သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လူ့အခွင့်အရေးချိုးဖောက်မှု တောင်ကိုရီးယားကော်မရှင် စစ်ဆေးမည်


မြောက်ကိုရီးယားနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ်လို့
တောင်ကိုရီးယား လူ့အခွင့်အရေးကော်မရှင်က
ပြောဆိုပါတယ်။ အရင်ကဆိုရင် တောင်ကိုရီးယား လူ့အခွင့်အရေးကော်မရှင်ဟာ သူ့နိုင်ငံထဲက အဖြစ်အပျက်တွေကိုပဲ ပစ်မှတ်ထားပြီး
ဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ အရင်ကနဲ့မတူ
ဘဲ လုံးဝကွဲလွဲလာခဲ့ပါတယ်။ ဒီလို မြောက်ကိုရီး
ယားဘက်က ချိုးဖောက်မှုတွေကို စုံစမ်းမယ်ဆိုတာ တောင်ကိုရီးယားနိုင်ငံမှာ ကွန်ဆာဗေးတစ်သမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak) သမ္မတရာထူး စတင်ယူလာခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားနဲ့
ပတ်သက်တဲ့ မူဝါဒ ပြောင်းလဲလာတဲ့ လက္ခဏာ
တရပ် ဖြစ်ပါတယ်။ ဆိုးလ်မြို့ကနေ ဗွီအိုအေ
သတင်းထောက် ကတ်တ်အာချင်း (Kurt Achin) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

မြောက်ကိုရီးယားပိုင် နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို
ရှေ့လ တရားဝင်စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်မယ်လို့ တောင်ကိုရီးယား
အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ ကော်မရှင်ရဲ့ ထိပ်တန်းသုတေ
သနမှူး ချိုယောင်ဂုဒ် (Cho Young-guk) က တောင်ကိုရီးယားကို ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားတွေဆီက ထွက်ဆိုချက်တွေကို အဓိကရယူမယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံသား တသောင်း သုံးထောင်လောက်ရှိမယ်လို့ လူ့အခွင့်အရေးကော်မရှင် ထိပ်တန်းသုတေသနမှူး ချိုက
ပြောပါတယ်။ ဒီလို ထွက်ပြေးလာတဲ့သူတွေအားလုံးကို တွေ့ဆုံမေးမြန်းမယ်ဆိုရင်
ကုန်ကျစရိတ် နှစ်ဆပိုတိုးသလို အချိန်လည်း ပိုကြာနိုင်တဲ့အတွက် ဒီအထဲက လူတချို့
ကို လက်ရွေးစင်ရွေးထုတ်ပြီး စုံစမ်းမေးမြန်းတာတွေလုပ်မယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံတခု
အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကုလသမဂ္ဂ ခန့်အပ်ထားတဲ့ အထူးသုတေသနမှူး
ဗစ်တစ် မတ်ထ်တပ်ဟွန် (Vitit Muntabhorn) က ဒီလထဲမှာပဲ လူ့အခွင့်အရေးကောင်စီ
ကို ပြောဆိုခဲ့တာရှိပါတယ်။ မြောက်ကိုရီးယားဟာ လူအများရှေ့မှောက် လူတွေကို သေဒဏ်စီရင်တာတွေနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်
လို့ ပြောပါတယ်။ မိသားစုတခုလုံးကို အကျဉ်းထောင်ထဲမှာ ချုပ်နှောင်တာမျိုးတွေ
ရှိနေတယ်ဆိုပြီး ဒါဟာ အင်မတန် စိတ်မကောင်းစရာ အခြေအနေ ဖြစ်ပါတယ်ဆိုပြီး
အစီရင်ခံတင်ပြခဲ့ပါတယ်။

အနည်းဆုံး မြောက်ကိုရီးယားနိုင်ငံက ထွက်ပြေးလွတ်မြောက်ခဲ့သူ တသိန်းလောက် တရုတ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့တယ်လို့ ယုံကြည်ရပါတယ်။ နိုင်ငံရေးဖိနှိပ်မှုနဲ့
အစားအသောက် ရှားပါးငတ်မွတ်မှုဘေးက လွတ်ရာလွတ်ကြောင်း ထွက်ပြေးခဲ့ရတာ
ပါ။ ဒီလို ထွက်ပြေးလာတဲ့သူတွေရဲ့ သက်သေထွက်ဆိုချက်တွေကိုယူပြီး လူ့အခွင့်
အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ တောင်ကိုရီးယား လူ့အခွင့်အရေး
ကော်မရှင်ရဲ့ ထိပ်တန်းသုတေသနမှူး ချိုယောင်ဂုဒ်က ပြောပါတယ်။

တောင်ကိုရီးယား လူ့အခွင့်အရေးကော်မရှင်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စတင်ထူထောင်ခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ များသောအားဖြင့် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကိုပဲ စုံစမ်းစစ်ဆေး
လေ့ရှိပါတယ်။ မြောက်ကိုရီးယား လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အပေါ်ယံ ယေဘုယျ သုံးသပ်ခဲ့တာတွေ ရှိခဲ့ပေမယ့် ဒီတကြိမ် စုံစမ်းစစ်တာက မြောက်ကိုရီးယားရဲ့ လူ့အခွင့်
အရေး အခြေအနေကို မီးမောင်းထိုးဖို့ ပထမဆုံး အရင်က လုပ်ရိုးလုပ်စဉ်ကနေ လမ်းကြောင်းခွဲထွက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အခုလို စုံစမ်းစစ်ဆေးတာတွေ စတင်လုပ်ဖို့ဆိုတာ တောင်ကိုရီးယားရဲ့ နိုင်ငံရေးအခင်းအကျင်းကလည်း ပြောင်းလဲ
လာတဲ့အတွက် ပိုပြီး လွယ်ကူလာခဲ့တာဖြစ်ပါတယ်။ သမ္မတ လီမြောင်ဘက်ခ် သမ္မတ
ရာထူးကို စယူပြီးတဲ့နောက်မှာ အခုလို အပြောင်းအလဲတွေ ရှိလာခဲ့တာပါ။ မစ္စတာလီ
ဟာ အရင်က သမ္မတရာထူးယူခဲ့တဲ့ နိုမူဟွန်း (Roh Moo-hyun) နဲ့စာရင် မြောက်
ကိုရီးယားအရေးမှာ ပိုပြီးတက်ကြွတဲ့၊ ပွင့်ပွင့်လင်းလင်းပြောဆိုတဲ့မူကို ကျင့်သုံးပါ
တယ်။ သမ္မတဟောင်း နိုမူဟွန်းတုန်းကတော့ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးကိစ္စ
တွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ လုံးဝနီးပါး နှုတ်ငုံနေပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ချဉ်းကပ်တဲ့မူကိုပဲ ကျင့်သုံးခဲ့ပါတယ်။

ကင်ယွန်ဟွန်း (Kim Young-hyun) ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဒန်းကွတ်
တက္ကသိုလ်က မြောက်ကိုရီးယားဆိုင်ရာ သုတေသနမှူးပါ။ အခုလို တောင်ကိုရီးယား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးတာကြောင့် မြောက်ကိုရီးယားဘက်က ဒေါသဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တာ မဖြစ်တာ
ထက် တောင်ကိုရီးယားအစိုးရကို ထင်ဟပ်တဲ့ အဖွဲ့အစည်းတခုဖြစ်နေတယ်လို့
ပြောသွားတာပါ။ မြောက်ကိုရီးယားအနေနဲ့ ဒီလို လူ့အခွင့်အရေး စုံစမ်းစစ်ဆေးတာ
ကို တောင်နဲ့မြောက် ဝန်ကြီးအဖွဲ့ အစည်းအဝေးအတွင်းမှာ သံတမန်ရေးအရ
ကန့်ကွက်တာမျိုးတွေ လုပ်မယ့်ပုံ ဖြစ်နိုင်ခြေများတယ်လို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားဟာ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ပြင်ပအဖွဲ့အစည်း
တွေက စုံစမ်းစစ်ဆေးတာမျိုးကို လက်မခံတတ်ဘူးလို့ ပြောပါတယ်။ ဒီလို စစ်ဆေး
တာဟာ သူ့ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဆိုပြီး မြောက်ကိုရီးယား
ဘက်က သတ်မှတ်လေ့ရှိတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဒန်းကွတ်
တက္ကသိုလ်က မြောက်ကိုရီးယားဆိုင်ရာ သုတေသနမှူး ကင်ယွန်ဟွန်းက ပြောဆို
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG