သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ရွေးချယ်အပြီး တရားသူကြီးများ ပြန်လည်လွတ်မြောက်လာ


ပါကစ္စတန်နိုင်ငံမှာ သမ္မတ ပါဗက်ဇ် မူရှာ
ရက်ဖ် (Pervez Musharraf) အပေါ် ကာလ
တာရှည် ဆန့်ကျင်လာခဲ့သူတယောက်ကို
ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် အမျိုးသား
လွှတ်တော်က တင်မြှောက်လိုက်ကြပါတယ်။
ဝန်ကြီးချုပ်သစ်ဟာ တရားသူကြီးချုပ်နဲ့ ဗဟို
တရားရုံး တရားသူကြီးတွေကို နေအိမ်
အကျယ်ချုပ် ချခံထားရာက လွှတ်လိုက်ပါ
တယ်။ ဗွီအိုအေသတင်းထောက် စတိဗ်ဟား
မန်း (Steve Herman) အစ္စလာမ်မာဘတ်မြို့
က ပေးပို့တဲ့ သတင်း ၂ ပုဒ်ကို ဦးတင်မောင်
သန်းက စုစည်းတင်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ၂၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် မစ္စတာ ယူးဆုဖ် ရယ်ဇား ဂီလာနီး
(Yousuf Raza Gilani) ကို တနင်္လာနေ့က တင်မြှောက်လိုက်ကြတာ ဘယ်သူမှ မအံ့သြ
ကြဘူးလို့ ဆိုကြပါတယ်။ လွှတ်တော်အသစ်မှာ အကြီးဆုံးပါတီဖြစ်တဲ့ ပါကစ္စတန်
ပြည်သူ့ပါတီက သူ့ကို စနေနေ့မှာ အဆိုပြုခဲ့တာပါ။ အောက်လွှတ်တော်မှာ အမတ်
၃၄၂ ယောက်အနက် ၂၆၄ ယောက်ရဲ့ ထောက်ခံမှုကို မစ္စတာဂီလာနီးက ရရှိခဲ့ပါတယ်
လို့ လွှတ်တော်ဥက္ကဋ္ဌ ဖာမစ်ဒ် မာဇာ (Fahmid Mirza) က ကြေညာခဲ့ပါတယ်။

“ဆာရိဒ် ယူးဆုဖ် ရယ်ဇား ဂီလာနီး ရှေ့ကိုကြွလာပြီး လွှတ်တော်ခေါင်းဆောင်နေရာ
ယူဖို့ ကျနော် ဖိတ်ခေါ်လိုက်ပါတယ်။”

မဲရလဒ်တွေကို ကြေညာလိုက်တဲ့အခါမှာ လွှတ်တော်ခန်းမကြီးထဲမှာ “ဘူတို အရှည်
ရှင်သန်နေပါစေ” လို့ ပျော်ပျော်ရွှင်ရွှင်ကြီး ဟစ်ကြွေးလိုက်ကြတဲ့အသံ ထွက်ပေါ်လာခဲ့
ပါတယ်။ မနှစ် မဲဆွယ်စည်းရုံးရေးခရီးမှာ လုပ်ကြံခံလိုက်ရတဲ့ ဝန်ကြီးချုပ် ၂ ကြိမ်
ဆောင်ရွက်ခဲ့သူ မစ္စ ဘနာဇာဘူတို (Benazir Bhutto) ကို ဂုဏ်ပြုကြွေးကြော်လိုက်ကြ
တာပါ။ အမတ်တွေက သမ္မတ ပါဗက်ဇ်မူရှာရက်ဖ် ထွက်သွားဖို့လည်း သံပြိုင် တောင်း ဆိုလိုက်ကြပါတယ်။

လွှတ်တော်ကို စကားပြောဖို့ မစ္စတာဂီလာနီးက ထလိုက်တဲ့အခါ မစ္စဘူတိုရဲ့ ၁၉ နှစ်
အရွယ် သား ဘီလာဝယ်လ် ဘူတို ဇာဒါနီ (Bilawal Bhutto Zardari) က မျက်ရည်တွေ
ဝေ့၀ဲလို့ ကြည့်နေခဲ့ပါတယ်။ ကုလသမဂ္ဂကော်မရှင်အောက်မှာ မစ္စဘူတိုကို လုပ်ကြံခဲ့
တာ စုံစမ်းစစ်ဆေးဖို့ လွှတ်တော်ကို ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

ပထမဆုံး အရေးပါတဲ့ ဆောင်ရွက်ချက်တရပ်ကို မစ္စတာဂီလာနီး စဆောင်ရွက်လိုက်
တာကတော့ သမ္မတ မူရှာရက်ဖ် ထိန်းသိမ်းထားခဲ့တဲ့ တရားသူကြီးအားလုံးကို ချက်ချင်းလွှတ်ပစ်လိုက်တာပါပဲ။ အစ္စလာမ်မာဘတ်မှာရှိနေတဲ့ အတားအဆီးတွေကို မိနစ်ပိုင်းအတွင်းမှာ ဖယ်ရှားလိုက်ကြပါတယ်။

တရားသူကြီးချုပ်နဲ့ အခြားတရားသူကြီး ၆၀ တို့ကို ဝင်းတဝင်းထဲမှာ နေအိမ်အကျယ်
ချုပ်ချထားခဲ့တာ လေးလကျော်ခဲ့ပါပြီ။ သူ့ကို သမ္မတအဖြစ် ပြန်လည်တင်မြှောက်ခဲ့
တာကို ပယ်ဖျက်တဲ့ဆုံးဖြတ်ချက် မချမယ့် တရားသူကြီးတွေနဲ့ အဆိုပါ အထိန်းသိမ်းခံ တရားသူကြီးတွေရဲ့နေရာကို သမ္မတ မူရှာရက်ဖ်က အစားထိုးခဲ့ပါတယ်။ ၁၉၉၉
အာဏာသိမ်း တက်လာခဲ့တဲ့ မစ္စတာမူရှာရက်ဖ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ
ရွေးကောက်ပွဲဝင်ခဲ့စဉ်တုန်းက ပါကစ္စတန်စစ်တပ်ရဲ့ ဦးစီးချုပ်လည်း ဖြစ်ပါတယ်။

အိမ်ရှေ့ လသာဆောင်ကနေ သူ့ကိုထောက်ခံသူတွေနဲ့ တွေ့ဆုံရာမှာ အဖြုတ်ခံ တရား
သူကြီးချုပ် အစ်ဖ်တစ်ခါ မူဟာမက်ဒ် ချောင်ဒရီ (Iftikhar Muhammad Chaudhry) က ဥပဒေစိုးမိုးရေးတိုက်ပွဲလို့ သူကခေါ်တဲ့ ၅ လကြာတိုက်ပွဲအတွက် ပါကစ္စတန်ပြည်သူ
တွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပါတယ်။ မစ္စတာချောင်ဒရီက သိက္ခာရှိရှိ
အပြုအမူနဲ့ ဆက်သွားနိုင်မယ့် အဖြစ်အပျက်တွေ ဆောင်ရွက်ကြဖို့ သူက ပြောလိုက်
ပါတယ်။

မစ္စတာဂီလာနီးကို ရွေးချယ်လိုက်ခြင်းအားဖြင့် မစ္စတာမူရှာရက်ဖ်ကို ဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ရုန်းကန်တိုက်ပွဲဝင်တဲ့ ခေတ်တခေတ်ကို လက်စသတ်လိုက်
ကြတာ ဖြစ်ပါတယ်။ သမ္မတရဲ့ ကံကြမ္မာက ပို မရေမရာ ဖြစ်လာပါတယ်။ ဒါပေမယ့်
ဥပဒေအသိုက်အဝန်းနဲ့ လူကြိုက်မများလှတဲ့ သမ္မတတို့ကြား အငြင်းပွားမှုက မပြီးသေး
ပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားသူကြီးတွေကို မူလရာထူး ပြန်မခန့်ရသေးလို့ပါပဲ။ ညွန့်ပေါင်းအစိုးရ ပေါင်းဖွဲ့ထားတဲ့ မူရှာရက်ဖ်ဆန့်ကျင်ရေး ပါတီကြီး ၂ ပါတီက တလ
အတွင်း တရားသူကြီးတွေကို ပြန်ခန့်ထားမယ်လို့ ကတိပြုထားပါတယ်။

နောက်ငါးနှစ်သက်တမ်းအတွက် သမ္မတအဖြစ် မစ္စတာမူရှာရက်ဖ် ပြန်လည်
ရွေးကောက်ခံရတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုရှိမရှိ အမှု
ဆုံးဖြတ်နိုင်ခွင့်ကို တရားသူကြီးတွေ ရခဲ့မယ်ဆိုရင် သမ္မတရာထူးကထွက်ဖို့ ဖြစ်သွား
နိုင်ပါတယ်။

အခုတင်မြှောက်ခံလိုက်ရတဲ့ မစ္စတာဂီလာနီးရဲ့ ဝန်ကြီးချုပ်သက်တမ်းကလည်း ဘယ်လောက်ရှိမယ်ဆိုတာ မပြောနိုင်သေးတဲ့ မေးခွန်းတခွန်း ဖြစ်နေပါသေးတယ်။ ဘနာဇာဘူတိုရဲ့ခင်ပွန်း အဆစ်ဖ် အလီ ဇာဒါ (Asif Ali Zardar) က ဝန်ကြီးချုပ်ရာထူးကို မလိုချင်ကြောင်း ပြောထားပြီး ပါကစ္စတန်ပြည်သူ့ပါတီရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် မစ္စဘူတို လုပ်ကြံခံရပြီးတဲ့နောက် တာဝန်ယူခဲ့ပါတယ်။

ဒါပေမယ့် သမိုင်းအရဆိုရင်လည်း ဝန်ကြီးချုပ် မစ္စတာဂီလာနီး သက်တမ်း ငါးနှစ်ပြည့်
တာဝန်ထမ်းဆောင်နိုင်ပါ့မလား သံသယရှိစရာပါ။ အဲသလို သက်တမ်းပြည့်ခဲ့တဲ့
ဝန်ကြီးချုပ်ဆိုလို့ ပါကစ္စတန်သမိုင်းမှာ တယောက်ပဲရှိခဲ့တာပါ။ ဝန်ကြီးချုပ်အတော်
များများဟာ သမ္မတအမိန့်ကြောင့်ဖြစ်စေ၊ စစ်တပ်အာဏာသိမ်းလို့ဖြစ်စေ ပြုတ်သွား
ခဲ့ရတာချည်း ဖြစ်ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG