အမေရိကန်မှာ စီးပွားရေး ဆုတ်ဆိုင်းကျဆင်း
မယ့် အလားအလာကနေ ကာကွယ်ဖို့ အရေးပေါ် ဘဏ္ဍာရေးအစီအစဉ်တွေ ထူထောင်ရေးအတွက်
ဂျပန်နဲ့ တရုတ်ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေး နေခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်း
ထောက် နာအိုမီ မားတစ်ဂ် (Naomi Martig) ဟောင်ကောင်ကနေ ပေးပို့ထားတဲ့ သတင်း
ဆောင်းပါးကို ကိုကျော်ကျော်သိန်းက အပြည့်
အစုံ တင်ပြထားပါတယ်။
အမေရိကန်စီးပွားရေးကို ဆက်ပြီးဆွဲချနေတဲ့ အိမ်ခြံမြေဈေးကွက် အကျပ်အတည်း အာရှတိုက်
ကို ရိုက်ခတ်လာမယ်ဆိုရင် သက်သာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တနင်္ဂနွေ
နေ့က တိုကျိုမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ဂျပန်နဲ့တရုတ် ဘဏ္ဍာရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။
ချင်းမိုင် Initiative လို့ခေါ်တဲ့ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်
ကို သူတို့ အသိအမှတ်ပြု လက်ခံမယ်လို့ ၀န်ကြီးနှစ်ဦးက ပြောပါတယ်။ အဲဒီသဘောတူ
ညီချက်အရ ဘဏ္ဍာငွေကြေး အရေးပေါ်အခြေအနေမှာ နိုင်ငံခြားငွေတွေကို အာရှ
ဒေသတွင်း ချေးငှားဖို့ အစိုးရတွေကို ခွင့်ပြုထားပါတယ်။
အစည်းအဝေးပြီးတဲ့နောက် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဖူကူရှိရို နူကဂါ (Fukushiro
Nukaga) က သတင်းထောက်တွေကို ခုလို ဂျပန်ဘာသာစကားနဲ့ ပြောခဲ့ပါတယ်။
မသေချာ မရေရာမှုတွေ တိုးလာနေတဲ့ အခုလိုအချိန်မှာ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယတို့ဟာ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်သင့်တယ်လို့ နူကဂါက ပြောသွားတာပါ။
အမေရိကန်ပြည်ထောင်စုဟာ Recession လို့ခေါ်တဲ့ စီးပွားရေး ဆုတ်ဆိုင်းကျဆင်းမှု ကနဦးအဆင့်မှာ ရောက်နေပြီဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာတာနဲ့အမျှ အာရှဈေးကွက်
တွင်း မတည်မငြိမ်ဖြစ်မှု ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း ဆိုးရွားခဲ့ရပါတယ်။
မစ်တ်ဆူဟီရို ဖူကာအို (Mitsuhiro Fukao) ဟာ ဂျပန်စီးပွားရေးသုတေသနဌာနရဲ့
ဥက္ကဋ္ဌပါ။ တရုတ်နဲ့ဂျပန်လို နိုင်ငံတွေနဲ့ ထိုင်ဝမ်လိုဒေသတွေဟာ အမေရိကန် အိမ်ခြံ
မြေ ငွေချေးဈေးကွက် အကျပ်အတည်းပေါ် သိပ်ပူပန်စရာမလိုဘူးလို့ သူကပြောပါ
တယ်။ အမေရိကန်ဆီ သူတို့ရဲ့ပို့ကုန်တွေ ကျဆင်းသွားမယ်ဆိုရင် ငွေရေးကြေးရေးအရ
သူတို့ဘာသာ တောင့်ခံထားနိုင်မှာပါတဲ့။
“ဒါပေမယ့် အမေရိကန်စီးပွားရေး ကျဆင်းမယ်၊ ဒါမှမဟုတ် ဆုတ်ဆိုင်းသွားမယ်ဆိုရင် တချို့အာရှနိုင်ငံတွေရဲ့ ကုန်တင်ပို့မှု ကျဆင်းသွားနိုင်ပါတယ်၊ အဲဒီနောက် အာရှနိုင်ငံ
တချို့မှာ နိုင်ငံခြားအရန်ငွေ ကျဆင်းသွားခြေရှိပါတယ်။”
အမေရိကန်စီးပွားရေး ဆုတ်ဆိုင်းမှု ကာလရှည်နေမယ်ဆိုရင် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား
လိုနိုင်ငံတွေ အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဖူကာအိုက ပြောပါတယ်။
ဒေါ်လာဈေးဟာ ယန်း ၁၀၀ အောက်မှာ ဆက်ပြီးရှိနေမယ်ဆိုရင် ဘယ်လောက်ထိ ဆက်ကျသွားမယ်ဆိုတာကို တာဝန်ရှိသူတွေက မျက်ခြည်မပြတ် စောင့်ကြည့်နေမှာပါ
လို့ ဖူကာအိုက ဆိုပါတယ်။
“ယန်းဈေးက တဒေါ်လာကို ၉၀ ဖြစ်သွားတယ်ဆိုပါစို့၊ ဒါဆိုရင်တော့ ယန်းငွေတန်ဖိုး မြန်မြန်ဆန်ဆန်တက်တာကို ရပ်သွားအောင် ဘဏ္ဍာရေးဝန်ကြီးဌာနက ၀င်စွက်ဖက်
ကောင်း စွက်ဖက်ရပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအတိုင်း ယန်း ၁၀၀ ပတ်ဝန်းကျင် လောက်မှာပဲရှိနေရင်တော့ အစိုးရက၀င်စွက်ဖို့ ဖြစ်နိုင်ခြေမရှိပါဘူး။”
အမေရိကန်နဲ့ ကုန်သွယ်ရေးအပေါ် အကြီးအကျယ် မှီခိုအားထားနေတဲ့ အာရှတိုက်က တခြားနိုင်ငံတွေအနေနဲ့ အမေရိကန်မှာ စီးပွားရေးဆုတ်ဆိုင်းမယ့် အလားအလာနဲ့
တရုတ်မှာ မြင့်မားလာတဲ့ ငွေဖောင်းပွမှု အခြေအနေတွေမှာ သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်
ရာ မူဝါဒတွေကို အားကောင်းမောင်းသန်ဖြစ်အောင် ကြိုးစားလုပ်ဆောင်လာကြလိမ့်
မယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
စီးပွားရေးဆုတ်ဆိုင်းမှုကနေ ကာကွယ်ဖို့ အရေးပေါ်လုပ်ဆောင်မှုတွေကို အမေရိကန်
ဗဟိုဘဏ်က ကြေညာထားပြီးဖြစ်ပြီး အတိုးနှုန်းတွေ ထပ်ပြီးလျှော့ချဦးမယ့် အလား
အလာလည်း ရှိနေပါတယ်။
တနင်္လာနေ့က စတော့ဈေးကွက်မှာတော့ တရုတ် ရှန်ဟဲ Index က ၄.၅ % ကျဆင်း
သွားပြီး ဂျပန် Index တန်ဖိုးကတော့ ပြီးခဲ့တဲ့သီတင်းပတ်မှာ အကြီးအကျယ်ကျခဲ့ပြီး
တဲ့နောက် မူရင်းတန်ဖိုးအတိုင်းပဲ ဈေးပိတ်သွားခဲ့ပါတယ်။