သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူတန် ပြည်သူတွေ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကို မယုံရဲသေး


ဘူတန်နိုင်ငံမှာ လာမယ့် တနလာၤနေ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီရွေးကောက်ပွဲက ဘူတန်နိုင်ငံကို ကမ္ဘာပေါ်က ဒီမိုကရေစီနိုင်ငံသစ် တစ်ခုအဖြစ် ပေါ်ထွန်းလာအောင် တွန်းအားပေးမယ့် ရွေးကောက်ပွဲပါ။ ဟိမဝန္တာ တောင်တန်းပေါ်က အထီးကျန် ရပ်တည်တဲ့ ဘုရင်ပိုင်နိုင်ငံ ဘူတန်အတွက် ၂၁ ရာစုမှာ ရွေးကောက်ပွဲ ကျင်းပတယ် ဆိုတာက ရဲရင့်တဲ့ အပြောင်းအလဲ၊ ခြေလှမ်း တစ်ခုလို့ ပြောရမှာပါ။ ဘူတန်နဲ့ အိန္ဒိယနိုင်ငံနယ်ခြား ဖန်တ်ရိုလင်း (Phuentsholing) ကနေ ရေမွန် သီဘိုးဒက်ဇ် (Raymond Thibodeaux) သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဘူတန်ဟာ အိန္ဒိယနဲ့ တရုတ် အင်အားကြီး နိုင်ငံကြီး နှစ်ခုအကြားမှာ တည်ရှိခဲ့တဲ့ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ဘုရင်ပိုင်နိုင်ငံပါ။ နှစ်ပေါင်း ၁၀၀ လောက် ဘုရင်အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ အရင်က ကမ္ဘာနဲ့ သီးခြား ရပ်တည်ခဲ့တဲ့ ဘူတန် ဘုရင်ပိုင်နိုင်ငံဟာ အခုတော့ အပြောင်းအလဲတွေဆီ ဦးတည်နေပါပြီ။

တနလာၤနေ့ဆိုရင် ဘူတန်ရဲ့ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ ပါလီမန် လွှတ်တော် ကိုယ်စားလှယ်တွေကို ပထမဆုံး အကြိမ် ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒီပါလီမန်အမတ်တွေက ဘုရင်ရဲ့ အကြံပေး သက်သက် မဟုတ်တော့ဘဲ တကယ့် အာဏာကို စစ်စစ်မှန်မှန် ကိုင်စွဲမယ့် ပါလီမန်အမတ်တွေ ဖြစ်လာတော့မှာပါ။

ဘူတန်ရဲ့ ဘုရင်ဟာ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဘုရင်လိုပဲ နိုင်ငံကို အမည်ခံ ဦးဆောင်သူ နိုင်ငံရဲ့ ဥသျှောင်အဖြစ်သာ ရှိတော့မှာဖြစ်ပါတယ်။

ဖန်တ်ရိုလင်းမှာရှိတဲ့ ဟော်တယ်တစ်ခုကို ကြီးကြပ်သူ ရမ်ဂေ ဝမ်ချတ်ခ် (Ramgay Wangchuck) ဆိုတဲ့ သူကတော့ ဘူတန်နိုင်ငံသား တစ်ချို့ဟာ ဒီမိုကရေစီရမှာကို သိပ်လိုလိုလားလား မရှိကြဘူးလို့ ပြောပါတယ်။ လက်တွန့်နေကြတယ်တဲ့။

“ဘုရင်ကို လူတွေက တောင်းဆိုခဲ့ကြရင်တောင် တကယ်တမ်း ဒီမိုကရေစီ တည်ဆောက်မယ်ဆိုပြီး ကြေညာလိုက်တဲ့အချိန် ဗဟိုက ချုပ်ကိုင်တဲ့ အစိုးရ စနစ်ကို ဖျက်သိမ်းပြီလို့ ပြောတဲ့အချိန်ကြတော့ လူတွေက တကယ်တမ်း ဒါကို မလိုချင်ကြပါဘူး။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်က တိုင်းပြည်အာဏာကို ပြည်သူတွေ လက်ထဲ ထည့်လိုက်ပြီလေ။ လူတွေကလည်း ဘုရင့် ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားနေကြတယ်။”

ဘူတန်နိုင်ငံမှာ အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုရှိပါတယ်။ တစ်ခုက ပြည်သူ့ ဒီမိုကရက်တစ်ပါတီ ဖြစ်ပြီး မြင်းဖြူကို အမှတ်အသား လုပ်ထားပါတယ်။ နောက်ပါတီတစ်ခုကတော့ ဘူတန် ကြွယ်ဝချမ်းသာရေးနဲ့ သွေးစည်းရေးပါတီပါ။ လည်ပင်းနက် ကြိုးကြာငှက်ကို သင်္ကေတ လုပ်ထားပါတယ်။

ပါတီတွေရဲ့ သင်္ကေတ အမှတ်အသားတွေသာ ကွာခြားတာပါ။ ပါတီနှစ်ခုအကြားမှာ တကယ်တမ်းကြ သိပ်မထူးပါဘူး။ ပါတီတွေကလည်း မဲဆွယ်စည်းရုံးတာတွေ သိပ်ပြီး မလုပ်ကြတော့ပါဘူး။ ပါတီ နှစ်ခုစလုံးက သူတို့အခေါ် တိုင်းပြည်တဝှမ်း အားလုံး တစုတည်း ပျော်ရွှင်နိုင်ကြရေး ဆိုတာကို အဓိက ထားပြီး အချက်လေးချက်ကို မဏ္ဍိုင်အဖြစ်ထား လုပ်ကိုင်နေကြပါတယ်။ တစ်ချက်က သဘာ၀ ပတ်ဝန်းကျင် ကာကွယ်ရေး၊ နောက်တစ်ခုက ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ တိုးတက်မှုနဲ့ အစိုးရကောင်း တစ်ရပ် ထူထောင်ရေးဆိုတာပါပဲ။

ဒါပေမယ့်လည်း အရင်က ဘုရင်ငါးပါး ဆက်တိုက် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံမှာ အေးချမ်းတည်ငြိမ်ခဲ့တဲ့ အစဉ်အလာ ရှိတာကြောင့် အခု ဒီမိုကရေစီစနစ်က အရင်လို အေးချမ်းပါ့မလားဆိုတာကို သံသယ ဖြစ်မိတဲ့အကြောင်း မေးခွန်းထုတ်တာတွေကို ဘူတန်ထုတ် သတင်းစာ အယ်ဒီတာ့ အာဘော်တွေမှာ တွေ့နေရပါတယ်။

ဘူတန်မြို့တော် သီမ်ဘူး (Thimphu) စီမံခန့်ခွဲရေးဆိုင်ရာ တော်ဝင် တက္ကသိုလ်က နိုင်ငံရေးနဲ့ ဒီမိုကရေစီရေးရာ ကထိက ဂျစ် တက်ရှ်ရင်း (Jit Tshering) ကတော့ အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့က အိမ်နီးချင်းနိုင်ငံတွေမှာ ဒီမိုကရေစီရေးဆိုပြီး စိတ်ကူးယဉ်စရာတွေ ကြည်နူးစရာတွေ တွေးပြီး စိတ်လှုပ်ရှားနေတာမျိုး သိပ်မရှိပါဘူး။ ကျနော်တို့ကိုလည်း သိပ်အထောက်အကူ မပြုခဲ့ဘူးလေ။ ကျနော်တို့ရဲ့ အတိတ် သမိုင်းကြောင်း၊ ကျနော်တို့ အခြေချ ပျိုးထောင်ခဲ့တာတွေကို ပြန်ကြည့်ရင် ကျနော်တို့ဘာသာ ကောင်းကောင်းမွန်မွန် နေခဲ့ကြတာပါ။ အခု မေးခွန်းထုတ် နေတာက အသစ်တွေ ပြောင်းပြီး ကျနော်တို့ ရပြီးသား အောင်မြင်မှုတွေ အပျက်အဆီး ခံရမှာလား ဆိုတာပါ။ ဒါက တကယ့်ပကတိ ကျနော်တို့ ရင်ဆိုင်နေရတာ၊ နောက်ပြီးး ကျနော်တို့ အနာဂတ် အတွက် စိုးရိမ်မိတာတွေပါ။”

ဘူတန်ရဲ့ စတုတ္ထမြောက် နန်းဆက် ဘုရင် ဂျစ်မီ ဆင်ဂ်ယီး ဝမ်ချပ်ခ် (Jigme Singye Wangchuck) က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက ဘုရင်စနစ်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီမိုကရေစီနစ်ကို ထူထောင်ဖို့ ကတိပေးခဲ့တာပါ။ သူ့သား အခု ပဉ္စမမြောက် နန်းဆက် ဖြစ်တဲ့ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ဘုရင် ဂျစ်မီး ကေးဆဲလ် နမ်းဂူရယ်လ် ဝမ်ချပ်ခ် (Jigme Khesae Namguel Wangchuck) က ဒီလို မျှော်မြင်ခဲ့တာတွေကို အခုလို အကောင်အထည် ဖေါ်ခဲ့တာဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်း အေဂျင်စီ ဖွင့်ထားသူတစ်ယောက်ဖြစ်တဲ့ ဒေါ်လ်မို ချိုဆို (Dolmo Choso) ကတော့ လက်ရှိ ရထားတဲ့ အနေအထားကို သူ့အနေနဲ့ ကျေနပ်ပျော်ရွှင် ပါတယ်လို့ ပြောပါတယ်။ ဘာအပျက်အဆီးမှ မရှိတဲ့ နိုင်ငံရေးစနစ်ကို ဘာမှ ပြုပြင်စရာ မလိုဘူးလို့လည်း ပြောပါတယ်။

“ကျမတို့က ဘုရင်ကို ကျမတို့ရဲ့ ခေါင်းဆောင်အဖြစ် ကြည်ညို နေကြဆဲပါ။ ဒါပေမယ့် ပြည်သူတွေက သူတို့ကို အုပ်ချုပ်မယ့် ခေါင်းဆောင်ကို ရွေးချယ်ရမယ်ဆိုပြီး သူက ခွင့်ပြုလိုက်တယ်။ ဒီတော့ ကျမတို့လည်း နိုင်ငံသားကောင်းပီပီ မဲရုံကို သွား မဲထည့်ရတော့မှာပေါ့။ ကျမတို့မှာ စိတ်ခံစားမှုတွေက ရောထွေးနေပါတယ်။ ဒါပေမယ့် ကျမတို့ လုပ်ရလိမ့်မယ်။ ဒါက ဘူတန်ရဲ့ အနာဂတ်အတွက်လို့ ထင်တာပဲလေ။”

ဘူတန်နိုင်ငံသားတွေအတွက် မဲရုံကို သွားမဲထည့်ရမယ့် အဓိက အခက်အခဲ တစ်ခုက မဲရုံတွေနဲ့ အိမ်တွေနဲ့ သိပ်ဝေးတော့ အဝေးကြီးသွားပြီး မဲထည့်ရမယ့်အရေး ဖြစ်ပါတယ်။ တချို့ဆိုရင် မဲထည့်ပြီး မဲရုံကနေ အိမ်ပြန်ဖို့ သုံးရက်လောက် ကြာမှာပါ။ ကားတွေ၊ ဘတ်စ်ကားနဲ့ ခြေလျင်ခရီး အဝေးကြီးကို သွားရမှ ာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘုရင်ရဲ့ အလိုအကျ ဘုရင်ခိုင်းစေတဲ့ ခရီးမို့ သူတို့တတွေ မဲရုံကို သွားကြရပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG