ပါကစ္စတန်မှာ ဝါရင့်နိုင်ငံရေးသမားကြီး ယူဆွဖ် ရာဇာ ဂီလန်နီ (Yousuf Raza Gilani) ကို ဝန်ကြီး ချုပ်အဖြစ် အမည်စာရင်း တင်သွင်းဖို့ ပါကစ္စတန်ပြည်သူ့ပါတီ PPP က ရွေးချယ် လိုက်ပါတယ်။ မစ္စတာ ဂီလန်နီဟာ ပါကစ္စတန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် တာဝန် ပေးဖို့ စဉ်းစားခံနေရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့နောက်ကွယ်မှာ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ရဲ့ ခင်ပွန်းဖြစ်သူက အရိပ်ထိုး လွှမ်းမိုးတာတွေတော့ ရှိလာနိုင်ပါတယ်။ အစ္စလာမ်မာဘတ် မြို့တော်ကနေ ဗီအိုအေ သတင်းထောက် စတိဗ် ဟာမန် (Steve Herman) သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
PPP လို့ လူသိများတဲ့ ပါကစ္စတန်ပြည်သူ့ပါတီက အရင် အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စတာဂီလန်နီကို အခုလို ဝန်ကြီးချုပ် ခန့်အပ်ဖို့ ရွေးချယ်လိုက်တာပါ။ ပါတီပြောရေးဆိုခွင့်ရှိသူ ဖာဟာတူလာ ဘာဘာရ် (Farhatullah Babar) က ပါတီ ပူးတွဲ သဘာပတိ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုရဲ့ ခင်ပွန်း အာဇစ် အာလီ ဇာဒါရီရဲ့ ကိုယ်စား ဝန်ကြီးချုပ်လောင်း အမည်စာရင်းကို ဖတ်ပြခဲ့ပါတယ်။
“ဝန်ကြီးချုပ်ရာထူးကို တာဝန်ပေးအပ်ဖို့အတွက် အမည် စာရင်းတင်သွင်းဖို့ ကျနော်တို့ အားလုံး သဘောတူ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြေညာချင်ပါတယ်။ မက်ခ်ဒွန် ယူဆွပ်ဖ် ရာဇာ ဂီလန်နီ (Makhdoom Yousuf Raza Gilani) ကို ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းဖို့ ရွေးချယ်လိုက်ပါတယ်။”
အခုလို ဂီလန်နီကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ ပါတီခေါင်းဆောင် ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ ခင်ပွန်း ဇာဒါရီ ကလည်း သဘောတူ အတည်ပြုခဲ့တယ်လို့ PPP ပါတီ အရာရှိတွေက ပြောပါတယ်။ ဂီလန်နီဟာ အရင် ဝန်ကြီးချုပ် ဟောင်း ဘနာဇီယာ ဘူတိုရဲ့ အစိုးရ ဝန်ကြီးအဖွဲ့မှာ အိုးအိမ်ဆောက်လုပ်ရေးဆိုင်ရာ ဝန်ကြီးဖြစ်ခဲ့ဖူးပါတယ်။ ဝါရင့် နိုင်ငံရေးသမား တစ်ယောက်ပါ။
ဂီလန်နီရဲ့ မိသားစုဟာ ပန်ဂျတ်ပြည်နယ် တောင်ပိုင်း ရှေးဟောင်းမြို့ဖြစ်တဲ့ မူလ်တန် (Multan) မြို့မှာ ပြီးခဲ့တဲ့ ရာစုနှစ်တစ်ဝက် နိုင်ငံရေးအရ သြဇာလွှမ်းခဲ့တဲ့ မိသားစု ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေ အတွင်းက ဂီလန်နီဟာ သူ့အထက် အာဏာပိုင်တွေကို မတရား လှည့်စားခဲ့မှုနဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရဘူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်က သူဟာ နိုင်ငံရေး ပြိုင်ဘက်တွေရဲ့ ချဲ့ကားပြီး အသရေဖျက်တာကို ခံခဲ့ရတာလို့ ပြောပါတယ်။
အခုလို ဂီလန်နီကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းတာကို ပါလီမန်အတွင်းမှာ စတိသဘော ဆန့်ကျင်ကန့်ကွက်တာတွေတော့ ခံရနိုင်ပါတယ်။ ပါကစ္စတန် မူစလင် အဖွဲ့ချုပ်က ခွဲထွက်သွားတဲ့ "Q" ပါတီအဖွဲ့တွေက ကန့်ကွက်နိုင်တာပါ။ အဲဒီပါတီက အမျိုးသားလွှတ်တော်မှာ အမတ်နေရာ ၅၁ နေရာရထားပါတယ်။ လူကြိုက်နည်းတဲ့ သမ္မတ ပါဗက်ဇ် မူရှာရက်ဖ်ကို ထောက်ခံတဲ့ပါတီပါ။
မစ္စတာ ဂီလန်နီကို ထောက်ခံပါမယ်လို့ ကတိပေးထားတဲ့ ပါလီမန်အမတ် အရေအတွက်က ပါတီသုံးခုက အမတ်နေရာ ၂၃၅ နေရာရှိပါတယ်။ ပါကစ္စတန် နိုင်ငံရေး ဝေဖန်စမ်းစစ်သူတွေ ကတော့ တနင်္လာာနေ့ ပါလီမန်မှာ ရွေးကောက်ပွဲ ကျင်းပပြီးရင် ဂီလန်နီ အနေနဲ့ ဝန်ကြီးချုပ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူ ဝန်ကြီး ချုပ်ရာထူးကို ကြာကြာ ရယူချင်မှ ရယူရလိမ့်မယ်လို့ ပြောဆိုနေပါတယ်။ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုရဲ့ ခင်ပွန်း ဇာဒါရီက
ဝန်ကြီးချုပ် နေရာကို လပိုင်းအတွင်း ပြောင်းယူလိမ့်မယ်လို့ ပြောနေကြပါတယ်။
အခုလို ဂီလန်နီကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ အမည်စာရင်း တင်သွင်းလိုက်တာဟာ မစ္စဘူတို ပြည်ပကို ရောက်နေခဲ့တဲ့အချိန်က ပါတီကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် မက်ခ်ဒွန် အာမင် ဖာဟင် (Makhdoom Amin Fahim) ကို အလဲထိုးလိုက်သလို၊ ငြင်းပယ်လိုက်သလို ဖြစ်သွားပါတယ်။ အာမင်ဖာဟင်ရဲ့ ဦးဆောင်မှုအောက်မှာ PPP ပါတီအနေနဲ့ အားနည်း ယိမ်းယိုင်ခဲ့ရပါတယ်။ အာမင်ဖာဟင်ဟာ သမ္မတ ပါဗက်ဇ် မူရှာရက်ဖ်ကို ဝေဖန်တဲ့နေရာမှာ ပျော့ပြောင်းလွန်းတယ်လို့ အခု ဖွဲ့စည်းမယ့် ညွန့်ပေါင်း အစိုးရအဖွဲ့ထဲမှာ ပါတဲ့သူတွေက ရှုမြင်ထားပါတယ်။ လွှတ်တော်အမတ် တချို့က ၁၉၉၉ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ လူကြိုက်နည်းတဲ့ ဗိုလ်ချုပ် သမ္မတ မူရှာရက်ဖ်ကို လုံး၀ ရာထူးက ဖယ်ရှားတဲ့အထိ အရေးယူဖို့ လိုလားနေကြပါတယ်။