သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ပြဿနာ အဖြေရှာရေး ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


ယေရှုခရစ် ရှင်ပြန်ထမြောက်တော်မူတဲ့ အီစတာ ဆုတောင်းပွဲအဖြစ် ထောင်နဲ့ချီတဲ့ ခရစ်ယာန် ဘာသာဝင်တွေ စုဝေးနေခဲ့တဲ့ ဗာတီကန် စိန့်ပီတာ ရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ် က လူထုကို စကားကြားခဲ့ပါတယ်။ အဲ့ဒီ အီစတာ အမှာစကားမှာ အရှေ့အလည်ပိုင်းဒေသ၊ တိဘက်၊ ဆိုမားလီယား နဲ့ ဆူဒန် ဒါဖိုး ဒေသ အပါအဝင်ကမ္ဘာပေါ်က ပြဿနာတွေကို အဖြေရှာနိုင်ကြဖို့ တိုက်တွန်းခဲ့တဲ့ အကြောင်း ဗွီအိုအေသတင်းထောက် စာဘီနား ကာစ်တယ် ဖရန်ကို ရောမမြို့ သတင်းပေး ပို့ထားတဲ့အတိုင်း ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

စိန့်ပီတာ ရင်ပြင်ကနေလှမ်းမြင်နေရတဲ့ ဘာသလီကာ ဘုရားရှိခိုကျောင်းကြီးရဲ့ လှေခါးထစ်တွေ ကနေ ပုပ်ရဟန်း မင်းကြီးက အီစတာ ဆုတောင်းပွဲ လာရောက်ကြသူတွေကို ယေရှုခရစ်တော်ရဲ့ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း ရဲ့ အရေးပါမှုတွေနဲ့ပတ်သက်လို့ မိန့်မြွက်ဟော ပြောခဲ့ပါတယ်။

ယေရှုခရစ်တော်ရဲ့ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း တွေဟာ တုနှိုင်းးမရတဲ့ မေတ္တာတရားကို ပြသခဲ့တဲ့ အဖြစ် အပျက်တခုပဲဖြစ်ကြောင်း၊ ခရစ်တော် အသေခံသွားတာ၊ ပြန်လည်ရှင်သန် ထမြောက်တာတွေဟာ လူသား အားလုံး အတွက် ဖြစ်ပြီး သူဟာ ကျွနု်ပ်တို့ရဲ့ မျှော်လင့်ခြင်း တရားသာဖြစ်တဲ့ အကြောင်းမိန့်ကြားခဲ့ပါတယ်။

ဘုရားကျောင်း က ခရစ်ယာန် ပြက္ခဒိန်အတွင်း အမြင့်မြတ်ဆုံး နေ့ရက်ဖြစ်တဲ့ အီစတာနေ့မြတ်မှာ ပုပ်ရဟန်းမင်းကြီးက ယုံကြည်ခြင်းနဲ့ ပတ်သက်လို့ မိန့်မှာစကားကို ဟောကြားခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ ဟောကြားချက်မှာ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ ပြဿတွေနဲ့ ပတ်သက်လို့လဲ အလေးထား မိန့်ကြားခဲ့ပါတယ်။ သွေးထွက်သံယိုမှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက သူတွေဟာ အထင်မြင်သေးခံ နေရတာတွေ အခြေတကျမရှိပဲ သွားလာနေရတာတွေကြောင့် ဒီအရေးကိစ္စတွေအပေါ် ဖြေရှင်းပေးနိုင်ဖို့ ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အခုလိုပြောဆိုမှုအတွင်း အာဖရိကက ဒါဖိုး နဲ့ ဆိုမားလီယား၊ အရှေ့အလည်ပိုင်းဒေသက အီရတ်နဲ့ လက်ဘနွမ်၊ အာရှတိုက်က တိဘက် နိုင်ငံတို့ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

လူတဦးခြင်း ဆက်ဆံရေးတွေမှာပဲ ဖြစ်ဖြစ်၊ အုပ်စုလိုက် ဆက်ဆံရေးတွေမှာပဲ ဖြစ်ဖြစ် လူတွေဟာ အများအားဖြင့် မေတ္တာတရားနဲ့ မဟုတ်ပဲ တကိုယ်ကောင်းဆန်မှုတွေ၊ တရားမျှတမှုမရှိတာတွေ၊ အမုန်တရားတွေ၊ ကြမ်းတမ်းမှုတွေနဲ့ ဆက်ဆံနေကြတယ်လို့လဲ ပြောဆိုခဲ့ပါတယ်။

ဒီအခန်းအနားအကြောင်း ၅၇ နိုင်ငံကို ရုပ်မြင်သံကြားက တိုက်ရိုက် ထုတ်လွှင့်ပေးနေတာကြောင့် ကမ္ဘာအနံှ့က လူပေါင်းသန်းနဲ့ချီပြီး ကြည့်ရှုနေကြပါတယ်။ အီစတာ ကောင်းချီးပေးပွဲ ပြီးဆုံးတဲ့အခါ ပုပ်ရဟန်မင်းကြီးက ဆုတောင်း ဝတ်ပြုပွဲလာကြတဲ့ သူတွေကို ဘာသာစကား အမျိုးပေါင်း (၆၀) နဲ့ နှုတ်ခွန်းဆက်ခဲ့ပါတယ်။

အီစတာ ပွဲတော်ရက်အတွင်း ပြီးခဲ့တဲ့ စနေနေ့မှာတော့ စိန့်ပီတာဘုရာကျောင်းမှာ ထင်ရှားတဲ့ မူဆလင် စာနယ်ဇင်းသမား တဦးကို နှစ်ခြင်းပေးခဲ့ပါတယ်။ ၅၅ နှစ်အရွယ် မက်ဂ်ဒီ အလမ်ဟာ အီဂျစ်နိုင်ငံမှာမွေးဖွားပြီး ကိုရီယယ် ဒဲလာ စေရာ သတင်းစာ ရဲ့ လက်ထောက် အယ်ဒီတာတဦး ဖြစ်ပါတယ်။

အလမ်ဟာ အစွန်းရောက် အစ္စလမ်မစ်ဝါဒကို ဆန့်ကျင်သူတဦးဖြစ်ပြီး အစ္စရေးကို အထူးထောက်ခံ အားပေး သူဖြစ်ပါတယ်။ သူဟာ ခြိမ်းခြောက်ခံရမှုတွေ ရှိတာကြောင့် ရဲတွေရဲ့ အကာအကွယ် နေထိုင်နေရသူလည်း ဖြစ်ပါတယ်။ သူရဲ့ ခရစ်ယာန်ဘာသာဝင် အဖြစ်ပြောင်းလဲမှုကိုလည်း အထူးကိုပဲ လျှို့ဝှက်ထားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးဟာ စနေနေ့က စုစုပေါင်း အရွယ်ရောက်ပြီးသူ (၇) ဦးကို နှစ်ခြင်းပေးခဲ့ပါတယ်။ အီစတာ အကြိုနေ့မှာ အရွယ်ရောက်ပြီးသူတွေကို ကက်သလစ်ဘာသာဝင်အဖြစ် ပုပ်ရဟန်းမင်း တွေက နှစ်ခြင်းပေးတာဟာ အစဉ်အလာ တခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG