သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မလုပ်အားပေးမှု တိုင်ကြားသူတွေ အရေးယူနေတာကို အိုင်အယ်လ်အို အလေးအနက်ထားဖို့လို


အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်
(အိုင်အယ်လ်အို) ရဲ့ အုပ်ချုပ်ရေးအဖွဲ့
ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံက အဓမ္မ
လုပ်အားပေးမှု အခြေအနေတွေနဲ့ ပတ်သက်
လို့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်နေချိန်မှာ
ပဲ ဒီလို လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်
စေဖို့ ရည်ရွယ်ပြီး လက်မှတ်ရေးထိုး
စုဆောင်းတဲ့ လှုပ်ရှားမှုတွေကိုလည်း အချိန်
ကိုက် လုပ်ဆောင်နေကြပါတယ်။ အဓမ္မလုပ်အားပေးခိုင်းစေမှုကိစ္စ အပါအဝင် တခြား အလုပ်သမားဆိုင်ရာ အခွင့်အရေး
တွေ တိုးတက်မှုမရှိတာကို မီးမောင်းထိုးပြဖို့အတွက် အခုလို လုပ်ဆောင်တာလို့လည်း လက်မှတ်စုဆောင်းမှုမှာ ပါဝင်လှုပ်ရှားသူတွေက ပြောကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) နဲ့ မြန်မာစစ်အစိုးရက ပူးပေါင်းဆောင်ရွက်ဖို့
ကတိကဝတ်တွေ ရှိထားပေမယ့်လည်း ဒါတွေကို လိုက်နာမှုမရှိတာကြောင့် အခြေအနေ
တွေ တိုးတက်မှုမရှိဘဲဖြစ်တာကို အခုကျင်းပနေတဲ့ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ ဆွေးနွေးပွဲတွေက သတိပြုမိစေဖို့ ရည်ရွယ်တာလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက
ပြောပြကြတာပါ။ ဒီလို အဓမ္မလုပ်အားပေးခိုင်းစေတာတွေနဲ့ ပတ်သက်လို့ ထိထိ
ရောက်ရောက် အရေးယူဆောင်ရွက်တာတွေ မရှိတဲ့အပြင် ဒီလိုခိုင်းစေမှုအကြောင်း တိုင်ကြားသူတွေကိုပါ ပြန်ပြီး အရေးယူတာမျိုးတွေတောင် ရှိနေတယ်လို့ အိုင်အယ်လ်
အိုနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ယက်လို့ အမည်ပေးထားတဲ့အဖွဲ့က ဦးဆောင် လှုပ်ရှားနေသူတဦးဖြစ်တဲ့ ဦးသိန်းလှိုင်က ဆိုပါတယ်။

“အခု ဒီဟာက လက်ရှိအနေအထားနဲ့ပတ်သက်ပြီး နအဖအပေါ်မှာ ဆောင်ရွက်ရမယ့်
ပြည်သူလူထုရဲ့ သဘောထားတင်ပြချက်သာ ဖြစ်ပါတယ်။ ၂၀၀၇ ဖေဖော်ဝါရီ ၂၆ ရက်
နေ့ အိုင်အယ်လ်အိုနဲ့ မြန်မာအာဏာပိုင်တွေရဲ့ နောက်ဆက်တွဲသဘောတူညီချက်
အပိုဒ် ၉ မှာ အမှုတိုင်တန်းသူများ သို့မဟုတ် သူတို့၏ကိုယ်စားလှယ်များ သို့မဟုတ်
မည်သည့် အခြားပတ်သက်ဆက်နွယ်သူများအား တရားစွဲဆိုရန်ဖြစ်စေ၊ တန်ပြန်
အရေးယူရန်ဖြစ်စေ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မျှ အခြေခံအချက်အလက် မဖြစ်စေရဆိုတာ ဖော်ပြထားတယ်။

“ဒါပေမယ့် အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်သူ ၃၉ ဦးဟာ ဒီနေ့အထိ အရေးယူ ခံထားရတယ်။ အကျဉ်းထောင်တွေထဲမှာ ရောက်နေကြတယ်။ ကျနော်တို့ရရှိသမျှ
စာရင်းအရဆိုရင် အိုင်အယ်လ်အိုကိုတိုင်ကြားတဲ့ အမှုပေါင်း ၇၀ ကျော်ရှိတယ်။ ဒါပေ
မယ့် အမှုသုံးလေးခုကိုသာ ကိုင်တွယ်ပြပြီးတော့ ကျန်အမှုတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ တိုင်ကြားတဲ့အမှုတွေကိုလည်း ထင်သာမြင်သာရှိအောင် ဆောင်ရွက်တာမရှိဘူး။
အဲတော့ ဘယ်လိုလုပ်ပြီး တိုင်ရဲကြမလဲ။ အိုင်အယ်လ်အိုကိုသွားတိုင်မိကာမှ ကိုယ့်
သေတွင်း ကိုယ်တူးသလို ဖြစ်နေကြရတယ်။ တကယ့်တကယ် လွတ်လွတ်လပ်လပ် တိုင်တန်းခွင့်ရမယ်၊ မှန်မှန်ကန်ကန်စီရင်မယ်ဆိုရင်တော့ အမှုတွေဟာ ကျနော်တို့
နိုင်ငံမှာ သောင်းချီပြီးတက်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။”

ဒီလို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မရတဲ့ အခြေအနေရှိနေပေမယ့်လည်း အခု
အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကို လက်မှတ်ရေးထိုးပြီး ဆန္ဒဖော်
ထုတ်ကြဖို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေ အများအပြားရှိခဲ့တယ်လို့ ဦးသိန်းလှိုင်က
ပြောပါတယ်။

“လက်မှတ်ပေါင်း ၁၆၀၀ ကျော်လောက်တော့ ရရှိပါတယ်။ ဒါပေမယ့် တနေရာတည်း
ကတော့ မဟုတ်ဘူး။ အလွှာအသီးသီးက ပုဂ္ဂိုလ်တွေ၊ နယ်မြေအသီးသီးကပုဂ္ဂိုလ်တွေ
စုစည်းပြီးတော့ လက်မှတ်ထိုးကြတာဖြစ်တယ်။ လက်မှတ်ထိုးတဲ့နေရာမှာ ကျနော်တို့ သိရသလောက်ကတော့ မှတ်ပုံတင်နံပါတ်ရယ်၊ အဘအမည်ရယ်၊ နေရပ်လိပ်စာ
အတိအကျ ပါဝင်ပြီး လက်မှတ်ရေးထိုးကြတယ်။”

အခုပြုလုပ်နေတဲ့ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအနေနဲ့ မြန်မာနိုင်ငံ
က တကယ့်အခြေအနေတွေကို သိဖို့လိုတယ်။ တကယ်တမ်း တိုးတက်မှုမရှိဘူးဆိုတာ
တွေကို လက်ခံနိုင်ဖို့လိုတယ်လို့လည်း အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်သူများ
ကွန်ယက်က ဦးသိန်းလှိုင်က ပြောပါတယ်။

“နအဖဟာ အိုင်အယ်လ်အိုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုပြီး နိုင်ငံတကာ
မျက်နှာစာမှာ အိုင်အယ်လ်အိုကို ခုတုံးလုပ်၊ နိုင်ငံရေးအမြတ်ထုတ်နေတယ်။ ကျနော်
တို့အနေနဲ့ ဘာမှပြောင်းလဲတိုးတက်မှုမရှိတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုး၊ သက်တမ်း
တိုးနေရုံမျှနဲ့ အိုင်အယ်လ်အိုအနေနဲ့ ဒါကို တကယ့်တကယ် မဟာ့မဟာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုလို့ မယူဆစေချင်ဘူး။”

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ မပပျောက်သေးသလို၊ အလုပ်သမား
အဖွဲ့အစည်းလို အသင်းအပင်းတွေကိုလည်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်မရှိ၊
နောက် လုပ်အားပေးခိုင်းစေမှုကိစ္စ တိုင်တန်းသူတွေကို ဆက်လက်ဖမ်းဆီးထားဆဲ
ဖြစ်တာကြောင့် အိုင်အယ်လ်အိုအနေနဲ့ မြန်မာစစ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာ
ရေးထိုးထားတာကို သက်တမ်းတိုးဖို့လို ကိစ္စမျိုးတွေကိုလည်း စဉ်းစားသင့်တယ်လို့
အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ယက်က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG