သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုထက် အပြုသဘောဆောင် ဆက်ဆံဖို့ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး တိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေ ပေါ်ပေါက်လာဖို့အတွက် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်နေတာဟာ အကျိုးမရှိနိုင်ဘူး၊ ဒီလို လုပ်ဆောင်မယ့်အစား စေ့စပ်ဆောင်ရွက်မှုတွေသာ လုပ်ဆောင် သင့်တယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတုန်း ပြောဆိုလိုက်ပါတယ်။ ထိုင်းအစိုးရရဲ့ ဒီရပ်တည်ချက်အပေါ် မြန်မာ့ ဒီမိုကရေစီရေး အင်အားစုတွေဖက်ကတော့ မေးခွန်းတွေထုတ်စရာ ရှိနေပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာက ချဉ်းကပ်လုပ်ဆောင်မှု တွေမှာ စေ့စပ်ဆောင်ရွက်ရေး ကသာ အလုပ်ဖြစ်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောဆိုလိုက်တာပါ။ မြန်မာ စစ်အစိုးရအပေါ် ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလိုတဲ့ သဘောထားကို ထိုင်းအစိုးရသစ်က တက်လာကာစကတည်းက ပြောဆိုနေခဲ့တာ ဖြစ်ပြီး အခုလည်းပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပါဒွန် ပထမ က ထိုင်း-အမေရိကန် ဆက်ဆံရေး အနှစ် ၁၇၅ ကြိမ်မြောက်အဖြစ် အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတုန်း သူတို့ရဲ့ ရပ်တည်ချက်ကို ထပ်ပြောလိုက်တာပါ။

“ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ တက်ကြွတဲ့ စေ့စပ်ဆောင်ရွက်မှုမျိုးတွေ၊ အဆက်အသွယ်တွေ၊ ပိုမိုလုပ်ဆောင်တာ ကသာ မြန်မာစစ်အစိုးရကို သူတို့ရဲ့ နိုင်ငံရေး လမ်းပြမြေပုံကို အကောင်အထည် ဖော်ဖို့၊ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ၊ နိုင်ငံရေး တိုးတက်မှုတွေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အရှိန်မြှင့် ဆောင်ရွက်လာအောင် စည်းရုံးသိမ်းသွင်းနိုင်မှာပါ။”

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပါဒွန် ပထမ က ဗွီအိုအေနဲ့ မကြာသေးခင်က မေးမြန်းခန်း တခုအတွင်း ပြောသွားခဲ့တာပါ။ စီးပွားရေးအရ အလားအလာကောင်းတွေ ဖန်တီးပေး နိုင်တာကသာ မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်၊ နိုင်ငံရေးအခြေအနေတွေ တိုးတက်လိမ့်မယ် ဆိုပြီးတော့လည်း သူက မှတ်ချက်ပေး ပြောဆိုထားတာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ တို့လို အနောက်အုပ်စုနိုင်ငံတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးဖိနှိပ်မှုတွေ ရှိနေတာကြောင့် စစ်အစိုးရ အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူနေတာတွေဟာ အလုပ်မဖြစ်နိုင်ဘူး။ Engagement လို့ ဆိုတဲ့ စေ့စပ်ဆောင်ရွက်မှုတွေကသာ အကျိုးရှိလိမ့်မယ်ဆိုပြီး အခုလည်း အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတုန်း ပြောလိုက်တာပါ။ ဒါပေမယ့်လည်း ထိုင်းအစိုးရရဲ့ ဒီသဘောထားအပေါ် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက အပြည့်အ၀ သဘောတူညီကြတာတော့ မဟုတ်ပါဘူး။

“ထိုင်းအစိုးရက မြန်မာနိုင်ငံအစိုးရအတွက် သူ ပြောနေတယ်။ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် လုံး၀ မပြောဘူး။ မြန်မာနိုင်ငံသားတွေအတွက် သူတို့ လုံး၀ ထည့်မစဉ်းစားဘူး။ လက်ရှိအစိုးရ အတွက်ပဲ သူ ပြောနေတဲ့ အဓိပ္ပါယ်ပါ။ သူတို့ကတော့ အစိုးရနဲ့ Engage လုပ်ပြီးတော့ အကျိုးစီးပွား အတွက်ပဲလေ။ အစိုးရချင်း အကျိုးစီးပွားအတွက်ပဲ။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် သူတို့ ထည့်စဉ်းစားတာမှ မရှိဘဲ။”

မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းရဲ့ သဘောထား ဖြစ်ပါတယ်။ အလားတူ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ကလည်း ထိုင်းအစိုးရရဲ့ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတာပါ။

“အခု သူတို့ရဲ့ Engagement ဆိုတာက ဘယ်လောက် အတိုင်းအတာ ဖြစ်ခဲ့သလဲ၊ ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဖက်က တံခါး မဖွင့်ထားတာ မဟုတ်ဘူး။ သူတို့ဖက်က တွေ့ဆုံ ဆွေးနွေးတဲ့စိတ် မရှိလို့သာ ဖြစ်တယ်။ ကျနော်တို့ ပြည်တွင်းမှာ စနစ်တခုပြောင်းအောင် လုပ်ဖို့အတွက် ကျနော်တို့ တိုင်းပြည်က လူမျိုးတွေ၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက အဓိက ကြိုးပမ်းလှုပ်ရှားရမယ်ဆိုတာ ကျနော်တို့ ချွင်းချက်မရှိ ယုံကြည်ပြီးသားပါ။ ဒါပေမယ့် ဒီ တိုင်းပြည် တပြည်၊ နိုင်ငံတနိုင်ငံဟာ အထီးကျန် ရပ်တည်လို့မရသလို၊ ဒေသတွင်းလုံခြုံရေးဟာ အရေးပါသလို ကျနော်တို့ တိုင်းပြည်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယတို့၊ တရုတ်တို့၊ ထိုင်းတို့ကလည်း အလွန် အရေးပါ ပါတယ်။ ဒါပေမယ့် အခု ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ဟာ အပြုသဘော ဆန်စွာနဲ့ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွား ဒီ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ် လေးလေး နက်နက်နဲ့ ထားပြီးတော့ကြည့်မယ် ဆိုလို့ရှိရင်တော့ ထိုင်းနိုင်ငံဟာ ဓမ္မဓိဌာန် ကျကျ ကျနော်တို့ ဒီမိုကရေစီရေးမှာ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ကို ကျနော်တို့ အလွန်အမင်း လိုလားပါတယ်။ ဒါပေမယ့် ဒီ ထိုင်းအစိုးရဟာ လက်တွေ့အရ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေပဲ လုပ်နေပြီးတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို့ အတွက်ကို သူတို့ ပူးပေါင်းဆောင်ရွက်မှုဟာ သူတို့ အပြောပဲ ရှိပြီး လက်တွေ့မကျတဲ့ အနေအထားတွေပဲ တွေ့နေရပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုစိုးထွန်းဖြစ်ပါတယ်။ တချိန်တည်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီရေး ပြောင်းလဲမှုတွေဟာ ပြည်တွင်းကသာ ဖြစ်ပေါ်နိုင်တယ် ပြည်ပက မဖြစ်နိုင်ဘူးဆိုပြီး မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါသေးတယ်။ တကယ်တော့ မြန်မာ စစ်အစိုးရ ကိုယ်တိုင်ကလည်း ပြည်ပနိုင်ငံတွေကို အားကိုးပြီး တိုင်းပြည်ထဲမှာ မတည်မငြိမ် ဖြစ်အောင်၊ တိုင်းပြည် နစ်နာအောင် လုပ်ဆောင်သူတွေ ရှိတယ်ဆိုပြီး မကြာခဏ ပြောဆိုလေ့ ရှိတာပါ။ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ အဲန်အယ်လ်ဒီရဲ့ ရပ်တည်ချက်မှာ ပြည်ပအားကိုး ဆောင်ရွက်တာတွေ မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ပြောချင်တာကတော့ အဖွဲ့ချုပ်ဟာ ပြင်ပကလာပြီး ဝင်ပြီး ဆောင်ရွက်ပေးပါလို့ အဲဒီလို တောင်းဆိုတာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ကျနော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြင်ပ နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံတဲ့ ဟာကို ကျနော်တို့ အမြဲတမ်း ကြိုဆိုတယ်။ ဒါဟာ ဒီမိုကရေစီ ကြိုးပမ်းမှုဟာ ကျနော်တို့ အမြင့်ဆုံး ပြောခဲ့တဲ့ အခုချိန်ထိ ရပ်တည်ထားတဲ့ စကားပါ။”

မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေအနေနဲ့ ပြည်ပအားမကိုးဘဲ တိုင်းပြည်အကျိုး အတွက် ပြည်တွင်းမှာ ကြိုးပမ်းဆောင်ရွက်ချက်တွေ ရှိနေတယ် ဆိုပေမယ့် တာဝန် သိတဲ့ အိမ်နီးချင်းကောင်း၊ နိုင်ငံတကာ မိသားစုဝင်တွေ အနေနဲ့ ဒီလို ဆောင်ရွက်ချက်တွေကို ပံ့ပိုးပေးဖို့ တာဝန်ရှိတယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG