သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူလူထု ကိုယ့်ကြမ္မာကိုယ် ဖန်တီးကြရမည်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ကူညီဆောင်ရွက်သည်ဖြစ်စေ မလုပ်ဆောင် နိုင်သည်ဖြစ်စေ မြန်မာပြည်သူတွေအနေနဲ့တော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးသွားရမှာဖြစ်ပြီး မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို အဆိုးဆုံးအခြေအနေကိုလည်း ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ မြန်မာနိုင်ငံတွင်းက ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုတို့က ပူးတွဲ ထုတ်ပြန်လိုက်ကြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီရဲ့ ပြောဆိုဆောင်ရွက်ချက်တွေဟာ သူရဲ့တာဝန်နဲ့ လွဲဖယ်နေပြီးတော့ ဒီမိုကရေစီအင်အားစုတွေကို လက်နက်ချခိုင်းသလို ဖြစ်နေတယ် လို့လည်း ဒီအဖွဲ့တွေက ဝေဖန်သွားပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ဦးသားညွန့်ဦးကနေ ပြောပြထားပါတယ်။

ဒီပူးတွဲထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂန်ဘာရီရဲ့ မှားယွင်းတဲ့ပြောဆိုတင်ပြမှုေတွေနဲ့ တရုတ် ရုရှားနဲ တောင်အာဖရိက အစိုးရတို့ရဲ့ ဆန့်ကျင် ရပ်တည်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အဓိက တာဝန်ဟာ ချို့ယွင်းမှုတွေဖြစ်ခဲ့ရတယ်လို့ ပြင်းပြင်းထန်ထန်ကို ဝေဖန်ထား ပါတယ်။ အထူးသဖြင့်တော့ လက်ရှိ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေ ရပ်တည်ပြောဆိုမှုတွေဟာ စစ်အစိုးရဖက်ကို အသာပေးလာတာကြောင့် မြန်မာနိုင်ငံသားအနေနဲ့ကတော့ အဆိုးဆုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

ဒါဆိုရင် မစ္စတာဂင်ဘာရီရဲ့ အခု ပြောဆိုမှုတွေက ဘယ်လိုများ သူအဓိကတာဝန်နဲ့ လွဲဖယ် နေတာလဲ - ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က မနီလာသိန်းကို ကျနော် မေးကြည့်ပါတယ်။

“မြန်မာနိုင်ငံမှာ သက်ဆိုင်တဲ့ သူတွေ အားလုံးပါဝင်ပြီးတော့ ပွင့်လင်းတဲ့ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်ဖို့အတွက် ပါဝင်ညှိနှိုင်းဆောင်ရွက်ရေး အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပြီး အားကောင်း လာအောင် ထောက်ခံအားပေးလာနိုင်အောင် တင်ပြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မစ္စတာ ဂမ်ဘာရီဟာ လွဲမှားတဲ့ တင်ပြချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်နဲ့ ဆက်ပြီး သူဟာ နအဖဘက်ကနေပြီးတော့ တဖက်သက်ရပ်တည်ပြီးတော့ တင်ပြသွား တာကို တွေ့ရတယ်။ အမှန်တကယ်က အခြေခံဥပဒေရေးဆွဲရေးဆွဲရာမှာ ပါဝင်ခွင့်ရမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေ ပါဝင်ပြီးတော့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်အောင် သူဟာ တိုက်တွန်း အားပေးမှုတွေ၊ ဆွေးနွေးညှိနှိုင်းထားတာတွေကို ကျမတို့ မတွေ့ရပါဘူး။ နအဖရဲ့ တဖက်သက်လုပ်ငန်းစဉ်တွေကို ထောက်ခံနေပြီးတော့ ကျမတို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေကို လက်နက်ချရေး တိုက်တွန်းနေသလို ဖြစ်နေတယ်။”

ဟုတ်ကဲ့ တဆက်တည်း။ ဒီစာနဲ့ ပတ်သက်ပြီးတော့ ဆရာ လူထုစိန်ဝင်းက သူ့ရဲ့ ကြေညာချက် သဘောမျိုးထွက်ပါတယ်။ အဓိကကတော့ ကုလသမဂ္ဂကို အားမကိုးကြနဲ့၊ လက်ရှိ ဗမာပြည်ကိစ္စကို ကိုယ့်ကိုယ်တိုင်ပဲ လုပ်သွားကြရမယ်လို့ ပြောပါတယ်။ မနီလာသိန်းတို့ ၈၈အုပ်စုရဲ့ စာမှာလည်း အလားတူပဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်ကို အားမလို အားမရဘဲနဲ့ လူထုက အဓိကပဲ ဖော်ပြနေတော့ ကုလသမဂ္ဂရဲ့ ဗမာပြည်ရေး ဆောင်ရွက်နေမှုတွေဟာ လုံး၀ အချည်းအနီး ဖြစ်သွားပြီလို့ ပြောလို့ရသလား။

“ကျမတို့ အနေနဲ့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို အချည်းအနီး ဖြစ်သွားပြီလို့ မပြောလို ပေမယ့် ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုတွေဟာ အားနည်းနေတယ်။ မိမိရဲ့ လုပ်ပိုင်ခွင့်တွေကို ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိဘဲနဲ့ လူထုရဲ့ ဆန္ဒတွေ၊ လူထုတွေ ဘဝနဲ့ ရင်းပြီးတော့ ထုတ်ဖော်ထားတဲ့ ဆန္ဒတွေကို စော်ကားသလိုမျိုးဖြစ်နေတယ်။ အဲဒီအတွက် ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသလို အကောင်းဆုံးကို မျှော်လင့်ပြီးတော့ အဆိုးဆုံးအတွက်လည်း အသင့်ပြင်ကြဆိုတဲ့ မှာကြားချက် စကားအတိုင်းပဲ ကျမတို့ ပြည်သူလူထုတွေဟာ အမှန်တရားနဲ့ တရားမျှတမှုအတွက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။”

ဟုတ်ကဲ့ အခု ကုလသမဂ္ဂက မြန်မာနိုင်ငံရေး အကူအညီပေးနိုင်သည်ဖြစ်စေ အကူအညီ မပေးနိုင် သည်ဖြစ်စေ ဒီလှုပ်ရှားသူတွေရော လူထုအနေနဲ့ရော ဆက်ပြီး စစ်အစိုးရကို ဆန့်ကျင် လှုပ်ရှားသွား ကြမယ်ဆိုတော့ - အခုလို မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ကန့်သတ်မှုတွေ ကြီးမားနေတဲ့ အချိန်မှာ လူထုလှုပ်ရှားမှုတွေက အရှိန်အဟုန်ကြီးကြီးနဲ့ ရှိနိုင်ပါ့မလား။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့က ပြောခွင့်ရပုဂ္ဂိိုလ်တဦးဖြစ်တဲ့ အရှင်ပညာဝံသ မိန့်ပါဦးဘုရား။

“ အားလုံးကတော့ အသင့်အနေအထားမှာတော့ ရှိတယ်။ ဒါပေမဲ့ နှိပ်ကွက်မှုတွေက နည်းနည်း ပြင်းထန်နေတဲ့အတွက် နည်းနည်း ကြောက်အားပိုနေတဲ့ အပိုင်းလေးတွေ ရှိနေတယ်။ သူတို့က နိုင်ငံရေးကို ဦးဆောင်နိုင်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ စတဲ့သူတွေကို အကုန်းလုံး ထည့်သွင်းထားတာ။ ဒါပေမဲ့ လူထုလှုပ်ရှားမှုကြီး တခုဖြစ်ပေါ်လာလိမ့်မယ်လို့ ဦးဇင်း တထစ်ချ ယုံကြည်တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ အစိုးရရဲ့ သံဃာတွေ အပေါ်မှာ ဖိနှိပ်မှု၊ ဖမ်းဆီးထောင်ချမှု၊ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို မခံနိုင်ကြဘူးလေ။ အခုလည်း မခံနိုင်တဲ့ စိတ်တွေက ရှိနေတယ်။ အခုလည်း ကျုံရာမှာ လမ်းဆုံတွေ့ရင် လမ်းဆုံမှာလည်း၊ လက်ဘက်ရည်ဆိုင်တွေ့ရင် လက်ဘက်ရည်ဆိုင်မှာ စာကပ်တာတို့၊ စာဝေတာတို့ လုပ်နေကြတယ်။ ဦးဇင်းတို့ ကလည်း စီဒီခွေတွေ၊ စတိတ်မင့်တွေ အခွင့်အခါသင့်ရင် သင့်သလို ဆွမ်းခံရင်း၊ သွားရင်းလာရင်း လက်သိပ်ထိုး ဖန့်ဝေတယ်။ ဒါတွေဟာ တဖြေးဖြေး အရှိန်အဟုန်ကြီးလာရင် လူထုလုပ်ရှားမှုကြီး အသွင်တခုကို ပြောင်းသွားမယ်။ စက်တင်ဘာအရေးအခင်းတဲ့ ပြင်းထန်တဲ့ အရေးအခင်းနောက်တခု ပေါ်ပေါက်လာနိုင်တယ်။ ဦးဇင်းတို့လည်း မရမချင်း သူတို့ကို လှန်မှာပဲ။ သူတို့လည်း မလျော့ဘူး။”

အခုလိုမျိုး လူထုလှုပ်ရှားမှုက အရေးကြီးတယ်လို့ ဆိုရင် တဖက်မှာ ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ နိုင်ငံတကာရဲ့ အခန်းကဏ္ဍတွေကရော ဘယ်လောက်ထိ အရေးပါလဲခင်ဗျ။

“သူတို့ကတော့ ကမ္ဘာနဲ့ ချီတဲ့ ကြီးကျယ်တဲ့ အဖွဲ့အစည်းပဲ။ သို့သော်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ကို အထူးကိုယ်စားလှယ်တွေ တဦးပြီး တဦး လွတ်နေတယ်။ နောက်ဆုံး ဂမ်ဘာရီ၊ တခုမှ မျှော်လင့်လို့ ရတာတွေ မရလိုက်ဘူး။ သူကိုယ်တိုင်လည်း သူ့ရဲ့ တောင်းဆိုချက်တွေကို ယတိပျက်တောင်းဆိုတဲ့ အဆင့်ထိကို ခံခဲ့ရတယ်လေ။”

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ အခု မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုတို့ရဲ့ ထုတ်ပြန် ချက်မှာ ကုလသမဂ္ဂရဲ့ မြန်မာ့အရေးဆောင်ရွက်မှုကို အပြင်းအထန်ဝေဖန်ထားတယ်ဆိုပေမယ့် အမေရိကန်၊ ဥရောပသမဂ္ဂစတဲ့အနောက်နို်င်ငံတွေနဲ့ မွန်ဂိုလီးယား ဂါနာ စတဲ့ မြန်မာ့အရေး ရပ်တည်ဆောင်ရွက်ပေးကြတဲ့ နိုင်ငံတွေကြောင့် အားတတ်မှုဖြစ်ရတယ်လို့ ဖော်ပြပါတယ်။ စစ်ဗိုလ်ချုပ်တွေ သူတို့မိသားစုဝင်တွေနဲ့ သူတို့နဲ့ပတ်သက်တဲ့အနွယ်အပွားတွေကို ငွေကြေး ပိုင်ဆိုင်မှုတွေကို အရေးယူပိတ်ဆို့တာအပါအဝင် စစ်အစိုးရကို ဖိအားမျိုးစုံ ဆက်ပေးသွား ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံအစိုးရတွအနေနဲ့ လက်မခံကြဖို့နဲ့၊ မြန်မာပြည်သူတွေ ကိုတော့ လာမယ့်ဆန္ဒခံယူပွဲ မဲရုံတွေ သွားပြီး ကန့်ကွက်မဲပေးကြဖို့ သံဃာ့တပ်ပေါင်းစုရော ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ကပါ တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG