သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်စစ်သွေးကြွတွေ အမေရိကန်စစ်တပ်ရဲ့ အစိမ်းရောင် နယ်မြေကို ဝင်တိုက်


အီရတ်နိုင်ငံရဲ့ ရှေ့တန်း စစ်မျက်နှာ တော်တော်များများမှာ သောကြာနေ့က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ စစ်သွေးကြွတွေက ဘက်ဂ်ဒက်မြို့တော်အတွင်း အမေရိကန် စစ်တပ် ကာကွယ်ပေးထားတဲ့ အစိမ်းရောင် နယ်မြေထဲအထိ ဝင်တိုက်ခဲ့ပါတယ်။ ဒု-သမ္မတရုံးရဲ့ အပြင်ဖက်မှာ အီရတ် အစောင့်နှစ်ယောက် ကျဆုံးခဲ့ပါတယ်။ တောင်ပိုင်း ဘာဆရာနဲ့ ဆာဒါမြို့တော် ဝန်းကျင် ဒေသတဝိုက်ကို အမေရိကန် ဦးဆောင်တဲ့ ညွှန့်ပေါင်း တပ်တွေ ထိုးစစ်ဆင်ချိန်မှာ အခုလို တန်ပြန်တိုက်တာတွေ ပေါ်ပေါက်ခဲ့တာပါ။ မနေ့က အခြေအနေတွေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကန့် ကလိန်း (Kent Klein) သတင်းပေးပို့ထားတာကို ဦသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

အရင်က ဘေးကင်းလုံခြုံတဲ့နေရာအဖြစ် သတ်မှတ်ထားတဲ့ ဘက်ဂ်ဒက် အစိမ်းရောင် နယ်မြေထဲကို အစွန်းရောက် စစ်သွေးကြွတွေက ရော့ကတ်တွေ မော်တာတွေနဲ့ ဝင် တိုက်ပါတယ်။ တစ်ပတ်လုံးလုံး ပုံမှန် ဆက်တိုက် နေခဲ့တာပါ။ ဆွန်နီ လူမျိုးစုတွေရဲ့ ဒု-သမ္မတ တာရက်ခ် အယ်လ် ဟက်ဆမီ (Tareq al-Hashemi) ရဲ့ ရုံး အပြင်ဖက်ကို မနေ့က ဝင်တိုက်တဲ့ အချိန် အီရတ် အစောင့်နှစ်ယောက် ကျဆုံးခဲ့ပါတယ်။

ဒီသီတင်းပတ်အတွင်း အစိမ်းရောင်နယ်မြေအတွင်း တိုက်ခိုက်ခံရမှုတွေမှာ အမေရိကန် စစ်သား အနည်းဆုံး နှစ်ယောက် သေဆုံးခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ သံရုံးဝန်ထမ်းတွေကို သံရုံးအတွင်း ထပ်ပြီး အကာအကွယ် ပေးထားတဲ့ အဆောက်အဦထဲမှာပဲ နေဖို့ ပြောဆိုထားပါတယ်။

ဘက်ဂ်ဒက်မြို့မှာလည်း ဆာဒါမြို့လိုပဲ အမေရိကန် စစ်တပ်က ရဟတ်ယာဉ်တွေ ပေါ်ကနေ မစ်ဇိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အမေရိကန် ဆန့်ကျင်တဲ့ ဘာသာရေး ခေါင်းဆောင် မော့ခ်တာဒြာ အယ်လ်-ဆာဒါး (Muqtad Al-Sadr) ရဲ့ မာဒီ စစ်သွေးကြွတွေ ခြေကုပ်ယူထားတဲ့ နေရာတွေကို ဝင်တိုက်ခဲ့တာပါ။ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန် စစ်သွးကြွ လေးယောက် သေဆုံးခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။ ဆာဒါမြို့ခံ တစ်ယောက်က အခြေအနေကို ရှင်းပြပါတယ်။

“အမေရိကန် စစ်တပ် ရဟတ်ယာဉ်တွေ ဆာဒါမြို့ပေါ်မှာ ပြီးခဲ့တဲ့ ငါးမိနစ်လောက်ကပဲ ပျံသွားတဲ့ အကြောင်းနဲ့ လက်နက်ကြီး ပေါက်ကွဲသံ နှစ်ချက် ကြားလိုက်တဲ့ အချိန်မှာ အိမ်ထဲမှာ ရှိနေခဲ့တယ်” - လို့ ပြောခဲ့တာပါ။ အပြင်ကို ထွက်ကြည့်တဲ့အချိန်မှာ နောက်ထပ် နှစ်ချက် ပစ်ခတ်သံကို ကြားလိုက်ရတယ်လို့ ပြောသွားပါတယ်။

အမေရိကန်စစ်တပ် ပြောရေးဆိုခွင့် ရှိသူကတော့ ဆာဒါမြို့တော်အတွင်း မြေပြင်မှာလည်း အမေရိကန် တပ်ဖွဲ့တွေက စစ်သွေးကြွတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ဒီလို ထိုးစစ်တွေ ဆင်နေတဲ့အချိန်မှာ အီရတ် ပါလီမန်အတွင်းမှာလည်း အရေးပေါ် အစည်းအဝေး ထိုင်နေကြပါတယ်။ ဆွန်နီ အာရပ် တဦးဖြစ်တဲ့ လွှတ်တော်သဘာပတိ မိုဟာမက် အယ်လ် မာရှ်ဟာဒန်နီ (Mahmoud al-Mashhadani) ဦးဆောင်တဲ့ ကော်မတီကို ဖွဲ့စည်းပြီး ဒီသီတင်းပတ် အတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ အခု တိုက်ပွဲတွေ အဆုံသတ်ရေး ကြားဝင် စေ့စပ်ပေးဖို့ ကြိုးစားနေပါတယ်။ ပါလီမန်အတွင်းက ကဒ်လူမျိုးစု လွှတ်တော် ကိုယ်စားလှယ် ဖရဒ် ရော်ဝမ်ဒူဇီ (Fryad Rawanduzi) ကတော့ ဒီကော်မတီ အနေနဲ့ တိုက်ပွဲတွေ အဆုံးသတ်အောင် ကြားဝင် ဆောင်ရွက်နိုင်မယ်ဆိုတာ သူ့အနေနဲ့ သံသယ ဖြစ်မိတယ်လို့ ပြောပါတယ်။

ပါလီမန်အတွင်းမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ အများစုက အစိုးရနဲ့ မာဒီ စစ်သွေးကြွတွေ အကြား ပဍိပက္ခကို ဆွေးနွေးဖို့ သင့်လျော်တဲ့အချိန် မယူဆတဲ့အတွက် အစည်းအဝေး မကြာခင် အချိန်အတွင်း ကျင်းပနိုင်မယ်လို့ သူ့အနေနဲ့ မထင်တဲ့အကြောင်း ပြောဆိုပါတယ်။ ပါလီမန် အပြင်ဘက်မှာ အစည်းအဝေး ကျင်းပနိုင်ကောင်း ကျင်းပနိုင်မယ်။ မိုဟာမက် အယ်လ်-မာရှ်ဟာဒန်နီရဲ့ နေအိမ်မှာ ဖြစ်ကောင်းဖြစ်မယ်လို့ ပြောပါတယ်။

အီရန် ရှီးယား ဘာသာရေးခေါင်းဆောင် အာယာတိုလာ အာမက် ဂျန်နတီ (Ayatollah Ahmad Jannati) ကတော့ အစိုးရနဲ့ ရှီးယား စစ်သွေးကြွတွေအကြား အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုနေပါတယ်။

အမေရိကန် ပြည်ထောင်စုမှာတော့ သမ္မတ ဘုရှ်က ဒီအချိန် တိုက်ပွဲတွေ အရှိန်မြှင့်နေတာနဲ့ ပတ်သက်ပြီး ဒါဟာ အီရတ်ရဲ့ သမိုင်းမှာ ခုခံစစ် ဆင်နွဲနေတဲ့ကာလလို့ ပြောဆိုလိုက်ပါတယ်။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းကို တိုးတက် ဖြစ်ပေါ်လာတာလို့ သြစတြေးလျ ဝန်ကြီးချုပ် ကယ်ဗင် ရက် (Kevin Rudd) နဲ့ အိမ်ဖြူတော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG