သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွတွေကို အီရတ်ဝန်ကြီးချုပ် မစေ့စပ်စတမ်း ထိုးစစ်ဆင်မည်


အီရတ်ဝန်ကြီးချုပ် နော်ရီ အယ်လ်-မာလီးကီး
(Nouri al-Maliki) က အီရတ်လုံခြုံရေးတပ်ဖွဲ့တွေ
ဘာဆရာမြို့မှာ ထိုးစစ်ဆင်နေတာတွေကို
စေ့စပ်ညှိနှိုင်းတာတွေ၊ လက်လျှော့အရှုံးပေး
တာတွေမလုပ်ဘဲ ဆုံးခန်းတိုင်တဲ့အထိ ထိုးစစ်
ဆင် တိုက်ခိုက်သွားမယ်လို့ ရှီးယိုက်ဘာသာဝင်
တွေ သူရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆို
နေတဲ့ကြားကပဲ ပြောကြားလိုက်ပါတယ်။ ၃ ရက် မြောက်နေ့အဖြစ် ဘာဆရာမြို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကို ကိုင်ရိုမြို့ အရှေ့အလယ်ပိုင်း ဗြူရိုရုံးကနေ အနီးကပ်
စောင့်ကြည့်နေတဲ့ ဗွီအိုအေသတင်းထောက်
Chaliss McDonough က သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြ
ပေးထားပါတယ်။

အီရတ်နိုင်ငံတောင်ပိုင်း ဘာဆရာမြို့က ရှီးယားစစ်သွေးကြွတွေကို အီရတ်စစ်တပ်က ထိုးစစ်ဆင်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်းချီတဲ့ ရှီးယိုက်ဘာသာ
ရေးခေါင်းဆောင် မော့က်တာဒါ အယ်လ်-ဆဒါ (Moqtada al-Sadr) ကို ထောက်ခံသူ
တွေဟာ ဘဂ္ဂဒက်မြို့ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အယ်လ်-ဆဒါရဲ့ အမာခံနယ်မြေလည်းဖြစ်၊ သူ့ရဲ့ မာဒီတပ်ဖွဲ့ရှိတဲ့ မြို့လည်းဖြစ်တဲ့ ဆဒါမြို့အပါအဝင်
မြို့တော် ဘဂ္ဂဒက်ဝန်းကျင်က နေရာတော်တော်များများမှာ လူအုပ်ကြီးတွေစုပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် နော်ရီ အယ်လ်-မာလီးကီးကို
ရှုတ်ချတဲ့ ကြွေးကြော်သံတွေ အော်ခဲ့ကြပြီး သူရာထူးက နုတ်ထွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ရာဇဝတ်ကောင်တွေနဲ့ သေနတ်သမားတွေရဲ့လက်က ဘာဆရာမြို့လွတ်မြောက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ ပေးထားတဲ့ကတိအတိုင်း သူ့အနေနဲ့ လုံး၀ နောက်ဆုတ်ပေး
မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် မာလီးကီးက ပြောပါတယ်။ စစ်သွေးကြွတွေအနေနဲ့ သောကြာနေ့မတိုင်ခင်အထိ လက်နက်ချခွင့်ရှိတယ်လို့ ဘာဆရာမြို့က တိုက်ပွဲတွေကို
ကိုယ်တိုင်သွားရောက်ကြီးကြပ်ကွပ်ကဲနေတဲ့ ဝန်ကြီးချုပ် မာလီးကီးက ပြောပါတယ်။

အီရတ်စစ်တပ်က အခုလို ထိုးစစ်ဆင်လာတာကို ကန့်ကွက်တဲ့အနေနဲ့ အယ်လ်-ဆဒါ
က အထွေထွေသပိတ်ကြီးပြုလုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြီးကတည်းက ဘဂ္ဂဒက်မြို့
က ရှီးယိုက်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ဒေသက စီးပွားရေးလုပ်ငန်းတွေ
လည်း ပိတ်ထားကြပါတယ်။

အယ်လ်-ဆဒါရဲ့ နိုင်ငံရေးပါတီ လှုပ်ရှားမှုအဖွဲ့ကတော့ အီရတ်အစိုးရက သူတို့ကို
ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတော်တော်များများကလည်း အယ်လ်-ဆဒါရဲ့ မာဒီစစ်တပ် ထိန်းချုပ်တဲ့နေရာ
တွေမှာ ဖြစ်ပါတယ်။

အီရတ်အရာရှိတွေကတော့ သူတို့အနေနဲ့ အယ်လ်-ဆဒါရဲ့ နိုင်ငံရေးပါတီကို အဓိက
ပစ်မှတ်ထား တိုက်ခိုက်တာမဟုတ်ဘဲ မာဒီစစ်တပ်နာမည်ခံထားပြီး အယ်လ်-ဆဒါ
အပေါ်မှာ တကယ်သစ္စာခံထားခြင်း မရှိတဲ့သူတွေ၊ ဥပဒေပြင်ပကလူတွေ၊ ရာဇဝတ်
သားတွေကိုသာ တိုက်ခိုက်နေတာလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေက အယ်လ်-ဆဒါအဖွဲ့နဲ့ အီရတ်လုံခြုံရေးတပ်ဖွဲ့ထဲမှာ ပါဝင်တဲ့
ပြိုင်ဘက် တခြား ရှီးယိုက်အဖွဲ့တို့အကြား ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘော
တူညီချက်ကို ပျက်ပြားစေလိမ့်မယ်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတာကို အမေရိကန်နဲ့ အီရတ်အရာရှိတွေက ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အီရတ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့ကျခဲ့တာဟာ အယ်လ်-ဆဒါအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက် ရရှိခဲ့တဲ့အတွက်ဖြစ်တယ်လို့ အမေရိကန် စစ်ဖက်အရာရှိတွေက
ပြောပါတယ်။

အမေရိကန်သမ္မတ ဘုရှ်ကလည်း ဒီ ဘာဆရာမြို့ကထိုးစစ်ဟာ အီရတ်လုံခြုံရေးတပ်ဖွဲ့
အနေနဲ့ တိုးတက်မှုရှိလာတာကို ပြသလိုက်တာပဲလို့ အမေရိကန်နိုင်ငံ အိုဟိုင်းယိုး
ပြည်နယ်မှာ ပြောကြားခဲ့ပါတယ်။

“ဒီထိုးစစ်ဟာ အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေ တိုးမြင့်ချထားခဲ့တာရဲ့ အကျိုးဆက်
တွေဖြစ်သလို အီရတ်လူမျိုးတွေရဲ့ လုံခြုံရေးကို အစိုးရက ကာကွယ်စောင့်ရှောက် ပေးသွားမယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို အီရတ်အစိုးရက စွဲစွဲမြဲမြဲ လုပ်ကိုင်သွားမယ်ဆိုတာကို ပြသ လိုက်တာလည်း ဖြစ်ပါတယ်။”

ဒီအတောအတွင်း ဘာဆရာမြို့မှာ ၃ ရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အီရတ်တောင်ပိုင်းက ကွတ်မြို့မှာလည်း အလားတူ တိုက်ပွဲတွေ
ဖြစ်ပွားနေပြီး တိုင်းပြည်တောင်ပိုင်းဒေသ တော်တော်များများမှာ ကာဖျူး ညမထွက်ရ
အမိန့် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဘာဆရာမြို့က အဓိကကျတဲ့ ရေနံပိုက်လိုင်းကြီးတခု ဖောက်ခွဲခံခဲ့ရတဲ့အတွက် အီရတ်နိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်ကတည်း ပထမဆုံးအကြိမ်အဖြစ် ရေနံတင်ပို့မှု ရပ်တန့်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG