သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ သာသနာ ဆိုင်ရာ ဘွဲ့တံဆိပ် ကပ်လှူမှုကို စက်တင်ဘာ သံဃာတော်များ ဝေဖန်


ပရိယတ် ပဋိပတ်ကျွမ်းကျင်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ရဟန်းတော်တွေကို မြန်မာ စစ်အစိုးရက ဘွဲ့တံဆိပ် ကပ်လှူတဲ့ပွဲကို မနေ့က တပေါင်း လပြည့်နေ့မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ သံဃာ့ လှုပ်ရှားမှုတွေနဲ့အတူ သံဃာတော်တွေအပေါ် အကြမ်းဖက် ဖမ်းဆီးမှုတွေကြောင့် စစ်အစိုးရနဲ့ သပိတ်မှောက်တဲ့ ပတ္တနိက္ကုဇန ကံဆောင်သူ သံဃာများ ရှိသလိုပဲ နီးရာဓါးကို ကြောက်ရတဲ့ သံဃာတော်တွေ ရှိတဲ့အကြောင်း စက်တင်ဘာ လှုပ်ရှားမှုအပြီး ထိုင်း-မြန်မာနယ်စပ်ကို ကြွလာတဲ့ သံဃာ့တပ်ပေါင်းစုရဲ့ ခေါင်းဆောင် ကိုယ်တော်တစ်ပါးဖြစ်သူ ဦးပညာဇောတ က မိန့်ကြားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ဆက်ကပ်လှူဒါန်းပွဲကို စည်စည်ကားကား ကျင်းပနေပြီး ပြည်ပမှာ ရောက်ရှိနေတဲ့ ဆရာတော်ကြီးများကလည်း စစ်အစိုးရ ပေးတဲ့ ဘွဲ့တံဆိပ်တော်တွေကို လက်ခံရယူနေပါတယ်။ စက်တင်ဘာ လှုပ်ရှားမှုအတွင်း ပတ္တနိက္ကုဇန ကံဆောင်ထားတဲ့ သံဃာတွေဟာ ဘာကြောင့်များ ဒီဘွဲ့ တံဆိပ်တွေကို မေးတဲ့အခါမှာတော့ သံဃာ့တပ်ပေါင်းစုရဲ့ ဦးဆောင် သံဃာလည်းဖြစ်၊ သာသနာ့ဥသျှောင် ထိုင်းဌာနခွဲက အဖွဲ့ဝင်ဖြစ်တဲ့ ဦးပညာဇောတ က အခုလို ပြောပါတယ်။

“ဦးပဉ္ဇင်းတို့ မြင်ထားတဲ့အမြင်က နှစ်မျိုးရှိပါတယ်၊ တစ်မျိုးကတော့ ဒီ သံဃာတော်၊ ဆရာတော်ကြီးတွေကို ဘွဲ့တံဆိပ်တော် ကပ်တဲ့အတွက်ကြောင့် သူတို့ ဆရာတော်ကြီးတွေကို ကလည်းပဲ ဒီဘွဲ့တံဆိပ်တွေကို လိုလားတဲ့ အတွက်ကြောင့် ဒီဘွဲ့တံဆိပ်တွေကို လက်ခံရတာ ရှိတယ်လေ။ နောက်တစ်မျိုးကတော့ ဆရာတော်ကြီးတွေက ဘွဲ့တံဆိပ်ကို လိုချင်လို့တော့ မဟုတ်ဘူး၊ သူတို့က ဘွဲ့တံဆိပ်တွေကို ပေးလိုက်ပြီ၊ ပေးလိုက်တဲ့အခါမှာ အကယ်လို့ ဒီဘွဲ့တံဆိပ်တွေကို မယူဘူးဆိုရင်လည်းပဲ ဆရာတော်ကြီးတွေကို အရေးယူ ခံရနိုင်ဖွယ် ရှိတယ်လေ၊ အရင့်အရင်ကလည်း ဒီလို တက်ပြီးမယူတဲ့ ဆရာတော်တွေ ရှိခဲ့တာကို၊ ဒီလိုပါပဲ မန္တလေးက ဆရာတော် ဦးရာဇဓမ္မတို့ဆိုရင် အဂ္ဂမဟာ ပန္တိတဘွဲ့တွေ ပေးတယ်၊ မယူပါဘူး။ ဒါပေမယ့် အဲလို မယူဘူးဆိုရင် ပေးရဲ့သားနဲ့ မယူဘူးဆိုရင် အာဏာပိုင်တွေက အရေးယူ ဆောင်ရွက်တာတွေ၊ ဖမ်းဆီးနိုင်မယ့် အလားအလာတွေ၊ သို့မဟုတ် တစ်နည်းမဟုတ်တစ်နည်း ချုပ်ချယ်တာတွေ၊ ကန့်သတ်တာတွေ လုပ်တဲ့အတွက်ကြောင့် ဆရာတော်တွေ ယူရတာပါ။ အဲဒီတော့ ဆရာတော်တွေ အများစုက လိုချင်လို့ မဟုတ်ဘဲနဲ့ ယူရတာ ဖြစ်တယ်ဆိုတာကို ဦပဉ္ဇင်းအနေနဲ့ ပြောချင်ပါတယ် ဒကာမကြီး။”

ဒါဆိုရင် ရဟန်းသံဃာတွေကြားထဲမှာ ဂိုဏ်းကွဲတာမျိုး ဖြစ်နေလားလို့ မေးတဲ့အခါမှာတော့ -

“အဲ - ဂိုဏ်းကွဲတာတော့ မဟုတ်ပါဘူး။ ရင်ထဲမှာ၊ တချို့ကိစ္စက ခံစားနေရတဲ့ ခံစားချက်မှာ ဒီခံစားချက်က ဖေါ်ပြဖို့တော့ နည်းနည်း ခက်တယ်လေ။ သံဃာအများစုက ဂိုဏ်းကွဲတာ မဟုတ်ဘူး၊ သံဃာအများစုက ဂိုဏ်းမကွဲတာကို ဘာနဲ့ သက်သေပြလိုက်သလဲဆိုရင် ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတွေ စစ်အစိုးရကို မေတ္တာပို့ လမ်းလျှောက်ပြီး သက်သေပြခြင်းနဲ့ပဲ သံဃာတွေဟာ ဂိုဏ်းမကွဲဘူး ဆိုတာကိုပြတယ်။”

ရဟန်းသံဃာတွေအနေနဲ့ ပတ္တနိက္ကုဇန ကံဆောင်မှုဟာ ပြီးသွားပြီလို့ ဆိုနိုင်ပါသလားလို့ မေးတဲ့အခါမှာတော့ -

“ကံဆောင်မှုက မပြီးသေးပါဘူး၊ ကံဆောင်တဲ့ဟာက ဒီဟာက ဘာသာရေး ကိစ္စအရ သွားတဲ့ကိစ္စ ဖြစ်တယ်၊ ဘာသာရေးအရ နအဖ စစ်အစိုးရက ဘယ်လောက်ကြီးပဲ ဖိနှိပ်နေ ဖိနှိပ်နေ၊ ဒီဗမာပြည်ထဲမှာရှိတဲ့ ဆရာတော်တွေလည်း သူတို့ သိပါတယ်။ ဒီလိုပဲ သာသနာတော်ကို ချစ်မြတ်နိုးတဲ့ ဆရာတော်တွေလည်း သိပါတယ်။ ကံဆောင်ပွဲဟာ သပိတ်လှန်တဲ့ ကမ္မဝါ မဖတ်သေးသမျှ ကံဆောင်ပွဲသည် မပြီးဆုံးသေးဘူး ဆိုတာကို စာတတ်တဲ့ ပုဂ္ဂိုလ်တိုင်း ဝိနည်းကို လေးစားတဲ့ ဆရာတော်တိုင်း ဝိနည်းကို လိုက်နာတဲ့ ဆရာတော်တိုင်း ကံဆောင်ပွဲ မပြီးသေးဘူးဆိုတာ သိပါတယ်။ ဒီလို သိပင်သိငြားသော်လည်းပဲ လက်ရှိ စစ်အာဏာရှင်က နေပြီးတော့ နည်းပေါင်းစုံနဲ့ ဖိနှိပ်ဖို့ အလားအလာတွေ ရှိတာကြောင့် နီးရာဓါးကို ကြောက်လိုက်လာနေရတာ ဖြစ်တယ်။ ဒါကြောင့် ကံဆောင်ပွဲဟာ မပြီးသေးပါဘူး။”

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီးနဲ့ သာသနာ့ ဥသျှောင် အဖွဲ့တို့ကတော့ စစ်အစိုးရပေးတဲ့ ဘွဲ့တံဆိပ်တွေကို မယူဖို့၊ စစ်အစိုးရကပေးတဲ့ စာမေးပွဲတွေကို မဖြေဖို့ ရဟန်းသံဃာတွေကို လှုံ့ဆော်စည်းရုံး နေချိန်မှာပဲ ဆရာတော်ကြီးတွေ ဘွဲ့တံဆိပ်တွေကို စည်စည်ကားကား လက်ခံရယူနေပုံကို ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG