သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းနိုင်ရေး အိုင်အယ်လ်အိုဆွေးနွေး


မြန်မာနိုင်ငံဟာ အိုင်အယ်လ်အို အခြေခံကွန်ဗန်းရှင်း
တခုဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်
ဆိုတာကို ချိုးဖောက်နေတဲ့အတွက် မြန်မာနိုင်ငံတွင်း အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းလှုပ်ရှားခွင့်ဆိုတာကို
အာမခံနိုင်မယ့် ဥပဒေပြဋ္ဌာန်းချက်တွေ ရေးဆွဲအတည်
ပြုဖို့ အိုင်အယ်လ်အို အသင်းအပင်း လွတ်လပ်ခွင့်ဆိုင်ရာ ကော်မတီကနေ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါ
တယ်။ ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
(အက်ဖ်တီယူဘီ) ကိုလည်း တရားဝင်အလုပ်သမားသမဂ္ဂတခုအနေနဲ့ အသိအမှတ်
ပြုဖို့ မြန်မာအစိုးရကို အိုင်အယ်လ်အိုက တောင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အလုပ်သမားသမဂ္ဂတို့၊ ကျောင်းသားသမဂ္ဂတို့ တရားဝင်ရပ်တည်
ခွင့်မရခဲ့တာ ရာစုနှစ်တ၀က်နီးပါးလို့တောင် ပြောလို့ရပါတယ်။ သမဂ္ဂအရေး လှုပ်ရှား သူတွေဆိုရင်လည်း ဆူပူလှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေအဖြစ် စစ်အစိုးရက
ကင်ပွန်းတပ် အရေးယူလေ့ ရှိပါတယ်။ အခုလည်းပဲ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့မေဒေး
နေ့တုန်းက အမေရိကန်ပြန်ကြားရေးရုံးမှာ မေဒေးနေ့အခမ်းအနားအတွက် လှုံ့ဆော် ဆောင်ရွက်ခဲ့ကြလို့ ဖမ်းဆီးခံခဲ့ရတဲ့ သူရိန်အောင်ပါ ၆ ဦးကိစ္စနဲ့ ပတ်သက်လို့
အိုင်အယ်လ်အို လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကော်မတီကနေ မြန်မာ
အစိုးရကို မေးမြန်းခဲ့ရာမှာ ဒီလူတွေဟာ အကြမ်းဖက်ဆူပူရေးသမားတွေဖြစ်တာ
ကြောင့် အမျိုးသားလုံခြုံရေးဥပဒေတွေနဲ့ အရေးယူထားတာလို့ တုံ့ပြန်ချက်ပဲ ရခဲ့ပါ
တယ်။ ဒါကြောင့်လည်း အခု ဒီကော်မတီကနေ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ကို
တင်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း လက်ရှိတည်ဆဲဥပဒေတွေအရ အိုင်အယ်လ်
အို ကွန်ဗန်းရှင်း ၈၇ ကို ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သုံးနှုန်းဖော်ပြခဲ့တာတွေ့ရပါ
တယ်။ ဒီကွန်ဗန်းရှင်းကို လိုက်နာပါ့မယ်လို့ မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ထိုးထားပြီး
သားဖြစ်တယ်လို့ သိရပါတယ်။ မနေ့က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဒီကော်မတီ
ကနေ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့တာနဲ့ပတ်သက်လို့ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ဂျနီဗာကို ရောက်ရှိနေတဲ့ ရန်ကုန်
က အိုင်အယ်လ်အိုရုံးတာဝန်ခံ စတိဗ်မာရှဲလ် (Steve Marshall) ကို ကျနော်မေးကြည့်
ပါတယ်။

“သူတို့ရရှိထားတဲ့ တိုင်ကြားချက်အမှုတွေကို ဆန်းစစ်ပြီးတဲ့နောက် မြန်မာနိုင်ငံတွင်း
အသင်းအပင်း လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ အခြေအနေဟာ အိုင်အယ်လ်အိုရဲ့ အခြေခံကွန်ဗန်းရှင်းတခုဖြစ်တဲ့ ကွန်ဗန်းရှင်းအမှတ် ၈၇ ကို ချိုးဖောက်နေတာဖြစ်
တယ်လို့ ဒီကော်မတီကနေ တင်ပြခဲ့ပါတယ်။ ဒီကွန်ဗန်းရှင်းကို မြန်မာအစိုးရ လက်မှတ်ထိုးထားတာကြောင့် မြန်မာနိုင်ငံတွင်းက လူထုအနေနဲ့ လွတ်လပ်စွာ
အသင်းအပင်းဆိုင်ရာ လှုပ်ရှားခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဆိုတဲ့ အခွင့်အရေး
တွေ ရှိရမှာဖြစ်ပါတယ်။ ဒီအခွင့်အရေးအပေါ် မြန်မာစစ်အစိုးရအနေနဲ့ အာမခံ လိုက် လျောပေးရမယ့်တာဝန် ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံတွင်း အလုပ်သမားသမဂ္ဂ
ဖွဲ့စည်းခွင့်၊ အသင်းအပင်း လွတ်လပ်စွာလှုပ်ရှားခွင့်တွေကို အာမခံပေးနိုင်မယ့် ဥပဒေ ပြဋ္ဌာန်းချက်တွေကို ပြန်လည်စိစစ်ဖို့လိုမယ် ဆိုတာတွေကို ဒီကော်မတီကနေ တင်ပြခဲ့
ပါတယ်။” လို့ စတိဗ်မာရှဲလ် ရှင်းပြခဲ့တာပါ။

မြန်မာနိုင်ငံက ဒီအမှုတွေကို နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (အိုင်တီယူစီ)
ကနေ တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အိုင်အယ်လ်အိုရဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကော်မတီအနေနဲ့က အိုင်အယ်လ်အို အုပ်ချုပ်ရေး
အဖွဲ့ကိုယ်စား ဒီတိုင်ကြားမှုတွေကို လက်ခံပိုင်ခွင့်ရှိပါတယ်။ ဒီကနေတဆင့် အမှုတွေ
ကို ဆန်းစစ်ပြီးတော့ အကြံပြုတင်ပြချက်တွေနဲ့တကွ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး
တိုင်းကို တင်ပြရာမှာ မနေ့က မြန်မာနိုင်ငံအကြောင်းအရာကိုပါ ထည့်သွင်းသွားခဲ့
တာပါ။

ဒီနေ့မှာတော့ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ မြန်မာ့အရေးကိစ္စ သီးသန့်ဆွေးနွေးပွဲခေါ်ယူဖို့ ရှိနေပါတယ်။ ရန်ကုန် အိုင်အယ်လ်အိုရုံးတာဝန်ခံ စတိဗ်
မာရှဲလ်ကနေ မြန်မာနိုင်ငံအခြေအနေကို တင်ပြမှာပါ။

“တင်ပြသွားမယ့်အထဲမှာတော့ စစ်တပ်ကနေ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ
ကို စုဆောင်းအသုံးပြုတာတွေ ပါဝင်မှာပါ။ ဒီနေ့မနက်ပိုင်း ကျနော် တင်ပြဆွေးနွေးမှာ
ပါ။ ပြီးရင်တော့ မေးမြန်းတာတွေကို ဖြေကြားမယ်၊ နောက်ထပ် သတင်းအချက်
အလက်တွေကို ထပ်ဖြည့်ဆွေးနွေးကြမှာပါ။ ဒါပေမယ့် ဒီဆွေးနွေးပွဲပြီးရင် အုပ်ချုပ်
ရေးအဖွဲ့အနေနဲ့ ဘယ်လိုဆုံးဖြတ်မယ်၊ ဘယ်လိုနိဂုံးချုပ်ချက် ထုတ်ပေးမယ်ဆိုတာတွေ
ကိုတော့ မသိနိုင်သေးပါဘူး။”

မကြာသေးခင်က အိုင်အယ်လ်အို အမှုဆောင်အရာရှိတဦးဖြစ်တဲ့ မစ္စတာ ကယ်ရီ
တယ်ပီယိုလာ (Kari Tapiola) နဲ့ မြန်မာ ဒုတိယအလုပ်သမားရေးဝန်ကြီးတို့အကြား သဘောတူညီထားတဲ့ အိုင်အယ်အို-မြန်မာ ထပ်ဆင့်နားလည်မှုစာချွန်လွှာကို အခု
လာမယ့် အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ကနေ အတည်ပြုပေးဖို့ အလားအလာရှိ
တယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက်အရတော့ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေအပေါ် တိုင်ကြားချက်တွေကို ရန်ကုန်က အိုင်အယ်လ်အို
အရာရှိအနေနဲ့ လက်ခံပိုင်ခွင့်ရှိသလို လွတ်လွတ်လပ်လပ် သွားလာစုံစမ်းခွင့် ရှိပါ
တယ်။ အစိုးရအာဏာပိုင်တွေဘက်ကလည်း တိုင်ကြားသူတွေ တိုင်ကြားနိုင်အောင် စီစဉ်ပေးသူတွေကို အရေးမယူပါဘူးဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။ ဒီသဘောတူညီချက်က ပြောရရင် ပြီးခဲ့တဲ့နှစ်အတွင်း တကယ်တမ်း အလုပ်ဖြစ်ခဲ့ရဲ့
လား။ မစ္စတာ စတိဗ်မာရှဲလ်ကို ကျနော်မေးကြည့်ပါတယ်။

“အရင်ဆုံးပြောရရင်တော့ ဒီသဘောတူညီချက်ဟာ စဉ်းစားဆောင်ရွက်ချက်အသစ်
ဆိုတာကို လက်ခံရပါမယ်။ ဒါ တနှစ်ပဲ သက်တမ်းရှိပါသေးတယ်။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်လို့ ချဉ်းကပ်ဆောင်ရွက်မှုအသစ် ဖြစ်ပါတယ်။
ဒီချဉ်းကပ်မှုဟာ အလုပ်ဖြစ်တဲ့ ကနဦးခြေလှမ်းရယ်လို့ ပြောရမယ်ထင်ပါတယ်။
ပြဿနာတွေတော့ ရှိပါတယ်။ ဒီလိုပြဿနာတွေရှိတယ်ဆိုတာကို ဘယ်သူကမှလည်း ဖုံးကွယ်မထားပါဘူး။ ဒါပေမယ့် ဒါဟာ အသုံးတည့်တဲ့ ကနဦးခြေလှမ်းဖြစ်ပါတယ် နောက်ထပ်လုပ်စရာတွေ အများကြီးရှိပါသေးတယ်။”
ရန်ကုန် အိုင်အယ်လ်အိုရုံးတာဝန်ခံ စတိဗ်မာရှဲလ် ပြောသွားခဲ့တာပါ။

ဒီကနေ့အစည်းအဝေးမှာ မြန်မာအစိုးရကိုယ်စားလှယ်လည်း တတ်ရောက်ဖို့ရှိပြီး
အိုင်အယ်လ်အို အစီရင်ခံစာတွေအပေါ် ပြန်လည်ရှင်းလင်းချက် မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်တွေကိုလည်း ပြောဆိုတင်ပြမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG