သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီခရီးစဉ်ရလာဒ် အနောက်သံတမန်များ အားမရ


မစ္စတာ ဂမ်ဘာရီက နောက်ဆုံး သူ့ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရှင်းပြပြောဆိုခဲ့ပါတယ်။ အဲဒီနောက် သတင်းထောက်တွေက အမေရိကန်နဲ့ ဗြိတိန် သံအမတ်ကြီးတို့ကို မစ္စတာ ဂမ်ဘာရီရဲ့ ရှင်းလင်းချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာကို ဦးကျော်အောင်လွင်က အပြည့်အစုံတင်ပြပေးပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ငါးရက်ကြာ မြန်မာပြည်ခရီးစဉ် အဖြစ်နဲ့ မြန်မာစစ်အစိုးရက လက်ခံခဲ့ပါတယ်။ သူသွားခဲ့တဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်လို့ မစ္စတာ ဂမ်ဘာရီက မနေ့တုန်းကပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ အခုခရီးစဉ်ကနေ သီးခြားတိုးတက်တဲ့ ရလာဒ်တွေ သူမရခဲ့ပေမယ့်လည်း အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုတွေတော့ ရှိပါတယ်လို မစ္စတာ ဂမ်ဘာရီက လုံခြုံရေးကောင်စီမှာ အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂နှစ်တုန်းကဆိုရင် ကုလသမဂ္ဂအဆင့်မြင့်အရာရှိကြီးတွေနဲ့ မြန်မာစစ်အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးရေး အခြေအနေတွေဆိုတာ မရှိခဲ့ပါဘူး။ ဒီလိုပါပဲ။ ပြီးခဲ့တဲ့ ၆လတုန်းကဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ဖို့ လမ်းကြောင်း တည်ဆောက်မှုတွေ ဆိုတာ မရှိပါဘူး။ အခုဆိုရင် နှစ်ပေါင်း ၂၀အတွင်းမှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲလုပ်ဖို့ မြန်မာစစ်အစိုးရက ကြေညာခဲ့ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖို့ ဆန္ဒခံယူပွဲ လုပ်ရေး အချိန်ဇယားတွေနဲ့ ပေါ်ထွက်လာခဲ့ပါပြီ။ မြန်မာ စစ်အာဏာပိုင် တွေရဲ့ နိုင်ငံရေး အယူအဆတွေ ပြောင်းလဲလာအောင်လုပ်ဖို့ ဆိုတဲ့ ကိစ္စဟာ တော်တော် ခဲယဉ်းတယ်၊ စိန်ခေါ်မှုတွေ များတယ်ဆိုပေမယ့်လည်း အခုလို ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် ကျွန်တော်တို့က စိတ်ရှည်ရှည်၊ ဇွဲကောင်းကောင်းနဲ့ လုပ်သွားရမယ်။ လုပ်သွားမှလည်း ခိုင်မာတဲ့ ရလာဒ်တွေ ထွက်လာမှာ ဖြစ်တယ်”။

မနေ့တုန်းက ကုသမဂ္ဂလုံခြုံရေး ကောင်စီက မစ္စတာ ဂမ်ဘာရီရဲ့ ရှင်းလင်းပွဲအပြီး ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး ဇာမေး ခါလီဇက်ကို သတင်းထောက်တွေက မြန်မာပြည်နဲ့ ပတ်သက်ပြီး မေးခွန်းတွေကို ထုတ်ခဲ့ကြပါသေးတယ်။ အဲဒီမှာ အမေရိကန် သံအမတ်ကြီးကတော့ မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ် အပေါ်မှာ စိတ်ပျက်တယ်လို့ ဆိုပါတယ်။

“ခိုင်မာတဲ့ တိုးတက်မှုရမလာနိုင်တဲ့အတွက် မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာပြည် ခရီးစဉ်ပေါ်မှာ ကျွန်တော်တို့ကတော့ စိတ်ပျက်ပါတယ်။ မြန်မာစစ်အာဏာပိုင်တွေဖက်က သင့်တော်တဲ့တုန့်ပြန်မှု ကျကျနန မရှိခဲ့ပါဘူး။ အခုလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးနဲ့ ပတ်သက်လို့ လုပ်ငန်းစဉ်တွေဟာ တော်တော်ကို ပြဿနာရှိနေပါတယ်။ ပြည်သူတွေဆီကို ဥပဒေ မူကြမ်း မဖြန့်နိုင်သေးဘူး။ ဒီအပေါ်မှာ ဆွေးနွေးဝေဖန်တာတွေလည်း မရှိသေးဘူး။ အဲဒီလို ဝေဖန်မှုတွေ မရှိရအောင်လဲ ဥပဒေတွေ ထုတ်ပြန်ထားပြီး တားမြစ်ပိတ်ပင်မှုတွေ ရှိနေတယ်”။

နောက်တခါ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ် ဂျွန် ဆောရားစ်ကလည်း ပြည်သူတွေ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်မရမယ့် ပြည်သူ့ဆန္ဒခံယူပွဲအတွက် သူစိတ်မချနိုင်ဘဲဖြစ်တဲ့အကြောင်း သတင်းထောက်တွေကို အခုလို ထုတ်ပြောပါတယ်။

“ပြည်သူ့ဆန္ဒခံယူပွဲတွေကို ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကျွန်တော်တို့က အကဲခတ်သွားမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးသလား။ လွတ်လွတ်လပ်လပ် စည်းရုံးလှုံ့ဆော်ခွင့်တွေ ရှိသလား။ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီးတော့ အခြေအတင် ငြင်းခုံပြောဆို ဝေဖန်တာတွေ လုပ်သလား။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကိုယ်တိုင်က ဒီမိုကရေစီအခြေခံ စံချိန်စံညွန်းပါရှိရမှာပါ။ ဒါတွေကို မြန်မာစစ်အစိုးရဖက်က လုပ်လာမယ်ဆိုရင်တော့ ဘယ်လိုတိုးတက်မှုမျိုးကို မဆို ကျွန်တော်တို့က ကြိုဆိုပါတယ်။ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီထဲမှာ ထင်ထင်ရှားရှား ဖြစ်နေ အောင်လို့ ပြောဆိုဆွေးနွေးနေပါတယ်။ လုပ်ဆောင်မှုတွေလည်းရှိနေပါတယ်။ ကျွန်တော်တို့ ချောင်မထိုးထားပါဘူး။ မြန်မာပြည်သူတွေရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို ကျွန်တော်တို့ ဂရုစိုက် နေပါတယ်။ ပြီးခဲ့တဲ့ ၆လတုန်းက ဆိုရင် ကုလသမဂ္ဂ လုံးခြုံရေး ကောင်စီထဲမှာ မြန်မာ့အရေး နဲ့ ပတ်သက်ပြီးတော့ အားလုံးသဘောတူတဲ့ ဘုံရပ်တည်ချက်ဆိုတာ မရှိခဲ့ပါဘူး။ အခုဆိုရင် သိပ်ပြီး တော့ ပြတ်သားတဲ့ မြန်မာအရေး ဘုံရပ်တည်ချက်ဟာ ရှိနေပါပြီ။ လုပ်ငန်းစဉ် တွေလည်း ရှိနေပါပြီ။ အလုပ်ဖြစ်တဲ့ လုပ်ငန်းစဉ်တွေနဲ့၊ စေ့စပ်မှု အဆင့်ဆင့်လည်း ရှိနေပါတယ်။ မြန်မာ စစ်အာဏာပိုင် တွေအပေါ် နိုင်ငံရေး ဖိအားတွေ ဆက်ပြီး ဖြစ်အောင် လုပ်နေ ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG