မြန်မာစစ်အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီး အိုင်အယ်လ်အို က ချမှတ်ထားတဲ့ သဘောတူညီချက်တွေကို အပြည့်အ၀ လိုက်နာဘို့ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကနေ တောင်းဆို တိုက်တွန်းလိုက်ပါတယ်။ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေ ပပျောက်ရေး ကြိုးပမ်းရာမှာ တိုင်ကြားနိုင်တဲ့ စနစ်ကို မြန်မာပြည်သူတွေ ပိုပြီး သိလာအောင် သတင်းအချက်အလက်တွေ ဖြန့်ဝေပေးဘို့လည်း အိုင်အယ်လ်အိုက တိုက်တွန်းလိုက်ပါတယ်။ မနေ့က အိုင်လ်အို အုပ်ချုပ်ရေးအစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေကို ထည့်သွင်း ဆွေးနွေးတဲ့ အကြောင်း ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရ ဘက်က အပြည့်အ၀ လိုက်နာဖို့ လိုအပ်တယ်ဆိုပြီး အိုင်လ်အို နိုင်ငံတကာ အလုပ် သမား အဖွဲ့ကြီးအနေနဲ့ တောင်းဆိုတဲ့ သဘောတူညီချက်တွေက အလုပ်သမား အခွင့်အရေးကို လေးစားလိုက်နာဖို့၊ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းနိုင်ရေးနဲ့ အဓမ္မ လုပ်အားပေး တာတွေ ခိုင်းစေတာတွေအပြင် အလုပ်သမားအခွင့်ရေးနဲ့ ပတ်သက်လို့ ပညာ ပေးတာတွေ ပိုပြီး လုပ်ကိုင်ပေးဖို့ ပါဝင်ပါတယ်။ ကြာသာပတေးနေ့က အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခရီးစဉ်ကို ဦးဆောင်သွားခဲ့တဲ့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က အမှူဆောင် ညွန်ကြားရေးမှူး ကယ်ရီ တာပီအိုလား (Kari Tapiola) က အခုလို ပြောပြပါတယ်။
“အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်ရေး အသိပညာပေးတာတွေနဲ့ ပတ်သက်လို့ အကြောင်း ကြား ဆောင်ရွက်တာတချို့ ရှိနေတာကို ကျနော်တို့ရော အိုင်အယ်လ်အို အုပ်ချုပ်ရေး အဖွဲ့က သတိထားမိပါတယ်။ ဒါပေမယ့် အစိုးရဘက်က ချမှတ်ထားတဲ့ မူတွေ၊ အိုင်အယ်လ်အိုနဲ့ သဘောတူ ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်တာတွေကို ကျယ်ကျယ့်ပြန့်ပြန့် အသိပေးတာ၊ သတင်းအချက် ဖြန့်တာတွေ မလုပ်နိုင်သေးတဲ့အတွက် အထူးပဲ စိုးရိမ်မိပါတယ်။ အဓမ္မ လုပ်အားပေးခိုင်းတွေနဲ့ ပတ်သက်လို့ တိုင်ကြားချင်တဲ့သူတွေကို အာဏာပိုင်တွဘက်က အနှောင့်အယှက် ပေးတာတွေ ဆက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။”
အိုင်လ်အိုကို တိုင်ကြားမယ့် စာရွက်စာတမ်းတွေ လက်ဝယ်ထားတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ စမ်းချောင်းမြို့နယ် အန်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကို ပြီးခဲ့တဲ့ မတ်လဆန်းမှာ မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် မေဒေးနေ့က ရန်ကုန်မြို့ အမေရိကန် ပြန်ကြားရေး ရုံးမှာ အလုပ်သမားအခွင့်အရေး စာရွက်စာတမ်းတွေ ဖြန့်ဝေတယ်ဆိုပြီး ခြောက်ယောက်ကို ဖမ်းထားခဲ့တာကိုတော့ မြန်မာစစ်အစိုးရဘက်က လွှတ်မပေးသေးပါဘူး။ မစ္စတာ ကာရီ တာပီအိုးလားကတော့
“အိုင်လ်အိုနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဦးသက်ေ၀ ကိုတော့ အခု အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါပြီ။ ဦးသက်ဝေကို လွှတ်ပေးတာ ကို ကျနော်တို့ ကြိုဆိုပါတယ်။ တစ်ချိန်တည်းမှာ အခြား လူတစ်ချို့ကိုလည်း လွှတ်ပေးဘို့ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးက တောင်းဆိုပါတယ်။ လွတ်လပ်စွာ စည်းရုံးခွင့်နဲ့ပတ်သက်လို့လည်း မနေ့က အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးပါတယ်။ စည်းရုံးလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ ခြောက်ယောက်ကို ပြန်လွှတ်ပေးဘို့လည်း တောင်းဆိုပါတယ်။”
အိုင်အယ်လ်အို အဖွဲ့ကြီးရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံမှာ ထောင်ဒဏ်နှစ် ၂၀ ကနေ ၂၈ နှစ် အထိ ပစ်ဒဏ်ချမှတ်ခံထားရတဲ့သူ ခြောက်ယောက်ဟာ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်နဲ့ ထုတ်ဖေါ်ခွင့်တွေအတွက် လှုပ်ရှားရင်း ဖမ်းဆီးခံခဲ့ရတာလို့ စစ်ဆေးတွေ့ရှိတဲ့အကြောင်း။ ကို သူရိန်အောင်၊ ကိုဝေလင်း၊ ကိုညီညီဇော်၊ ကိုကျော်ကျော်၊ ကိုကျော်ဝင်းနဲ့ ကိုမျိုးမင်းတို့ ခြောက်ယောက်ကို လွှတ်ပေးရေးအတွက် ဆောင်ရွက်ဘို့ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်ကပဲ အိုင်အယ်လ်အို အဖွဲ့ကြီးက မြန်မာနိုင်ငံကို ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ပြီး မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကို တိုင်ကြားနိုင်တဲ့ စနစ်တရပ် ဆက်ပြီး ထားရှိဘို့ ဒီလို တိုင်ကြားနိုင်ခွင့်ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးဘို့ မြန်မာစစ်အစိုးရက သဘောတူခဲ့ ပါတယ်။ ဒီလို သက်တမ်းတိုးတာကို ကြိုဆိုတဲ့တစ်ချိန်တည်းမှာ အဓမ္မစေခိုင်းသူတွေ အရေးယူရေး ကိစ္စတွေကိုလည်း အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုတယ်လို့ ပြောပါတယ်။
ဒီလို စစ်အစိုးရဘက်က သဘောတူထားတဲ့ အဓမ္မလုပ်အားပေးတာတွေကို တိုင်ကြားနိုင်ခွင့် သက်တမ်းတိုးတာကို စစ်အစိုးရဘက်က လိုက်နာဘို့လိုသလို ပြည်သူတွေအနေနဲ့လည်း တိတိကျကျ သိခွင့်၊ အာဏာပိုင်တွေ နှောင့်ယှက်မှာ မကြောက်ပဲ တိုင်ကြားနိုင်ခွင့်၊ ဒီအချက်အလက်တွေကို လူတွေ ပိုပြီးသိလာအောင် ဖြန့်ဝေပေးဘို့၊ အိုင်အယ်လ်အို အရာရှိကိုလည်း မြန်မာနိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့်ရှိဘို့နဲ့ အဓမ္မလုပ်အားပေးခိုင်းစေတာတွေ ဆက်လုပ်နေတဲ့ တာဝန် ရှိသူတွေကို တိတိကျကျ အရေးုယူဘို့တွေ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့က အဓိကထား တောင်းဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကို စစ်အစိုးရဘက်က ပိတ်ပင် ဟန့်တားတာတွေ မလုပ်ဘို့လည်း အိုင်အယ်လ်အိုက တောင်းဆိုပါတယ်။ ပြည်တွင်းမှာ တင်မဟုတ်ဘဲ ပြည်ပမှာ လှုပ်ရှား ဆောင်ရွက်နေတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေကိုလည်း လှုပ်ရှား ဆောင်ရွက်နေတာတွေကိုလည်း ဟန့်တားပိတ်ပင်တာတွေ မလုပ်လို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။