သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်အရေး ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဖို့ တရုတ်ကို အမေရိကန် တိုက်တွန်း


တိဘက်နယ်မြေမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြေရှင်းဖို့ တရုတ်အစိုးရကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လည်း တရုတ်အစိုးရကို တောင်းဆိုပါတယ်။ ဝါရှင်တန်မြို့တော်ကနေ Meredith Buel သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြပေးပါတယ်။

တိဘက်မှာ ကြုံနေရတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ ညနေကပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ယန်ဂျေးချီနဲ့ (Yang Jiechi) နဲ့ ဆွေးနွေးခဲ့ပါတယ်။

ကွန်ဒိုလီဇာရိုက်စ်အနေနဲ့ တယ်လီဖုန်းကနေ မိနှစ် ၂၀ လောက် အမေရိကန် အစိုးရရရဲ့ မူဝါဒကို ထပ်လောင်း အတည်ပြု ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင် မက်ကောမက် (Sean McCormack) က ပြောပါတယ်။

တိဘက်ဒေသက ဆန္ဒပြသူတွေအရေးကို ဖြေရှင်းတဲ့အခါ တရုတ်အစိုးရဘက်က ထိန်းထိန်းသိမ်းသိမ်း နဲ့ ဆောင်ရွက်ပေးဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ထပ်ပြီး တောင်းဆိုတာပါ။ အကြမ်းဖက်မှု တွေဟာ ဘယ်သူတွေရဲ့ ဦးတည်ချက်ကိုမှ အောင်မြင်စေမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ကွန်ဒိုလီဇာရိုက်စ်က ပြည်ပရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ တရုတ်အစိုးရကို တိုက်တွန်း တောင်းဆိုတယ်လို့ ရှောင်မက်ကောမက်က် ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။ သူဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သူပါ။ ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းတဲ့သူပါ။ ဒီလို တွေ့ဆုံဆွေးနွေးဖို့ အရင်ကလည်း တခါတစ်လေ ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။ ဒီအချိန်က တော့ ဒီလို တွေ့ဆုံဆွေးနွေးဘို့ အသင့်တော်ဆုံး အချိန်ဆိုတာ သေခြာပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တိဘက် အရေးလှုပ်ရှားသူတွေကတော့ နိုင်ငံတကာ အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ တရုတ်နိုင်ငံမှာ လာမယ့် သြဂုတ်လ ကျင်းပဖို့ စီစဉ်ထားတဲ့ အိုလံပစ် ပွဲတော် ဖွင့်ပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်ဖို့ တိုက်တွန်းနေပါတယ်။

အမေရိကန်သမ္မတ ဘုရှ်ဟာ အဲဒီ အိုလံပစ်ပွဲတော်ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ သမ္မတ အိမ်ဖြူတော်ကတော့ သမ္မတဘုရှ်အနေနဲ့ အိုလံပစ်ပွဲတော် တက်ရောက်ရေး အစီအစဉ်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တိဘက်နယ်မြေအတွင်း ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်လို့ လေ့လာစစ်းစစ်တဲ့ အဖွဲ့တစ်ဖွဲ့ တိဘက် နယ်မြေကို သွားနိုင်ရေး အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တောင်းဆိုထားပါတယ်။ အခုအချိန်အထိတော့ တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စုရဲ့ တောင်းဆိုချက်ကို လက်မံသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG