သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်-အမေရိကန် ဆက်ဆံရေး မေးခွန်းထုတ်ခံနေရ


ပါကစ္စတန်နိုင်ငံ အစွန်အဖျားက လူမျိုးစုဒေသ
တွေမှာ ခြေကုပ်ယူထားတဲ့ အယ်လ်ကိုင်ဒါတွေ
အပေါ် အမေရိကန်အစိုးရက လေကြောင်းတိုက်
ခိုက်မှုတွေကို သူ့သဘောနဲ့သူ အရှိန်မြှင့်လုပ်
ဆောင်နေတယ်လို့ ကြာသပတေးနေ့ထုတ် သတင်းစာတစောင်က ရေးသားလိုက်ပါတယ်။

ပါကစ္စတန်အစိုးရသစ်အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ယူပါ့မလားဆိုတာ အမေရိကန်ဘက်က စိုးရိမ်နေတယ်
လို့လည်း ဝါရှင်တန်ပို့စ် သတင်းစာထဲမှာ ရေးသားထားပါတယ်။ ဒီအကြောင်း အမေရိ
ကန်-ပါကစ္စတန်ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာတွေ ရှိလာနိုင်တယ်လို့ ဗွီအိုအေ
သတင်းထောက် ဂယ်ရီသောမတ်စ် (Gary Thomas) သတင်းပေးပို့ထားတာကို
ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

နာမည်ဖော်ပြမထားတဲ့ အမေရိကန်အရာရှိကြီးတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်
သတင်းစာက ဒီသတင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရသစ်ဟာ အကြမ်းဖက်သမားတွေကို တိုက်ဖျက်ဖို့ စစ်ဆင်ရေးမှာ ပါဝင်ဖို့ တုံ့နှေးသွားလေမလား
ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အမေရိကန်တို့ဟာ လူမပါတဲ့ ပရီဒေတာ (Predator) လေယာဉ်
တွေသုံးပြီး ခပ်စိပ်စိပ်တိုက်လာတယ်လို့ ဆိုပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဘရိုင်ယန် ဝှစ်တ်မန်း (Bryan
Whitman) ကတော့ ဒီကိစ္စကို အတည်လည်းမပြု၊ ငြင်းလည်းမငြင်းဘဲ အခုလိုပြောခဲ့
ပါတယ်။

“ပါကစ္စတန်မှာလုပ်နေတဲ့ ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေက နီးနီးကပ်ကပ် ညှိနှိုင်းပြီး
တော့ လုပ်နေကြတာပါ။ အကြမ်းဖက်သမားတွေက ကျနော်တို့ရဲ့ ဘုံရန်သူဖြစ်တယ်
ဆိုတာ ပါကစ္စတန်က အသိအမှတ်ပြုပါတယ်။ ဒါကလွဲလို့ အခု ခင်ဗျားမေးတဲ့ စစ်ဆင် ရေးတွေနဲ့ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ ပြောစရာ ဘာမှမရှိပါဘူး။”

အမေရိကန်အစိုးရဘက်က ဒီတိုက်ခိုက်မှုတွေကို ဝန်ခံပြောကြားဖို့ ငြင်းဆန်ပေမယ့်
ဒါဟာ အမေရိကန်တို့က ပါကစ္စတန် အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်တယ်
ဆိုပြီး ပါကစ္စတန်မှာတော့ ပြဿနာတက်နေပါပြီ။ ဝန်ကြီးချုပ်သစ် ယူးဆုဇ် ရယ်ဇာ
ဂီလာနီး (Yousuf Raza Gilani) နဲ့ သူ့ရဲ့ ညွန့်ပေါင်းမဟာမိတ် ဝန်ကြီးချုပ်ဟောင်း
နာဝပ်ရှရစ်ဖ် (Nawaz Sharif) တို့က အစ္စလာမ်စစ်သွေးကြွတွေရဲ့ ပြဿနာကို စစ်ရေးနဲ့ ရင်ဆိုင်တာလျှော့ပြီး သံတမန်ရေးအရ ချဉ်းကပ်ဖို့ လိုလားကြောင်း ပြသခဲ့ကြပါတယ်။
ဒီအရေးမှာ အမေရိကန်တို့နဲ့ ပူးပေါင်းဆောင်ရွက်မလားဆိုတဲ့ ကိစ္စကိုလည်း ပါလီမန်ရဲ့ အဆုံးအဖြတ်ခံယူမယ်လို့ ဆိုနေကြပါတယ်။

အကဲခတ်သမားတချို့ကတော့ အမေရိကန်က ဘာကြောင့် လေကြောင်းတိုက်ခိုက်မှု
တွေ တိုးမြှင့်သလဲ၊ ဒီသတင်းရော ဘယ်လိုပေါက်ကြား ထွက်လာသလဲဆိုတာ စိတ်ဝင် စားနေကြပါတယ်။ ရန်းဒ် (RAND) ကော်ပိုရေးရှင်းက တောင်အာရှရေးရာကျွမ်းကျင်
သူ ခရစ္စတင်းဖဲ (Christine Fair) ကဆိုရင် ပါကစ္စတန်အစိုးရအပေါ် ဖိအားပေးဖို့
လုပ်တယ်ဆိုရင် ဒါဟာ လမ်းမှားလိုက်ခြင်းပဲလို့ သုံးသပ်ပါတယ်။ မစ္စတာမူရှာရက်ဖ်
(Pervez Musharraf) ဟာ အစိုးရနဲ့ သိပ်မဆိုင်သလို အမေရိကန်နဲ့ ပူးပေါင်းဆောင်
ရွက်ရေး တကယ်တမ်းဆုံးဖြတ်သူဟာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အတ်ရှ်ဖတ်က်
ကရာနီ (Ashfaq Kayani) သာ ဖြစ်ပါသတဲ့။

“ဒါဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်မလား၊ မဆောင်ရွက်ဘူးလား
ဆိုတာ ကရာနီက ဆုံးဖြတ်တယ်ဆိုတာ ဒီမှာ လူတိုင်းသိပါတယ်။ ကျမ စကားပြော
ကြည့်သူတိုင်းက ကရာနီဟာ ပူးပေါင်းဆောင်ရွက်လိုသူလို့ ယုံကြည်ကြပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်နေသူကို ဖိအားပေးဖို့အတွက် အခုလိုတိုက်ခိုက်မှုတွေ တိုးလုပ်နေ
တယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ဘာကြောင့် ဒါတွေလျှောက်လုပ်နေလဲဆိုတာလည်း
ကျမ နားမလည်နိုင်ပါဘူး။”

တောင်အာရှဒေသဆိုင်ရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တယ်ရီ
စီတာ ရှက်ဖာ (Teresita Schaffer) ကတော့ ပါကစ္စတန်အစိုးရ မူဝါဒအပြောင်းအလဲ
လုပ်လိုက်ရင် အမေရိကန်အတွက် အခက်တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။

“မူဝါဒအပြောင်းအလဲလုပ်ရင် နည်းနည်းပိုထူးခြားလာမယ်ဆိုတဲ့ အလားအလာကိုတော့
ကျမ မပယ်ချင်ပါဘူး။ ဒီအချိန်မှာ အမေရိကန်မူဝါဒ ချမှတ်သူတွေကို ရင်ဖိုစေတဲ့အချိန်
ပါ။ ဒါပေမယ့် သူတို့ဟာ ဒီကိစ္စမှာတော့ လက်တည့်မစမ်းချင်ကြပါဘူး။ စစ်ရေးအလား
အလာ လျှော့ချတဲ့နည်းလမ်းကို သူတို့ စိတ်မဝင်စားကြပါဘူး။”

ဝါရှင်တန်ပို့စ်သတင်းထဲမှာ ပါကစ္စတန်နိုင်ငံသား တာလီဘန်တွေကိုတော့ မတိုက်ဘဲ
နိုင်ငံခြားသား အစွန်းရောက်တွေကိုသာ တိုက်ခိုက်ဖို့ သမ္မတ ပါဗက်ဇ် မူရှာရက်ဖ်နဲ့ စစ်တပ်အကြီးအကဲ ကရာနီတို့အကြား နားလည်မှုတရပ်ရှိနေတယ်လို့လည်း ဖော်ပြ
ထားပါတယ်။ ခရစ္စတင်းဖဲကတော့ ပါကစ္စတန် တာလီဘန်နဲ့ အယ်လ်ကိုင်ဒါတို့ကို
ခွဲခြားနေတာဟာ အမေရိကန်တို့အတွက် အဓိပ္ပာယ်မရှိပေမယ့် ပါကစ္စတန်အစိုးရသစ်
အတွက် နိုင်ငံရေးအရ အရေးပါတယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားသားတွေနဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ခွဲခြားဖို့ သူတို့က ပြောနေပါတယ်။ နိုင်ငံခြားသားတွေကိုတော့ သတ်ပစ်ရမယ်၊ ရှင်းပစ်ရမယ်၊ ပါကစ္စတန်လူမျိုးတွေကို
တော့ နိုင်ငံရေးနဲ့ အဖြေရှာရမယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့အတွက် အရေးကြီးပါ
လိမ့်မယ်။ ပါကစ္စတန်ပြည်သူအားလုံးကို သတ်ပစ်ဖို့၊ ရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အခုပြဿနာက ညှိနှိုင်းအဖြေရှာမယ်ဆိုရင် ဘယ်လိုအပေးအယူလုပ်မလဲဆိုတဲ့ကိစ္စပါ။
ပါကစ္စတန် တာလီဘန်တွေကို ထိန်းချုပ်နိုင်အောင် ဘယ်လိုအပေးအယူလုပ်ရမလဲ
ဆိုတာပဲ ဖြစ်ပါတယ်။”

သမ္မတ မူရှာရက်ဖ်ဟာလည်း သူ့အနေနဲ့ သမ္မတရာထူးရော၊ စစ်ဦးစီးချုပ်ရာထူးရော ပူးတွဲရယူခဲ့စဉ်တုန်းက ဒီ တာလီဘန်လိုလားတဲ့ လူမျိုးစုခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်း
ရေးရယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် တာရှည်မခံဘဲ ပြိုပျက်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG