အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်နေတဲ့
အမေရိကန်ဒု-သမ္မတ ဒစ်က်ချေနီ (Dick
Cheney) က အီရန်နဲ့ ဆီးရီးယားရဲ့ ပံ့ပိုးမှုတွေ
ကို ရယူနေတဲ့ ဟားမားစ်အဖွဲ့ဟာ အစ္စရေးနဲ့
ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
ကို ကဖျက်ယဖျက်လုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
အီရန်နဲ့ ဆီးရီးယားက ဟားမားစ်ကို ထောက်
ပံ့နေတဲ့ အထောက်အထားတွေ ရှိတယ်လို့
လည်း မစ္စတာချေနီက ဒီနေ့ သတင်းထောက်
တွေကို ပြောဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် အီဟွတ်အိုလ်မာ့တ် (Ehud Olmert) နဲ့ မနက်စာစားအပြီးမှာ အခုလို ပြောဆိုလိုက်တာပါ။
မစ္စတာချေနီဟာ မနေ့က ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ် (Mahmoud
Abbas) နဲ့ ရာမာလာမြို့မှာ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက်
အစ္စရေးရော၊ ပါလက်စတိုင်းဘက်ကပါ ရင်နာနာနဲ့ အလျှော့ပေးကြဖို့လိုတယ်လို့
အခုလိုပြောပါတယ်။
“အကြမ်းဖက်မှုတွေနဲ့ ဒုံးကျည်တွေက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပစ်ရုံမကဘူး၊ ဒီလုပ်ရပ်တွေဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ စစ်မှန်တဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်
တွေကိုပါ ဖျက်ဆီးပစ်ရာရောက်ပါတယ်။ ပါလက်စတိုင်းနဲ့ အစ္စရေးလူမျိုးတွေရဲ့ ပဋိပက္ခချုပ်ငြိမ်းဖို့အတွက်၊ နှစ်ဖက် တရားဝင် အတူတကွ ရပ်တည်နိုင်ရေးအတွက်
ညှိနှိုင်းပြီး ရရှိတဲ့အဖြေဟာ အတိုင်းအဆမဲ့ တန်ဖိုးရှိပါတယ်။”
တချိန်တည်းမှာပဲ အီရတ်နိုင်ငံ ဘဂ္ဂဒက်တောင်ပိုင်းက ကားလမ်းဘေး ဗုံးထောင်ခဲ့လို့ အမေရိကန်စစ်သား ၄ ယောက်သေဆုံးခဲ့ပြီး အီရတ်စစ်ပွဲ ၅ နှစ်တာကာလအတွင်း
အမေရိကန်တပ်ဖွဲ့ဝင် သေဆုံးတာ ၄၀၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။
အခုလို အမေရိကန်စစ်သား ၄၀၀၀ ကျဆုံးရတာဟာ အမေရိကန်လူထုအတွင်း စိတ်ဓာတ်ကျစေနိုင်တယ်လို့ မစ္စတာချေနီက ဂျေယုဆလင်မြို့မှာ ဒီနေ့ ပြောဆိုလိုက်
ပါတယ်။
သူ့ရဲ့ ၉ ရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်အပြီး တူရကီနိုင်ငံ အင်ကာရာမြို့ကို ဒီနေ့ ခရီးဆက်ဖို့ရှိပါတယ်။