သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အာဏာလွှဲပေးမယ့်ကတိကို အတိုက်အခံ မယုံကြည်


ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လာမယ့် ၂၀၁၀ ခုနှစ်
ကျရင် အရပ်သားအစိုးရကို အာဏာလွှဲပေးမယ်လို့
ဒီနေ့ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ မျိုးစုံထွက်နေပါတယ်။ ဒီနေ့ မြန်မာပြည်တွင်း နိုင်ငံရေးလောကသားတွေဘက်က ဗိုလ်ချုပ်မှူးကြီး
သန်းရွှေက အာဏာလွှဲပေးမယ်ဆိုတဲ့ကိစ္စအပေါ်
ဘယ်လိုဝေဖန်မှုတွေ ရှိနေတယ်ဆိုတာ ထိုင်း
အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ယုံကြည်ရခက်တဲ့အကြောင်း အထောက်
အထားတွေနဲ့ ပြောလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက …

“ဒီပြောကြားချက်နဲ့ပတ်သက်ပြီး အချက်နှစ်ချက်ပြောချင်တယ်။ ပထမတချက်က
ဒါဟာ ဘာမှသိပ်မထူးဆန်းဘူးလို့ ပြောချင်တယ်။ ဘာကိုမူတည်လဲဆိုတော့ ၂၀၁၀
မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတယ်။ ရွေးကောက်ပွဲကျင်းပလို့ရှိရင်
ကျင့်စဉ်အရ အာဏာလွှဲပေးရမှာပဲ။ ဒါကြောင့် ဒါ သိပ်မထူးဆန်းဘူးလို့။ ဒုတိယ
တချက်အနေနဲ့ ကျနော်တို့ ယုံကြည်ရခက်ပါတယ်။ နဝတဥက္ကဋ္ဌတုန်းကလည်း ဒီလိုပဲ
ပြောခဲ့တယ်။ နဝတဥက္ကဋ္ဌပြောခဲ့တာလည်း ယနေ့ထိ အကောင်အထည်မပေါ်သေး
ဘူး။ ဒါကြောင့် အခုတခါထပ်ပြောတော့ ကျနော်တို့ ယုံကြည်ဖု့ိ မဖြစ်နိုင်ဘူးလို့ပဲ
ပြောချင်ပါတယ်။”

စက်တင်ဘာလှုပ်ရှားမှုကြီးအတွင်း ပါဝင်ခဲ့တဲ့ ကံ့ကော်တောကျောင်းဆရာတော် ဦးပညာသာမိကလည်း သူ့အနေနဲ့ မယုံကြည်တဲ့အကြောင်း အခုလိုပြောပါတယ်။

“ဦးဇင်းတို့အနေနဲ့ လုံးဝကို အယုံအကြည်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အန်န်အယ်လ်ဒီပါတီကို အာဏာလွှဲပြောင်း
ပေးမယ်ဆိုပြီး သူတို့ပြောခဲ့တာရှိတယ်။ ဒါပေမယ့် အဲဒီကိစ္စကို ယနေ့ထက်ထိ အကောင်အထည်မဖော်ရုံတင်မက အာဏာကို မလွှဲပြောင်းပေးဘဲနဲ့ အန်န်အယ်လ်ဒီ
ပါတီကိုတောင်မှ အသိအမှတ်ပြုတဲ့ပါတီအဖြစ် သတ်မှတ်တာမရှိဘူး။”

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းဝင်းကလည်း အခုလိုပြောပါတယ်။

“ဦးတို့အနေနဲ့ လုံးဝမယုံကြည်ပါဘူး။ အခုဆိုရင် သူတို့လိမ်နေတာ အနှစ် ၂၀ နီးပါး
ရှိပါပြီ။ စောစောက ရွေးကောက်ပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က ပြောခဲ့ပါ
တယ်၊ ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျားကိုပြန်မယ်လို့ ပြောခဲ့ပါတယ်။
အဲဒီပုဂ္ဂိုလ်လည်း မရှိတော့ပါဘူး။ သူ့ကိုဆက်ခံတဲ့ပုဂ္ဂိုလ်ကလည်း ၉၀ ခုနှစ်
ရွေးကောက်ပွဲကို မသိချင်ယောင်ဆောင်ပြီး အမျိုးသားညီလာခံကို သူတို့စိတ်ကြိုက် လူတွေခေါ်ပြီးတော့လုပ်တယ်။ သူတို့ပြောတဲ့စကားကို သူတို့ပယ်ဖျက်တယ်။”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မတ်လ ၂၇ ရက်နေ့မိန့်ခွန်းနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီ
ရေး လိုလားသူတွေကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ ပြောကြားချက်တွေကို အယုံအကြည်
မရှိတဲ့အကြောင်း ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG