ရန်ကုန်မြို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေ
ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ဆိုးရွားနေပေမယ့်
လုံလောက်တဲ့ ဆေးဝါးကုသခံယူမှုတွေ မရနိုင်တာကြောင့် အခြေအနေတွေ ပိုပြီးဆိုး
လာနေတယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောကြပါတယ်။
ဒီကနေ့ အကျဉ်းသားတွေကို သွားရောက်တွေ့ဆုံခဲ့ကြတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ
တွေက ဘာတွေပြောကြတယ်ဆိုတာ ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်အမျိုးမျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ရာသီဥတုကြမ်းတမ်းတဲ့ဒဏ်၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုချို့တဲ့တဲ့ ထောင်တွင်းအခြေအနေတွေအောက်မှာ
ရောဂါဝေဒနာတွေ ခံစားနေရတာ ပိုမိုဆိုးရွားလာနေကြတယ်လို့ အကျဉ်းသားမိသားစု
ဝင်တွေနဲ့ မိတ်ဆွေတွေက ပြောဆိုနေကြတာပါ။
ဒီအထဲက အပတ်စဉ်ထုတ် အချစ်ဂျာနယ်မှာ မြန်မာစစ်အစိုးရခေါင်းဆောင်ကို တိုက်ခိုက်ပြောဆိုထားတယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ ကဗျာတပုဒ်ကို ရေးသားဖော်ပြ
ခဲ့တဲ့ ကဗျာဆရာစောဝေလည်း တဦးအပါအဝင်ဖြစ်ပါတယ်။ အခုဆိုရင် ထောင်ဆေးရုံ
မှာ အူကျရောဂါနဲ့ ဆေးကုသခံယူနေတာ နှစ်ပတ်ရှိသွားပေမယ့် သူ့အခြေအနေ သက်သာမလာဘူးလို့ ဇနီးသည် မနန်းစမ်းစမ်းအေးက ပြောပါတယ်။
“ထောင်ဆေးရုံမှာပဲပေါ့။ အူကရောင်တယ်၊ အူကျတယ်။ ထမင်းစားလို့မရဘူး။ အခြေ
အနေကတော့ ချွေးကိုပြန်နေတာပဲ။ နေရထိုင်ရတာမကောင်းဘူး၊ ရာသီဥတုကလည်း
ပူတယ်၊ ရောဂါနဲ့ဆိုတော့။ ပြင်ပမှာ ခွဲစိတ်ကုသဖို့ အသနားခံစာတင်ထားတယ်၊
ဆရာဝန်ကြီးတွေကိုပြောထားတယ်။ သူက ခွဲမှဖြစ်မှာကိုး။ ဆရာဝန်ကြီးတွေက အဆင့်ဆင့်တင်ပြရသေးတယ်။ နောက်တပတ် ၁ ရက်နေ့လောက်မှ ဆရာဝန်ရဲ့ ဆေးစစ်ချက်ပြန်လာမယ်။ အဲဒီကျမှ ခွဲဖို့စိတ်ဖို့လိုမယ်ဆိုရင်လည်း အပြင်မှာခွဲမလား၊ အထဲမှာခွဲမလား၊ မပြောတတ်သေးဘူး။ ဆေးရုံတက်တာ နှစ်ပတ်ရှိသွားပြီ။ ထမင်း
မစားနိုင်တာလည်း နှစ်ပတ်လောက်ရှိသွားပြီ။ ဆန်ပြုတ်သောက်တယ်၊ ပေါင်မုန့်လေး
စားတယ်။ သိပ်စားလို့မရဘူး၊ အူကလက်မခံလို့။”
ကဗျာဆရာစောဝေကို ဒီနေ့ပဲ ထောင်ဝင်စာသွားတွေ့ပြီး မြင်ခဲ့ရတဲ့အခြေအနေတွေကို ဇနီးသည်ဖြစ်သူ မနန်းစမ်းစမ်းအေး ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သရော်ထားတယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ကဗျာကို ရေးသားဖွဲ့ဆိုခဲ့တယ်လို့ စွပ်စွဲခံထားရပေမယ့် အခုအထိတော့ ကိုစောဝေကို ပုဒ်မတပ်၊ စွဲချက်တင်တာမရှိသေးဘူးလို့လည်း ဇနီးသည်က ဆိုပါတယ်။
ဒီလိုကျန်းမာရေးဆိုးရွားနေပြီး လုံလောက်တဲ့ ဆေးဝါးကုသစောင့်ရှောက်ခံရမှု မရသူ နောက်တဦးကတော့ မျက်စိရောဂါဝေဒနာ ခံစားနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်ပါ။
“ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကတည်းက သူက မျက်စိရောဂါခံစားနေရတာ ကြာပြီ။ အပြင်မှာကတည်းက မျက်မှန်အထူကြီးတပ်ပြီး နေနေရတဲ့လူ။ အဲဒါကို ထောင်ထဲမှာ
နေရတော့ ထုံစံအတိုင်း ဆေးဝါးကုသမှုကလည်း လုံလောက်မှု မရှိဘူးလေ။ အဲဒါ
ကြောင့် မျက်လုံးက အရမ်းအခြေအနေဆိုးပြီး ကွယ်တော့မယ့် အနေအထားဖြစ်နေ
တယ်။
“ပြီးခဲ့တဲ့အပတ်ကမှ ထောင်ကနေထုတ်ပြီး အပြင်မျက်စိဆေးရုံမှာ ကုဖို့လုပ်တယ်။
အဲဒီမှာ ကုန်ကျခံရမယ့် ကုန်ကျစရိတ်တွေက မိသားစုကိုယ်တိုင် ကုန်ကျခံရမယ့်ကိစ္စ
တွေဗျ။ ကျန်တဲ့ တာဝန်ရှိတဲ့လူတွေက ဘယ်သူမှ တာဝန်မယူဘူး။ မိသားစုတွေက
လည်း ငွေရေးကြေးရေး အတိုင်းအတာအရ အခက်အခဲရှိတော့ မခွဲသေးဘူးဆိုပြီး
ထောင်ထဲကို ပြန်ထည့်တယ်။ အဲတော့ သူ့သူငယ်ချင်း အပေါင်းအသင်းတွေက ကြားပြီး စိတ်မကောင်းဖြစ်၊ ဝိုင်းကူညီကြမယ့် အနေအထားရှိတော့ အခု ဒီနေ့ ထောင်က
ထုတ်ပြီး မျက်စိဆေးရုံလာပို့မယ်ပြောလို့ ကုန်ကျမယ့်ငွေကြေး နှစ်သိန်းခွဲသုံးခွဲယူပြီး လာစောင့်နေတာ၊ အခုအထိတော့ ထုတ်လာတာမရှိသေးဘူး။”
ကိုလှမျိုးနောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ နီးစပ်သူ မိတ်ဆွေတဦးက
ပြောပြခဲ့တာပါ။ ကိုလှမျိုးနောင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ဖမ်းဆီးခံရစဉ်ကတည်း
က မျက်စိနဲ့ အာရုံကြောဝေဒနာ ခံစားနေရတာဖြစ်ပြီး ထောင်တွင်းမှာပဲ မျက်စိတလုံး ကွယ်ခဲ့ရတာဖြစ်ပြီး အခုကျန်တလုံးကလည်း ကွယ်လုနီးနီးဖြစ်နေတယ်လို့ မိတ်ဆွေ
တွေက ပြောကြပါတယ်။
ဒီလို ကျန်းမာရေး ဆိုးဆိုးဝါးဝါးမဟုတ်လှပေမယ့် ထောင်တွင်း ဆိုးဝါးတဲ့အခြေအနေ
တွေအောက်မှာ ကျန်းမာရေးပြဿနာ ကြုံရသူတွေရှိနေသေးတဲ့ အကြောင်းကိုလည်း
ဒီနေ့ အင်းစိန်ထောင်ကိုရောက်ရှိခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးက အခုလိုပြောပြပါတယ်။
“စည်သူမောင်တို့အတွဲထုတ်တယ်ဗျာ။ ဟိုဘက်က ပြည့်ဖြိုးနိုင်တို့အတွဲ တတွဲရှိတယ်။
ကိုးဦးပေါ့။ အဲဒါ တပြိုင်တည်းထုတ်တယ်။ ရှေ့နေတွေက ဟိုဘက်သွား၊ ဒီဘက်သွား
စစ်တယ်။ စည်သူဆိုရင် ခြေထောက်က ထောက်လို့မကောင်းဘူး၊ ကိုသိန်းရွှေက
ခါးကြောညပ်တယ်။ ကျနော်မြင်ခဲ့ရတဲ့ အခြေအနေက အဲဒါတွေပဲ။”
ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ယိုယွင်းနေတဲ့အကြောင်း အကျဉ်းသားမိသားစုဝင်တွေ
က ပြောပြကြတာပါ။
ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ယုံကြည်မှုကြောင့် အဖမ်းခံထားရသူ တထောင်ကျော်ရှိ
တယ်လို့ ခန့်မှန်းထားတာဖြစ်ပြီး သူတို့တွေ နေထိုင်နေရတဲ့ အခြေအနေ တိုးတက် ကောင်းမွန်လာစေဖို့ကိုလည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) လိုအဖွဲ့တွေ
က ဝင်ရောက်ကြည့်ရှု ဆောင်ရွက်ခွင့်ရဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားတာ
ဖြစ်ပါတယ်။