သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန်န်အယ်လ်ဒီ ပြည်နယ်နဲ့တိုင်းတချို့ ဆန္ဒခံယူပွဲ ကန့်ကွက်ဖို့ စိုင်းပြင်း


မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးဖို့ရှိတဲ့ ဖွဲ့စည်း
ပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို သပိတ်မှောက်ဆန့်ကျင်
သင့်သလား၊ သွားပြီးကန့်ကွက်မဲ ပေးသင့်သလားဆိုတဲ့ အယူအဆတွေကြားမှာ နိုင်ငံရေးအဖွဲ့အများစုကတော့
လူတွေ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးကြဖို့
လှုံ့ဆော်ကြတာ တွေ့ရပါတယ်။ အဓိကနိုင်ငံရေးပါတီ
ကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကတော့ ဒီဆန္ဒခံယူပွဲ
ကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ တိတိကျကျ သဘောထားထုတ်ပြန်မှု မတွေ့ရသေးပေ
မယ့် ကျန်တိုင်းနဲ့ပြည်နယ်တချို့က အဖွဲ့ဝင်တွေနဲ့ လူထုကတော့ ကန့်ကွက်မယ်ဆိုပြီး သဘောထားတွေ ထွက်ပေါ်လာနေပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မေလထဲကြရင် ကျင်းပဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီဗဟိုက
အခုအချိန်အထိ တိတိကျကျ ထုတ်ပြန်ပြောဆိုတာတွေ မရှိသေးတဲ့အချိန်မှာပဲ တိုင်းနဲ့
ပြည်နယ်တချို့က အဖွဲ့ဝင်တွေဆီက အခုလို ဆန့်ကျင်တဲ့သဘောထားတွေ ထွက်ပေါ်
လာနေတာပါ။ အခုကျင်းပဖို့ ပြင်ဆင်နေတဲ့ လူထုဆန္ဒခံယူပွဲဟာ သက်ဆိုင်သူတွေ
မပါဝင်ဘဲ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုမှာဖြစ်တယ်၊ ဒါ့အပြင် ဒီမိုကရေ
စီ အခြေခံတွေလည်း ကင်းမဲ့နေတယ် စတဲ့အကြောင်းအရာတွေကို အခြေခံပြီး
ကန့်ကွက်ဖို့ ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ အခုနောက်ဆုံးဆိုရင်လည်း
အန်န်အယ်လ်ဒီ အများစုပါဝင်တဲ့ တိုင်းနဲ့ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်
၁၂ ယောက်က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်အပြီး သူတို့ရဲ့သဘောထားတွေကို ထုတ်ပြန်
ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ဒီလိုဆုံးဖြတ်သူတွေထဲမှာ ပါဝင်သူတဦးကတော့ ရခိုင်
ပြည်နယ် ဂွမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ဖြစ်ပါတယ်။

“ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို ပြည်သူလူထုသိအောင်
ဒီအချိန်မှာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့လိုတဲ့အတွက် ထုတ်ပြန်မယ်ဆိုတဲ့ဆုံးဖြတ်
ချက်နဲ့ ဆုံးဖြတ်တာပါ။ ကျနော်တို့ အကြမ်းဖျဉ်းတော့ ညှိထားပါတယ်။ ဒါပေမယ့် အချောတော့မထွက်သေးဘူး။ လာမယ့် တရက်နှစ်ရက်လောက်တော့ ထွက်ဖြစ်လိမ့်
မယ်ထင်တယ်။

“မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့ပါတယ်၊ အန်န်အယ်လ်ဒီ
လည်းပါပါတယ်။ ပြီးတော့ ကိုစိုးဝင်း ပါပါတယ်။ ကိုစိုးဝင်းက ဒီမိုကရေစီပါတီက။
တခြားတော့ အန်န်အယ်လ်ဒီတွေပါပဲ။ ဆွေးနွေးဖြစ်တာကတော့ ဒီ referendum ကို လက်မခံဘူးဆိုတဲ့ သဘောထားရပါတယ်။ ရှေ့လုပ်မယ့်လုပ်ငန်းစဉ်တော့ မချဖြစ်
သေးပါဘူး။ ဒီနေ့ စောစောက သဘောထား အကြမ်းရေးပြီးတော့ နောက်ပိုင်း အချော
ထုတ်မယ်။ အဲလောက်တော့ ဖြစ်ပါတယ်။ ကျနော်တို့က ညီညွတ်မှုနဲ့တော့ လုပ်သွား
မှာပါ။ အဲလိုလုပ်တဲ့နေရာမှာ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာတော့ အခုအချိန်မှာ ကြိုပြော
လို့မရသေးဘူး။ ညီညွတ်မှုကိုတော့ ကျနော်တို့ ဦးစားပေးပါတယ်။”

ဒီလိုကန့်ကွက်ဖို့ ဆုံးဖြတ်ချက်ချထားသူတွေထဲမှာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ
ရွေးချယ်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေသာမက တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေလည်း ပါဝင်ကြတာပါ။ မကြာ
သေးခင်ကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့က ကြေညာချက်တစောင်ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။ အခုလွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တပြိုင်တည်းမှာပဲ ပဲခူးတိုင်း စည်းရုံးရေး
ကော်မတီကလည်း ဆန္ဒခံယူပွဲကိုကန့်ကွက်ဖို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာ
ပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပဲခူးမြို့က အန်န်အယ်လ်ဒီ စည်းရုံးရေးကော်မတီဝင်
တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပေါ်မှာ ကန့်ကွက်တယ်။ လာမယ့် မေလမှာကျင်းပမယ့်
ဆန္ဒခံယူပွဲကို ကန့်ကွက်တယ်။ အဲဒီနှစ်ချက်ပေါ့။ အဲဒီလိုကန့်ကွက်ပြီး အကယ်၍
စစ်အစိုးရက ဆက်လက်ပြီး ဆန္ဒခံယူပွဲကို ကျင်းပမယ်ဆိုရင်လည်း မဲရုံသွားပြီး ပြည်သူ
လူထုအနေနဲ့ ကန့်ကွက်မဲပေးကြဖို့ တိုက်တွန်းတယ်။ အဲဒီသုံးချက်ပါတယ်။”

ဒီလို အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့
သဘောထားတွေကို ထုတ်ဖော်ပြောဆိုတဲ့အသံတွေ ကြားနေရပေမယ့်လည်း
အန်န်အယ်လ်ဒီဗဟိုဘက်က တရားဝင်ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးတဲ့အတွက်
ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်ပါသေးတယ်။

“ဗဟိုကတော့ အခုအချိန်အထိ မထုတ်ပြန်သေးပါဘူး။ ကျနော်တို့မဟုတ်ဘူး၊ လူကြီး
တွေကတော့ ဆွေးနွေးနေပါတယ်။”

အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ
အကြား လတ်တလော ဆွေးနွေးမှုတွေ ရှိနေတဲ့အကြောင်း ပြောပြခဲ့တာပါ။
အန်န်အယ်လ်ဒီအနေနဲ့ စစ်အစိုးရက အခုလုပ်နေတဲ့ ဆန္ဒခံယူပွဲ အပါအဝင် နိုင်ငံရေး လုပ်ငန်းစဉ်တွေဟာ တရားဝင်မှုမရှိဘူးလို့ ကြေညာထားပေမယ့် လာမယ့်ဆန္ဒခံယူပွဲ
ကိုတော့ သပိတ်မှောက်မှာမဟုတ်ဘူးလို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောဆိုထားတာလည်းရှိတာမို့ အခုလို ကျန်ပါတီဝင်တွေရဲ့ ဆန္ဒခံယူပွဲအပေါ် ဆန့်ကျင်
တဲ့ သဘောထားတွေဟာ ဗဟိုရဲ့ရပ်တည်ချက်နဲ့ ကွဲလွဲနေတဲ့သဘောမျိုး ဖြစ်နေမလား
ဆိုပြီး အန်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကိုပဲ မေးကြည့်ခဲ့ပါ
သေးတယ်။

“သဘောထားချင်းတော့ အနည်းငယ် ကွဲကောင်းကွဲမှာပါ။ ဒါပေမယ့် စောစောက ကျနော်ပြောသလိုပဲ၊ ကျနော်တို့က ညီညွတ်မှုကိုတော့ ဦးစားပေးပြီးလုပ်မှာပါ။
အဲတော့ လုပ်တဲ့ကိုင်တဲ့နေရာမှာတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့ လုပ်သွားမှာပါ။”
ရခိုင်ပြည်နယ် ဂွမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာစစ်အစိုးရရဲ့ အခုကျင်းပပေးမယ့် ဆန္ဒခံယူပွဲကို ဆန့်ကျင်ကြဖို့ ပြည်တွင်းပြည်ပမှာ လှုံ့ဆော်မှုတွေကလည်း ရှိနေတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်းက ကချင်ပြည်နယ်လိုနေရာမျိုးမှာတောင် ဆန့်ကျင်လှုံ့ဆော်
လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG