သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ်နှင့် ဒလိုင်းလားမားတွေ့ဆုံရေးအလားအလာ ဗြိတိန်ဝန်ကြီးချုပ် ပြောကြား


ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တိဘက်နယ်မြေက အကြမ်းဖက်မှုတွေ အဆုံးသတ်ရမယ်လို့ သူ တရုတ် ဝန်ကြီးချုပ်ကို အကြောင်းကြား ပြောဆိုခဲ့တဲ့အကြောင်း ပြောပါတယ်။ ပြည်ပရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ဒီနှစ်ကုန် လန်ဒန်ကို လာတဲ့အချိန် သူတွေ့ဆုံ မယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင်က ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံစကားပြောဖို့ လမ်းဖွင့် ထားပါတယ်လို့လည်း မစ္စတာ ဂေါ်ဒွန်ဘရောင်းက ပြောပါတယ်။ လန်ဒန်ကနေ Tendai Maphosa သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ဆက်ပြီး တင်ပြပေးပါတယ်။

ဗြိတိန်ပါလီမန်မှာ မိန့်ခွန်းပြောကြားတဲ့အချိန် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက သူ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင်နဲ့ တယ်လီဖုံးဆက် စကားပြောခဲ့တဲ့အကြောင်း အခုလို ပြောပါတယ်။

တိဘက်နယ်မြေ အတွင်းက အကြမ်းဖက်မှုတွေ လုံး၀ အဆုံးသတ်ရမယ်ဆိုတာကို ကျနော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင်လုပ်ဖို့ ကျနော်က တောင်းဆိုပါတယ်။ နောက် နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် လုပ်ဆောင်ဖို့လည်း တောင်းဆိုပါတယ်။ တရုတ်ဝန်ကြီးချုပ်က အချက်နှစ်ချက် ပြောပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားလည်း ဒီကိစ္စတွေ ပြောပြီးသားပါ။ ဘုန်းတော်ကြီး ဒလိုင်းလားမား အနေနဲ့ တိဘက်ရဲ့ လုံး၀ လွတ်လပ်ရေးကို မထောက်ခံရဘူး၊ အကြမ်းဖက်မှုတွေကို ဆန့်ကျင် ရှုတ်ချမယ်ဆိုရင် ဆွေးနွေးဘို့ ပြင်ဆင်မယ်လို့ တရုတ် ဝန်ကြီးချုပ်က ပြောပါတယ်။ လန်ဒန်ကို ဘုန်းတော်ကြီး ဒလိုင်းလားမား ရောက်တဲ့အချိန် ကျနော် တွေ့ဆုံမှာပါ။

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းအနေနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံဘို့ ဖိအားပေး ခံနေရပါတယ်။ ဒီလို တွေ့ဆုံတာကို ဗြိတိန်ရဲ့ အဓိက ကုန်သွယ်ဘက် တရုတ်နိုင်ငံက ဗြိတိန်အပေါ် ဒေါသဖြစ်နိုင်ပါတယ်။

တရုတ် အစိုးရက ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဘက်ရဲ့ လွတ်လပ်ရေး စိတ်ဓါတ်တွေ ပေါ်လာအောင် မီးထိုးပေးနေတယ်ဆိုပြီး အပြစ်တင် ရှုတ်ချပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း တိဘက်မှာ ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ဟာလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားကြောင့် ဖြစ်တာလို့ ပြောဆိုစွတ်စွဲထားပေမယ့် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒီ စွတ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး David Miliband က တိဘက်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အကြောင်း အင်္ဂါနေ့က ပြောဆိုပြီးတဲ့နောက် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ တိဘက်အရေးနဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ဘို့ တွေ့ဆုံ ဖြေရှင်းတာကသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုပြီး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အခု တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား လန်ဒန်လာတဲ့အခါ တွေ့ဆုံ မယ်ဆိုပြီး ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ပြောဆိုတာကို ဗြိတိန်အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် David Cameron က ထောက်ခံပါတယ်။ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းအနေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ရမယ်ဆိုတာကို နားလည်တဲ့အကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ အကြောင်း ပြောဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ တိဘက် ဆန္ဒပြပွဲတွေကို နှိမ်နှင်းခဲ့တဲ့အတွက် တရုတ်နိုင်ငံမှာ နွေရာသီ ကျင်းပဘို့ စီစဉ်ထားတဲ့ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ဘို့ တောင်းဆို တာတွေ ပိုများလာနေပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားကတော့ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရေး သူ့အနေနဲ့ မထောက်ခံပါဘူးလို့ ပြောဆိုထားပါတယ်။ တရုတ် အာဏာပိုင်တွေ ကတော့ အိုလံပစ် မီးရှုးတိုင်ဟာ အိုလံပစ်ပွဲမတိုင်ခင် ကမ္ဘာကို ပတ်ဘို့ စီစဉ်ထားတဲ့အတိုင်း တိဘက် နယ်မြေကိုလည်း ဖြတ်ပြီး သယ်မယ်လို့ ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG