တိဘက်အရေး ထောက်ခံအားပေး သူတွေရဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာတ၀ှမ်းက မြို့ကြီးတွေမှာ စနေနေ့က ကျင်းပခဲ့ ကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ဂျပန်နိုင်ငံ၊ တိုကျိုနဲ့ အိန္ဒိယ နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ကျင်းပပြီး တိဘက်နယ်မြေကို သွားရောက်နိုင်ခွင့်၊ အခြေအနေတွေကို အကဲဖြတ်နိုင်ခွင့် ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
လန်ဒန်မြို့တော်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြတဲ့သူတွေက တရုတ်သံရုံးကို ချီတက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ ဗြိတိန် အားကစား ၀န်ကြီးဟောင်း ကိတ် ဟိုးအီ (Kate Hoey) က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) အနေနဲ့ ဘေဂျင်းမှာ ကျင်းပမယ့် အိုလံပစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို သပိတ်မှောက်ဖို့ တောင်းဆိုပါတယ်။
ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့တော် မှာလည်း ချီတက် ဆန္ဒပြခဲ့ပါတယ်။ ပြည်ပရောက် တိဘက်အစိုးရရှိတဲ့ အိန္ဒိယနိုင်ငံ ဒမ်ဆာလာ (Dharmsala) မှာလည်း ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။
တရုတ်နိုင်ငံမှာတော့ လူ ၃၀ လောက်ပါတဲ့ အစိုးရဆန့်ကျင်သူ အဖွဲတစ်ဖွဲ့က တရုတ်အစိုးရကို တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) နဲ့ တိုက်ရိုက် ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။ တိဘက်နယ်မြေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ ကုလသမဂ္ဂ စစ်ဆေးသူတွေ သွားရောက်ခွင့် ပေးဖို့လည်း တရုတ်အစိုးရကို တောင်းဆိုပါတယ်။
ဒီအတောအတွင်း တရုတ်အစိုးရက လာဆာမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြား ဖမ်းဆီးဖို့ အဓိက လိုအပ်နေတဲ့သူတွေ ဆိုပြီး လူ ၂၁ ယောက်ရဲ့ စာရင်းကို ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြား လူ ၁၉ ယောက် သေဆုံးတယ်လို့ တရုတ် တရားဝင်သတင်းတွေမှာ ဖော်ပြပါတယ်။ ပြည်ပရောက် တိဘက်အဖွဲ့တွေကတော့ လာဆာမှာ အနည်းဆုံး လူ ၈၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အခြား တရုတ်နိုင်ငံက ပြည်နယ်တွေအတွင်း ခိုက်ရန်ဖြစ်ပွားမှုတွေ ကြားမှာလည်း လူ ၂၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။