သုံးရလွယ်ကူစေသည့် Link များ

မြန်မာစစ်အစိုးရ စာမေးပွဲ သပိတ်မှောက်ရေး သံဃာ့ဥသျှောင်အဖွဲ့ ဆော်သြ


စက်တင်ဘာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရဟန်းသံဃာတွေကို နှိပ်ကွပ်ဖမ်းဆီးတာတွေ၊ ရဲဘက်စခန်းပို့တာတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ပဋ္ဌာန်းပွဲတွေ၊ တရားပွဲတွေကို ပိတ်ပင်တာတွေလုပ်နေတဲ့ စစ်အစိုးရက ပြုလုပ်ပေးမယ့် ပါဠိပထမပြန်စာမေးပွဲနဲ့ ဓမ္မာစရိယစာမေးပွဲတွေကို မဖြေဖို့ ပြည်တွင်းကသံဃာတော်တွေကို သာသနာ့
ဥသျှောင် (ထိုင်းဌာနခွဲ) က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မကြာခင်မှာ မြန်မာစစ်အစိုးရက ရဟန်းသံဃာတော်တွေအတွက် ကျင်းပပေးမယ့် ပါဠိ ပထမပြန်စာမေးပွဲနဲ့ ဓမ္မာစရိယစာမေးပွဲတွေကို ဖြေဆိုခြင်းမလုပ်ဘဲ ဆန့်ကျင်
ကန့်ကွက်ဖို့အတွက် သာသနာ့ဥသျှောင် (ထိုင်းဌာနခွဲ) ရဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်
ဦးပညာသာမိက တိုက်တွန်းလိုက်ပါတယ်။ ဘာကြောင့် ဒီလိုတိုက်တွန်းရတာလဲလို့ မေးတဲ့အခါမှာတော့ …

“ဘာသာတွေကို လက်နက်နဲ့ခြိမ်းခြောက်ပြီး စေတနာမပါတဲ့ အလှူပွဲတွေကို တခုပြီး
တခုလုပ်ပြတယ်။ သံဃာတွေ၊ ပြည်သူတွေ တကယ့်စေတနာထားပြီးလုပ်တဲ့ ဘာသာ
ရေး လုပ်ရပ်တွေကျတော့ တခုမကျန် နအဖအစိုးရက ပိတ်ပင်တားဆီးတယ်။ အခု
ကျင်းပမယ့် စာမေးပွဲကလည်း သာသနာတိုးတက်ကြီးပွားကြောင်း မဖြစ်နိုင်ပါဘူး။ အဲဒီစာမေးပွဲကိုဘန်းပြပြီး ငါတို့ကို ထောက်ခံတယ်၊ ငါတို့ဟာ ဗုဒ္ဓဘာသာစစ်စစ်တွေ
ဖြစ်တယ်၊ စသဖြင့် လူထုနဲ့ကမ္ဘာကို အထင်လွဲအောင် လိမ်ညာဖို့အတွက်ပဲဖြစ်တော့
ဒီ ပါဠိပထမပြန် စာမေးပွဲနဲ့ ဓမ္မာစရိယစာမေးပွဲကို သံဃာတော်တွေအနေနဲ့ ဘယ်လိုမှ မဖြေဆိုသင့်ပါဘူး။ ပြီးတော့ နအဖအစိုးရကို သံဃာထုတရပ်လုံးက သပိတ်မှောက် ကံဆောင်ထားခြင်းပဲဖြစ်တယ်ဆိုတာကို သံဃာတွေအနေနဲ့ မမေ့သင့်တဲ့ကိစ္စတခုပဲ။”

ဦးပညာသာမိဟာ စက်တင်ဘာလှုပ်ရှားမှုကြီးအပြီး ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်
လာတဲ့ ရခိုင်ပြည်နယ် ကံ့ကော်တောကျောင်းက ဆရာတော် ဖြစ်ပါတယ်။ သူက
သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကိုလည်း အခုလို လျှောက်ထားပါတယ်။

“နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေ အပါအဝင် ဆရာတော်၊ သံဃာ တော်များအားလုံးကိုလည်း အခုအချိန်ဟာ လေးလေးနက်နက် စဉ်းစားရမယ့်အချိန် ရောက်နေပါပြီလို့၊ ငါတို့ရဲ့လုပ်ရပ်ဟာ သာသနာအတွက်လား၊ နအဖအတွက်လား
ဆိုတာ ခွဲခြားကြည့်ကြပါလို့ လျှောက်ထားပါရစေ။”

မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ တရားပွဲတွေ၊ ပဋ္ဌာန်းပွဲတွေကို ပိတ်ပင်ခြင်း၊ ခရီးသွားသံဃာတွေကို အမျိုးမျိုး အနှောင့်အယှက်ပေးခြင်းတွေ လုပ်နေတာမို့ စစ်
အစိုးရဟာ သာသနာ့အကျိုးကို မလိုလားဘူးလို့လည်း သာသနာ့ဥသျှောင်
(ထိုင်းဌာနခွဲ) က ဆိုပါတယ်။

အခုလိုမျိုး စက်တင်ဘာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေက အစိုးရပေးအပ်
တဲ့ ဘွဲ့တံဆိပ်တွေကို မယူဖို့၊ အစိုးရလုပ်ပေးတဲ့ စာမေးပွဲတွေကို မဖြေဆိုဖို့ ကန့်ကွက် နေတဲ့အချိန်မှာပဲ ပြည်ပမှာရောက်ရှိနေကြတဲ့ ဆရာတော်တချို့က သာသနာတော်
ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ပူဇော်ပွဲကိုတက်ဖို့ လာနေကြတယ်လို့လည်း စစ်အစိုး
ရ သတင်းစာတွေမှာ ဖော်ပြနေပါတယ်။ ဆရာတော်တွေဟာ အိန္ဒိယ၊ သီရိလင်္ကာ၊
လာအို၊ ထိုင်းနိုင်ငံက လာနေကြသူများဖြစ်တယ်လို့လည်း သတင်းစာတွေမှာ ဖော်ပြ
နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG