သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေး ရိုက်နှက်ခံရလို့ ဒဏ်ရာပြင်းထန်


မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးကို အမည်မသိသူတွေက ရိုက်နှက်ခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဆေးကုသမှု ခံနေရပြီးတော့ နားက သွေးတွေ ယိုစီးနေပြီး စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ ဒါ့အပြင ်ဆေးရုံမှာလည်း ရဲနဲ့ ထောက်လှမ်းရေးတွေက သူ့ကိုယ် မပြတ်ကြည့်ရှု စောင့်ရှောက်နေကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို အမည်မသိတဲ့ သူတွေက ရိုက်နှက်ခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီးရဲ့ ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ကုသခံနေရပြီး အခြေအနေက စိုးရိမ်စရာ ရှိနေတဲ့အကြောင်း မိသားစုနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဦးမြင့်အေး ရိုက်နှက်ခံရမှု နဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးအဖွဲ့က ကိုမောင်မောင်လေးက အခုလို ရှင်းပြပါတယ်။

“ပဒုမ္မာလမ်းနဲ့ ဗားကရာလမ်း ထောင့်တည့်တည့်၊ ရှင်စောပု ရပ်ကွက်မှာ အရိုက်ခံရတာပေါ့။ သူ့သူငယ်ချင်းတွေနဲ့ သူနဲ့ မြေနီးကုန်း ဈေးသွားကြတယ်။ ပြန်လာကြတယ်။ ပြန်လာတဲ့အချိန်မှာ မြေနီကုန်း ပဒုမ္မာလမ်းမှာရှိတဲ့ ထမင်းဆိုင်က ပန်းသေးခေါက်ဆွဲ ဝယ်တယ်။ ဝယ်ပြီးတော့ အဲဒီကနေ ပြန်အထွက် တက္ကစီ ငှားတဲ့ အချိန်မှာ ပေါ့နော်၊ အဲဒီမှာ အရိုက်ခံ လိုက်ရတာတာပဲ။ သူဟာ နီးစပ်ရာ တက္ကစီကားကို ငှားပြီးတော့ သူ့အိမ်ကို ပြန်လာတယ်။ သူ့အိမ်ကို ရောက်ရောက်ချင်း သူ့သားရယ်၊ သူ့အမျိုးသမီးရယ်က အနောက်ပိုင်း ဆေးရုံကို ပို့တယ်။ အနောက်ပိုင်း ဆေးရုံကို ရောက်တဲ့အခါ နားက သွေးတွေ တအား ထွက်နေတယ်တဲ့။ ဒါကြောင့် ရန်ကုန် ဆေးရုံကြီး အထူးကုဆေးရုံကို အမြန် သွားပါ ဆိုပြီးတော့ ညွှန်ကြားလို့ သူတို့ ဆေးရုံကြီးကို လာတယ်။”

ဦးမြင့်အေးရဲ့ ဇနီးဖြစ်သူကလည်း ရိုက်နှက်ခံရတဲ့ အခြေနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အဲ ညတုန်းက သူက ခေါက်ဆွဲကြော် ဝယ်ပြီး ပြန်အလာမှာ ချောင်းရိုက်ခံရတာ၊ နောက်ကနေပြီးတော့လေ။ ဘာနဲ့ ရိုက်လိုက်တာလဲတော့ မသိဘူးပေါ့နော်။ တကိုယ်လုံး အင်္ကျီတကိုယ်လုံးမှာလည်း သွေးတွေ ချွဲပြီးတော့ အိမ်ကိုပြန်ရောက်လာတယ်။ ည ၉ နာရီခွဲလောက် ရှိပြီပေါ့၊ အဲဒီအချိန်မှာ အိမ်ကနေပြီးတော့ အစ်မတို့ ဆေးရုံကို သွားတယ်။ အနောက်ပိုင်း ဆေးရုံက အိမ်ကနေပြီးတော့ နီးတယ်လေ။ အစ်မတို့ အိမ်နဲ့နီးတော့ အဲဒီ အနောက်ပိုင်း ဆေးရုံမှာ နားထဲက သွေးတွေ ထွက်လို့တဲ့၊ သူတို့ ဆေးရုံမှာ အဲလိုမျိုး ကုတာ မရှိဘူးပေါ့။ ဆေးရုံကြီးကို လွှတ်တယ်။ ရန်ကုန် ဆေးရုံကြီးကိုလေ၊ အစ်မတို့ ရန်ကုန် ဆေးရုံကြီးကို သွားတယ်။ အဲဒီမှာ ရောက်ရောက်ချင်း ဘာလုပ်ရလဲ ဆိုတော့ ဓါတ်မှန် ရိုက်ရတယ်။ ခေါင်းကို ဓါတ်မှန် ရိုက်တဲ့အခါမှာ ဆံပင်ကို ရိတ်ပြီးတော့ ဒဏ်ရာကို ချုပ်ရတယ်။ ပြီးတော့ ဒီကိုရောက်တဲ့ အခါကျတော့ ဒီနေ့ကျမှပေါ့နော်၊ စမ်းချောင်းအပိုင်းမှာ ဖြစ်တာ ဆိုတော့ စမ်းချောင်း ရဲစခမ်းမှာ အမှုဖွင့်ထားတယ်။ ဒဏ်ရာက ပြင်းတယ်လို့ ပြောလို့ မရဘူး။ ဒါပေမယ့် နည်းလည်း မနည်းဘူး။ နည်းနည်း ဟိုဟာတော့ ကွဲသွားတယ်။ သွေးတွေလည်း အများကြီး အလန့်တကြား ဖြစ်လောက်အောင် ထွက်တယ်။ ရိုက်တဲ့လူကို လုံး၀ မမြင်လိုက်ရဘူး။ ရိုက်တဲ့အချိန်မှာ၊ အရိုက်ခံထိတဲ့ အချိန်မှာ လဲသွားတယ်။ လဲသွားတယ်တိုတာကို သူကိုယ်တိုင်မသိဘူး။ ဘာလို့သိလဲ ဆိုတော့ ခြေထောက်နဲ့ လက်တွေမှာလေ၊ တတောင်ဆစ်တွေမှာလေ ဒဏ်ရာတွေ ရှိတယ်သိလား။”

စမ်းချောင်းမြို့နယ်အတွင်းမှာ ရိုက်နှက်ခံခဲ့ရတာကြောင့် စန်းချောင်းမြို့နယ် ရဲစခန်းကို အမှုဖွင့် စစ်ဆေးပြီး စုံစမ်းစစ်ဆေးပေးဖို့ ကိုမောင်မောင်လေးတို့က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အဖြစ်မျိုးတွေနဲ့ လုပ်ကြံမှုတွေဟာ လူ့အခွင့်အရေး လှုပ်ရှားသူတွေအကြားမှာ အများအပြား ဖြစ်ပေါ်နေပြီး တရားခံ ပေါ်ပေါက်လေ့လည်း မရှိခဲ့ပါဘူး။ ဒီအမှုကို ကိုယ်တိုင် သွားဖွင့်ခဲ့တဲ့ ကိုယ်မောင်မောင်လေး ဆက်လက်ပြောပြတာက -

“အဲဒီအမှုက ကျနော် သွားဖွင့်လာတယ်၊ ပေါင်းသင်းလာတဲ့ အနှစ် ၂၀ ကျော် ၃၀ အတွင်းမှာ သူက မည်သူတဦးတယောက်နဲ့မှ ဒီလိုပြဿနာ တစုံတရာ ပေါ့နော်၊ ဘာပြဿနာမှ မရှိခဲ့ဘူး။ သူ့ကို သေချာတာတခုက၊ ကျနော်တို့ ထင်တာတခုကတော့ အတိတ်တုန်းကလည်း အဖြစ်အပျက်တွေ ရှိတယ်ဗျာ။ မကြာသေးခင်က ကျနော်တို့ တောင်ကုတ်မှာ ဖြစ်စဉ်တွေ၊ အခုလက်ရှိ အုတ်ပုံမှာ ဖြစ်ခဲ့ဟာတေ ွရှိတယ်၊ နောက် ကျနော်တို့ မတ္တရာဖက်က အမတ်တွေ ကိစ္စတွေ ရှိတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ သူတို့က ရှေ့ဆက်ပြီးတော့ ဒါမျိုးတွေ ကျင့်သုံးမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ အခုကိစ္စမှာလည်း အဲဒီလိုပဲလို့ ကျနော်တို့က ကြီးကြီးမားမား သံသယ ရှိနေတယ်။”

၂၀၀၇ ခုနှစ်၊ ဧပြီလအတွင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုပ်ပုံကျေးရွာမှာ လူ့အခွင့်အရေး ပညာပေး လုပ်ခဲ့မှုကြောင့် ရိုက်နှက်ခံရတဲ့သူ နှစ်ဦးထဲက တဦးဖြစ်တဲ့ ကိုမောင်မောင်လေး ရှင်းပြပြောဆိုသွားတာပါ။ အဲဒီအချိန်တုန်းကလည်း မယက ဥက္ကဌ၊ ရဲစခန်းမှူး၊ ပြည်ခိုင်ဖြိုး အတွင်းရေးမှူးတို့ဟာ အမိန့်ပေးပြီး ရိုက်နှက်ခိုင်းခဲ့တာလို့လည်း ဦမြင့်အေးက ပြောပြခဲ့ဖူးပါတယ်။ အာဏာပိုင်တွေဖက်ကတော့ ရိုက်နှက်ခဲ့သူတွေကို အရေးယူခြင်း မရှိဘဲ ရိုက်နှက်ခံရသူတွေကို နိုင်ငံတော် ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ (၅၀၅) (ခ)၊ (ဂ)တို့နဲ့ တရားစွဲပြီး ထာင်ချခဲ့ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း နည်းအမျိုးမျိုးနဲ့ ထောင်ချပြီး အရေးယူမှုတွေလည်း လုပ်ခဲ့ပါတယ်။ အခုဆိုရင် ဦးမြင့်အေးရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း မိသားစုနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။

ဦးမြင့်အေး အခုလို မတရား အရိုက်ခံရတာနဲ့ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေး အဖွဲ့က ကိုမင်းလွင်ဦးကို ဗွီအိုအေ ဝိုင်းတော်သား ဦးအောင်လွင်ဦးက မေးမြန်းတော့ သူက အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူ့အခွင့်အရေး ကွန်ယက်အဖွဲ့ဝင်တွေရယ်၊ လူ့အခွင့်အရေး ကိစ္စကို လိုက်လံ ဆောင်ရွက်ပေးနေသူတွေရယ်။ နောက်ပြီးတော့ ခလေးစစ်သား၊ အဓမ္မ လုပ်အားပေး ကိစ္စရပ်တွေမှာ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတဲ့ သူတွေကို အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ နှိပ်စက် ညှင်းပမ်းတာတွေ သော်လည်းကောင်း၊ ဖမ်းဆီးတာတွေကို သော်လည်းကောင်း၊ ရိုက်နှက်တာတွေကို သော်လည်းကောင်း၊ ကျနော်တို့ အများကြီး သိရှိနေရတာ ဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ လူ့အခွင့်အရေး ကိစ္စတွေ ဆောင်ရွက်နေတဲ့ သူတွေက လောလောဆယ်ဆယ်မှာ အကာအကွယ် မဲ့နေတယ်။ လုံခြုံမှု စိုးရိမ်ရတယ်။ နောက်ပြီးတော့ မည်သည့်အချိန်မှာ ဖမ်းဆီးမယ် ဆိုတာကို အစိုးမရတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက်နေသူတွေအတွက် စိုးရိမ်တယ်။ နိုင်ငံတကာကိုလည်း ဒီကိစ္စကို အမြန်တကာ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးနိုင်ဖို့အတွက် တွန်အားပေးသွားမယ် ဆိုတာကို ကျနော် ပထမဆုံးအနေနဲ့ ပြောချင်ပါတယ်။”

ဟုတ်ကဲ့။ နောက်တခုက ကျနော်တို့ သိထားတဲ့အတိုင်း ဆိုလို့ရှိရင် ဒီလို ကိစ္စမျိုးတွေ အရင့်အရင်တုန်းကလည်း ရှိပါတယ်၊ အဲဒီအပေါ်မှာရော AHRC အနေနဲ့ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေဟာ ဘယ်လိုမျိုး ရှိတယ်လို့ သုံးသပ်လို့ရမလဲခင်ဗျ၊ -

“ဟုတ်ကဲ့ ခင်ဗျ၊ ဒီ ဦးမြင့်အေး အရိုက်ခံရတာက ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ပထမဦးဆုံးအကြိမ် ရိုက်နှက်ခံရတဲ့ ကိစ္စရပ်တွေကတော့ ဟင်္သာတမြို့နယ် အုတ်ပုံကျေးရွာမှာ ကိုမြင့်နိုင် အပါအဝင် ၆ ဦး၊ နောက်ပြီးတော့ ဒီမတ္တရာမြို့နယ် လွှတ်တော်အမတ် ဦးသန်းလွင်၊ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူ့အခွင့်အရေး ဆောင်ရွက်ပေးနေတဲ့ HRDP အဖွဲ့ဝင် တဦး၊ အဲဒီလူတွေ အားလုံး ဒီလိုပဲ ရိုက်နှက်ခြင်း ခံရတယ်။ အားလုံးပဲ ဆေးရုံတက်ပြီးတော့ ဆေးဝါးကုသမှုကို ခံယူရတယ် ဆိုတာကို ကျနော်တို့ သိရှိရပါတယ်။ နောက်ပြီးတော့တခါ အဲဒီလိုမျိုး ရိုက်နှက်သွားတဲ့ လူတွေကို အရေးမယူဘဲနဲ့ ရိုက်နှက်ခံရတဲ့သူတွေကို ဖမ်းဆီးပြီးတော့ အရေးယူ အပြစ်ပေးတာတွေကိုလည်း ကျနော်တို့ သိရှိရတယ်။ ရိုက်နှက်ခံရသူတွေက ပြန်လည်ပြီး အရေးယူပေးဖို့ တရားစွဲဆိုတဲ့ အခါမှာတော့ သက်ဆိုင်တဲ့ တရားစွဲ အဖွဲ့အစည်းရယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့ရယ်က မသိကျိုးကျွံ ပြုပြီးတော့ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးခြင်း မရှိဘူးဆိုတာကို ကျနော်တို့ သိရှိရတယ်။”

ဟုတ်ကဲ့၊ ဒီလို အခြေအနေမျိုးတွေနဲ့ ပတ်သက်ပြီးတော့ပေါ့နော်၊ အာရှ လူ့အခွင့်အရေး ကော်မရှင်ကပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အသိုင်းအဝိုင်း ကုလသမဂ္ဂက လူ့အခွင့်အရေး ကောင်စီကပဲ ဖြစ်ဖြစ်ပေါ့နော်၊ ဘာတွေများ လုပ်ဆောင်ပေးနိုင်မလဲ ခင်ဗျ၊ -

“ဟုတ်ကဲ့ခင်ဗျ၊ ကျနော်တို့ ဒီလိုမျိုး ကိစ္စရပ်တွေ ဖြစ်ပေါ်တဲ့အခါမှာ ကျနော်တို့ Human Right Defender ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကလည်း မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းပြီးတော့ နှိုးဆော်တဲ့ အချက်လက်တွေ ရှိတယ်။ နောက်ပြီးတော့တခါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူး ကိုယ်စားလှယ် ပါမောက္ခ ပင်ညဲရိုးကလည်း ဒီလို ကိစ္စရပ်တွေကို ရပ်တန်းကနေ ရပ်ဖို့အတွက်၊ နောက်ပြီးတော့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ သူတွေကို လုံခြုံမှု အကာအကွယ် ပေးနိုင်ဖို့ အဲဒါတွေကို တင်ပြ တောင်းဆိုထားတာတွေ ရှိတယ်။ ဒါပေမယ့် အာဏာပိုင်တွေဘက်က မလိုက်နာတဲ့အပြင် ဆက်လက်ပြီးတော့ ပြုမူ ကျူးလွန်တာတွေကို ကျနော်တို့ တွေ့ရှိနေရတယ်။ အဲဒါကြောင့် ကျနော်တို့ နောက်ပိုင်းမှာ ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အသိပေးတာ၊ ဟန့်တားတာလောက်နဲ့ မကတော့ပဲနဲ့ ထိရောက်တဲ့ အရေးယူမှု တစုံတရာ ပြုလုပ်နိုင်ဖို့အတွက် ကျနော်တို့က တိုက်တွန်း ပြောဆိုသွားမှာ ဖြစ်တယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်ခင်ဗျာ။”

ကျေးဇူးတင်ပါတယ်။ ကိုမင်းလွင်ဦးခင်ဗျာ။

XS
SM
MD
LG