သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြသူ အခြေအနေ စိုးရိမ်ရ


တပေါင်းလပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ လူတဦး မိမိကိုယ်ကို မီးရှို့ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့် မြန်မာအစိုးရ သတင်းမီဒီယာတွေမှာတော့ ဒီအကြောင်း ရေးသားဖော်ပြတာ မရှိပါဘူး။ မိမိကိုယ်ကို
မီးရှို့ခဲ့တဲ့လူဟာ အခုလတ်တလော စိုးရိမ်ရတဲ့အနေအထားမှာ ရှိတုန်းပဲလို့ သိရပြီး
သူ့ကို အာဏာပိုင်တွေဘက်က ဘယ်လိုအရေးယူဖို့ရှိတယ်လို့လည်း သတင်းတွေ
ကြားနေရပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

အခု မိမိကိုယ်ကို မီးရှို့ခဲ့တဲ့သူဟာ အသက် ၃၀ နီးပါး ဧရာဝတီတိုင်းဘက်မှာ နေထိုင်
သူဖြစ်ပြီး အမည်ကတော့ သော်ဇင်နိုင်ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
သူဟာ ရွှေတိဂုံဘုရားပေါ်မှာ မိမိကိုယ်ကို မီးနဲ့မရှို့ခင် စားဝတ်နေရေးကျပ်တည်းမှုနဲ့
ပတ်သက်လို့ ပြောဆိုငြီးတွားခဲ့တယ်လို့ ဆိုကြပေမယ့် ဒါကိုတော့ သီးခြားအတည်ပြုလို့
မရပါဘူး။ ဒါပေမယ့် ဒီလူဟာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပတ်သက်သူမဟုတ်ဘဲ သာမန် အရပ်သားတဦးဖြစ်တယ်လို့ နိုင်ငံရေးဘက်က လှုပ်ရှားသူတွေကတော့ ပြောပါတယ်။
ဒါကြောင့် သူဘယ်ကလဲ၊ သူ့မိသားစု ဘယ်သူလဲဆိုတာတွေကို ဘယ်သူမှ တပ်အပ် မသိနိုင်သေးပါဘူး။ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်ကို မေးမြန်းတော့ သူ့ကို အဲဒီမှာမထားဘူးလို့ သိရပါတယ်။ သီးခြားအဆောင်နဲ့ လုံခြုံရေးထားတယ်လို့ သိရ
သလို သူ့ရဲ့အခြေအနေဟာ ဆိုးဝါးနေဆဲဖြစ်တယ်လို့လည်း ကြားရပါတယ်။ ရန်ကုန်
ဆေးရုံကြီး တာဝန်ရှိသူတွေကတော့ ဘာကိုမှ အတည်ပြုမပေးပါဘူး။ သူ့ကို လူတွေကို အထိတ်တလန့်ဖြစ်အောင်လုပ်မှုနဲ့ အာဏာပိုင်တွေဘက်က တရားစွဲမယ်လို့လည်း
ကြားရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗဟန်းမြို့နယ်ရဲစခန်းကိုမေးတော့ တာဝန်ကျ
ရဲအရာရှိတဦးက အခုလိုတုံ့ပြန်ပါတယ်။

“အဲဒါတော့ ရွှေတိဂုံဘုရား ဂေါပကရုံးကပဲ အက်ရှင်ယူမယ့်သဘောရှိတယ်။ ကျနော်
တို့နဲ့မဆိုင်ဘူး။ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားရဲတွေရှိတယ်၊ လုံခြုံရေးတပ်တွေရှိတယ်၊
ပြီးတော့ ဂေါပကအဖွဲ့တွေရှိတယ်။ သူတို့ပဲ အက်ရှင်ယူမှာကိုး၊ ဘုရားပေါ်မှာလုပ်ရင်။”

ဘုရားပေါ်မှာ အဲဒီနေ့ ရှိခဲ့တဲ့သူတွေကလည်း အဖြစ်အပျက်က မြန်ဆန်တော့ အသေး
စိတ် မသိလိုက်ကြဘဲ သာမန် မီးလောင်မှုရိုးရိုးဖြစ်တယ်လို့ အဲဒီတုန်းက ယူဆခဲ့ကြပါ
တယ်။ နောက်ပိုင်း နိုင်ငံခြားမီဒီယာတွေက ဖော်ပြတော့မှ မိမိကိုယ်ကို မီးရှို့တဲ့ကိစ္စမှန်း
သိတယ်လို့ ဆိုကြပါတယ်။ အစိုးရသတင်းဌာနတွေက ဒါကို သတင်းထုတ်ပြန်ပေးတာ
မရှိပေမယ့် ရန်ကုန်မှာတော့ လူတွေ ဒီသတင်းကို အတော်စိတ်ဝင်တစားရှိနေတယ်လို့
ဆိုရမှာပါ။

“ကြားထဲက စိတ်မကောင်းဖြစ်တယ်။ သိကြပါတယ်။ အစကတည်းက သူတို့က လုံခြုံ
ရေးချထားတော့ ချက်ချင်း ကာလိုက်မှာပေါ့။ ဒါမျိုးကို မြန်မြန်ပဲ ဖုံးမှာပဲလေ။”

မိမိကိုယ်ကို သတ်သေတာကို တားမြစ်ထားတဲ့ ဗုဒ္ဓဘာသာ အစဉ်အလာကြီးမားတဲ့
မြန်မာနိုင်ငံက အထင်ကရ ဘုရားပရိဝုဏ်မှာ အခုလို ဖြစ်ပွားမှုဟာ ရှားရှားပါးပါး
ဖြစ်ရပ်လို့ ဆိုရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG