သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာဖြေသံဃာဦးရေ မနှစ်ကထက် ထက်ဝက်နီးပါးလျော့


ဒီနေ့ ဓမ္မာစရိယနဲ့ ပါဠိပထမပြန်စာမေးပွဲကို စတင်ကျင်းပရာမှာ အရင်နှစ်နဲ့ နှိုင်းစာရင်
ပခုက္ကူမြို့က စာဖြေသံဃာတော်ဦးရေဟာ သုံးပုံတပုံတောင်မရှိဘူးလို့ မြို့ခံဆရာတော်
တွေက မိန့်ကြားပါတယ်။ အလားတူပဲ
မန္တလေးမြို့မှာလည်း စာဖြေသူအရေအတွက်
ဟာ အရင်နှစ်တွေကထက် လျော့နည်းနေ
တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်း
အခြေစိုက် သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ သံဃာတော်တွေရဲ့
စာမေးပွဲမှာ ပခုက္ကူမြို့မှာ စာဖြေကိုယ်တော်
တွေ လျော့နည်းသွားတဲ့အကြောင်း ပခုက္ကူမြို့
က သံဃာတော်တပါးက အခုလို မိန့်ကြားပါတယ်။

“ခါတိုင်းတွေလိုလည်းပဲ အုတ်အုတ်ကျွက်ကျွက်နဲ့ ဖြေတယ်ပြုတယ်လို့တော့ နည်းမှာ
ပေါ့ ဒကာကြီးရာ၊ ဒီနှစ်ကတော့ တော်တော်လေး နည်းလိမ့်မယ်ထင်ပါတယ်။ ခါတိုင်း
နှစ်တွေက ဦးဇင်းအထင်တော့ လေး၊ ငါး၊ ခုနှစ်ရာ၊ ရှစ်ရာထိဖြေမှာပေါ့။ ဒီနှစ်ကတော့ ဖောင်တင်တာကို တရာကျော်ပဲ တင်တယ်လို့ ကြားတယ်။ အဲဒါဆိုတော့ တကယ်တမ်း ဖြေတာကြတော့ အဲလောက်များချင်မှ များမှာပေါ့။ ဖောင်တင်တဲ့အတိုင်းလည်း မဖြေ
ကြဘူးလေ။ အပျက်က ရှိဦးမှာကို။”

အခုလို စာဖြေသံဃာတော်တွေ လျော့ကျရတာ အရင်နှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့
တဲ့ သံဃာတော်များဦးဆောင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်နေတယ်လို့ ပခုက္ကူမြို့က
သံဃာက ဆက်ပြီး မိန့်ကြားပါတယ်။

“မဖြေတာကတော့ ဒကာကြီးရေ စောစောက အရေးအခင်းတွေဖြစ်၊ ဖြစ်တော့
ပြန်တော့လည်း သံဃာတွေက စာဝါတွေကပျက်၊ အခုထိလည်း ဦးဇင်းတို့ကျောင်းတွေ
ဆိုရင် သံဃာတွေက ရှိတာက ဝါဆိုတုန်းကဆို သံဃာတွေက ၁၂၀ကျော်ရှိတာကိုး၊
အခု ၈၀ လောက်ပဲရှိတာဆို ၄၀ လောက်က ပြန်မလာသေးဘူးလေ။ သံဃာဦးရေ အခြားကျောင်းတိုက်တွေလည်း နည်းသေးတယ် ဒကာကြီးရ။ အလယ်တိုက်ကြီးဆိုရင်
မနှစ်က ဝါဆိုတာက ၇၀၀ လောက်ရှိတယ်လေ။ ခု ဟိုတနေ့က စကားစပ်လို့ မေးကြည့်
တဲ့အခါ ၃၀၀ ဝန်းကျင်လောက်ပဲရှိမယ်လို့ ပြောတယ်။ အရှေ့တိုက်ဆိုရင် ဝါဆိုတုန်းက
၆၀၀ လောက်ရှိမယ့် ကျောင်းပဲလေ၊ သူလည်းပဲ ၃၀၀ ဝန်းကျင်လောက်ပဲ ရှိမယ်ထင်
တယ်။ အနောက်တိုက်လည်း ထိုနည်းတူစွာပဲ နည်းတယ်ပေါ့နော်။”

အရှေ့တိုက်၊ အနောက်တိုက်နဲ့ အလယ်တိုက်လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေဟာ
ပခုက္ကူမြို့က အဓိကစာသင်တိုက်ကြီးတွေ ဖြစ်ပါတယ်။ စက်တင်ဘာဆန္ဒပြပွဲတွေ
ဖြစ်ပြီးတဲ့နောက်မှာ သံဃာတော်တွေကို အာဏာပိုင်တွေက နေရပ်ပြန်ပို့တာနဲ့ တချို့ မိဘဆွေမျိုးတွေက ပြန်လည်ခေါ်ယူခဲ့တာကြောင့် အခုလို လျော့နည်းသွားတာဖြစ်ပါ
တယ်။

အဲဒီကျောင်းတိုက်တွေမှာ လက်ရှိသီတင်းသုံးနေတဲ့ သံဃာတွေကလည်း စာမေးပွဲဖြေ
ဆိုသူ သိပ်မရှိဘဲ ကိုရင်တွေသာ အများဆုံးဖြေဆိုကြတယ်လို့ ပခုက္ကူမြို့က သံဃာတော် နောက်တပါးက မိန့်ကြားပါတယ်။

မန္တလေးမြို့မှာတော့ အရင်နှစ်နဲ့နှိုင်းစာရင် စာဖြေကိုယ်တော် လေးပုံသုံးပုံလောက်
ဝင်ရောက်ဖြေဆိုကြောင်း မန္တလေးမြို့က သံဃာတော်တပါးက ခန့်မှန်းပါတယ်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်မှာတော့ အရင်နှစ်က စာဖြေကိုယ်တော်
၇၀၀ လောက်ရှိပေမယ့် ဒီနှစ်တော့ ၃၀၀ လောက်ပဲရှိတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက ပခုက္ကူမြို့က သံဃာတော်တွေ မေတ္တာပို့ ဆုတောင်း
ကြွချီတာကို အာဏာပိုင်တွေက အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့တာကြောင့် သံဃာတော်
တွေက စစ်အစိုးရနဲ့ အာဏာပိုင်တွေကို သပိတ်မှောက် ကံဆောင်ခဲ့ပါတယ်။ ဒီလို ကံဆောင်ထားတဲ့အတွက် ဒီနှစ်ကျင်းပတဲ့ စာမေးပွဲကို ဝင်ရောက်မဖြေဆိုဖို့ မြန်မာ
နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနဲ့ ပြည်ပအခြေစိုက် သာသနာ့ဥသျှောင်အဖွဲ့တို့က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG