သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာ့အရေး မှတ်ချက်ကို အာစီယံ အကြီးအကဲ သတိပေး


မြန်မာ့အရေးကို မှတ်ချက်ပေးပြောဆိုမယ်ဆိုရင် သတိထားပြောဆိုဖို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်း ပစ်တ်ဆူဝန် (Surin Pitsuwan) က ထိုင်းဝန်ကြီးချုပ် စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej) ကို အကြံပေးလိုက်ပါတယ်။ မြန်မာပြည်ဟာငြိမ်းချမ်းနေပြီး အုပ်ချုပ်နေတဲ့ ခေါင်းဆောင်ကလည်း ဗုဒ္ဓဘာသာဝင်ကောင်းတဦးဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပြီး တဲ့နောက် အာဆီယံအတွင်းရေးမှူးချုပ်က ခုလို အကြံပေးခဲ့တာပါ။ ဦးကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးပါမယ်။

မြန်မာ့နိုင်ငံရေးအခြေအနေကို အလေးအနက်နားလည်ဖို့လိုပြီး အကဲဆတ်မှုကို လေးစားဖို့လိုတယ် လို့လည်း မစ္စတာဆူရင်က အလေးထားပြောခဲ့တဲ့အကြောင်းကို ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံမှာထုတ်ဝေတဲ့ ဘန်ကောက်ပို့စ်တ် သတင်းစာမှာဖော်ပြထားတာပါ။

ဝန်ကြီးချုပ် မစ္စတာစမတ်က်က အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ သတ်ဖြတ်မှုတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေဟာ မြန်မာပြည်မှာ ပုံမှန်ဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်၊ ဒါပေမယ့် အချက်အလက်တွေကို နားလည်ဖို့လို တယ်၊ မြန်မာပြည်ပေါ် ကြည့်မြင် ပုံတွေဟာ အမြဲတမ်း တဘက်သတ်အမြင်တွေဖြစ်နေပြီး ဒင်္ဂါးပြားတခုမှာ ဘက်နှစ်ဘက်ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။

မစ္စတာဆူရင်က ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်အကြောင်း ကမ္ဘာကိုရှင်းပြဖို့ရာ အဆင်သင့်ဖြစ်မှုကို ဆန်းစစ်သင့်တယ်လို့ သတိ ပေးခဲ့ပါတယ်။

မစ္စတာဆူရင်ဟာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရက်တစ်ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရလက်ထက်မှာ ၁၉၉၇ ခုနှစ် နှစ်လည်ကနေ ၂၀၀၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းမှာတော့ အာဆီယံအတွင်း ရေးမှူးချုပ်ဖြစ်လာခဲ့ပြီး လေးနှစ် သက်တမ်းရှိတဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ။

သူက ASEAN အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ် ရေးဖြစ်ဖို့ ထောက်ခံတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အဖြေရှာတွေ့တဲ့ထိ၊ အာဆီယံရဲ့ကူညီမှုကို မြန်မာအစိုးရက လက်ကမ်းကြိုဆိုလာတဲ့ထိ ကုလသမဂ္ဂက ကိုင်တွယ်ဆောင်ရွက်နေတဲ့ အခန်း ကဏ္ဍကို ထောက်ခံတယ်လို့ မစ္စတာဆူရင်ကပြောပါသေးတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အပေါ် ထိုင်းနိုင်ငံမှာပဲ ဒီကနေ့ထုတ်ဝေတဲ့ The Nation သတင်းစာ အယ်ဒီတာ့အာဘော်မှာလည်း အပြင်းအထန် ဝေဖန်ထားပါသေးတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ စကားတွေဟာ ထိုင်းနိုင်ငံရဲ့အတွေ့အကြုံနည်းပါးမှုနဲ့ သူ့ရဲ့ မဆင် မခြင်ပြောဆိုတတ်တွေကို ဖော်ပြနေပါတယ်တဲ့။ ဒါ့အပြင် အဲဒီအယ်ဒီတာ့အာဘော်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလည်း မလွတ်တမ်း ဝေဖန်ထားပါသေးတယ်။ သူလည်း ပိုမသာပါဘူးတဲ့၊ မြန်မာ့အရေးဟာ ပြည်တွင်းရေး ကိစ္စဖြစ်တယ်၊ ဒဏ်ခတ် အရေးယူတာ ကို ထိုင်းနိုင်ငံက မထောက်ခံပါဘူးဆိုပြီး နိုင်ငံခြားရေးဝန်ကြီး Noppadon Patama ကပြောခဲ့ဖူးပါတယ်လို့ ထောက်ပြထားပါတယ်။

The Nation အယ်ဒီတာက ကုလသမဂ္ဂဟာ တခုတည်းသော မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကတော့ ထင်ရှားတယ်လို့ ဆိုထား ပါတယ်။ အကျပ်အတည်းကိုကျော်လွှားဖို့ ကုလသမဂ္ဂဟာ အကောင်းဆုံး မျှော်လင့်ချက်အဖြစ် ရှိနေဆဲဖြစ်ပေမယ့် လုပ်ဆောင်နိုင် မှုက အားနည်းလှတယ်လို့ ထောက်ပြထား ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ တပ်ခ်ဆင် ရှင်နာဝပ်နဲ့ လက်ရှိဝန်ကြီးချုပ်အပါအ၀င် ထိုင်း ခေါင်းဆောင်တွေဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးလုပ်ချင်ကြတာဟာ စိတ်ဝင်စားစရာ အချက်ပဲလို့လည်း The Nation အယ်ဒီတာက ရေးပါတယ်။

လက်ရှိ မတင်မကျအခြေအနေအောက်မှာ ကုသမဂ္ဂရဲ့အနေအထားကို မြှင့်တင်အားပေးနိုင်မယ့် လုပ်ဆောင်မှုအသစ်တွေ လိုအပ် ကြောင်း၊ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်လို နိုင်ငံတွေဟာ ပိုလုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်တဲ့။ အချက်ကတော့ ဆူဟာတိုလက်ထက် အင်ဒိုနီးရှား နိုင်ငံရဲ့ပုံစံကို ပုံတူယူဖို့ မြန်မာအစိုးရက စဉ်းစားခဲ့ဖူးတာရယ် အနောက်နဲ့ ထိတွေ့ဆက်ဆံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်ပုံစံကို မြန်မာ ခေါင်းဆောင်တွေ အာရုံကျခဲ့ဖူးတာတွေ ရယ်ကို ထောက်ပြထားပါတယ်။ ကုလသမဂ္ဂနဲ့အတူ ဒီနိုင်ငံတွေဟာ စစ်အစိုးရကို ဆွဲဆောင်နိုင်ခြေရှိပါတယ်တဲ့။ ၁၉၈၀ ပြည့်နှစ်တွေတုန်းက ကမ္ဘောဒီးယားပဋိပက္ခအတွင်း အင်ဒိုနီးရှားက ကူညီဖြေရှင်းပေးခဲ့ပြီးတဲ့နောက် ပါရီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ခဲ့တာကိုလည်း သမိုင်းကြောင်းချီပြီး ဖော်ပြထားပါတယ်။

နောက်ဆုံးမှာတော့ မြန်မာပြည်ပြဿနာဖြေရှင်းဖို့ရာ ဒေသတွင်းနိုင်ငံတွေ မှန်မှန်ကန်ကန် တွဲဖက်ပြီး ဖိအားပေးဆောင်ရွက်မယ် ဆိုရင် မြန်မာ့အခြေအနေတွေ ရှေ့ကို တိုးတက်သွားနိုင်ပါတယ် လို့ The Nation အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG