အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ထောက်ပံ့နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အိန္ဒိိယ နိုင်ငံခြားရေး ဝန်ကြီး ပရာနတ်ဘ် မူကာဂျီးက ငြင်းဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့တော်ကို ရောက်နေတဲ့အချိန်မှာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက အခုလို သတင်းထောက်တွေကို ပြောဆိုလိုက်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံကို လက်နက်ရောင်းချတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာလက်နက်မှ မရောင်းဘူးဆိုတာ ပြောချင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ လက်နက်ရောင်းချတဲ့ နိုင်ငံမဟုတ်ပါဘူး။”
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဟာ တနလာၤနေ့မှာ အမေရိကန်သမ္မတ ဂျော့ဒဘလျု ဘုရှ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်တို့ကို တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ ဘက်က အမြဲတစေ အကြံပေးခဲ့တယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေမှာ အိန္ဒိယဘက်က လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
“မြန်မာ အာဏာပိုင်တွေကို ကျနော်တို့က အမြဲတစေ အကြံပေးနေခဲ့တာပါ။ နိုင်ငံရေး အပြောင်းအလဲ တွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးပါဝင်ခွင့်ပေးဖို့ သေခြာအောင် ဆောင်ရွက်ဖို့၊ ဒါကို ကျနော်တို့ လိုချင်တယ်ဆိုတာ ပြောပြတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးအကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ဆက်ပြီး ထိမ်းသိမ်းတည်ဆောင်ဖို့လည်း ကျနော်တို့က အကြံပေးပါတယ်။ ဒါဟာ မြန်မာစစ်အစိုးရကို ကျနော်တို့ ထိတွေ့ ဆက်ဆံနေတဲ့ အကြောင်း ကိစ္စတွေထဲက တစ်ခုပါ။”
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာ မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေသလို၊ စီးပွားရေး အကျိုးအတွက် အဓိကထားပြီး လူ့အခွင့်အရေး အခြေအနေကို ပြစ်ပယ်ထားတယ်ဆိုတဲ့ ဒေသတွင်း အကဲခတ်တွေရဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အဂါၤနေ့က ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မြန်မာနိုင်ငံအရေးကိစ္စကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဝါရှင်တန် ခရီးစဉ်အတွင်း အန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုအကြား အရပ်ဖက်သုံး ညူကလီးယား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် နှောင့်နှေးကျန့်ကြာနေတာနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ အပြီးသတ် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အာမခံချက်ကိုတော့ နိုင်ငံခြားရေး ဝန်ကြီး ပရာနတ်ဘ် မူကာဂျီးက မပေးနိုင်ခဲ့ပါဘူး။ ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ပြီး သွားပေမယ့် အိန္ဒိယနိုင်ငံဘက်က ဆက်ဆံရေးဟာ အဓိကမူတွေကို အခြေခံတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့လည်း အန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုပါတယ်။