုတ်ဘဲနဲ့ နအဖအတွက်အချိန်ပေးဖို့ဖြစ်နေတာကို။”

XS
SM
MD
LG