သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် လူ့အခွင့်အရေးကောင်စီ ရှုတ်ချ


မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စနစ်တကျ ချိုးဖေါက်နေတာ ဖြစ်တဲ့ အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တညီတညွတ်တည်း ရှုတ်ချ ပြစ်တင် လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ခန့်ထားရေး တာဝန် ပေးချက်ကို နောက်ထပ် တစ်နှစ်သက်တမ်း ထပ်တိုးလိုက်ပြီး စုံစမ်းစစ်ဆေးသူကို မြန်မာနိုင်ငံရဲ့ အခြေအနေ လာရောက် စစ်ဆေးခွင့် ပေးဖို့လည်း စစ်အစိုးရကို လူ့အခွင့်အရေး ကောင်စီက တောင်းဆိုလိုက်ပါတယ်။ အသေးစိတ်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်သူလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို စစ်အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်နေဆဲ ဖြစ်တဲ့အတွက် အခြေအနေကို စိုးရိမ်တဲ့အကြောင်း အဖွဲ့ဝင် ၄၇ နိုင်ငံပါတဲ့ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မူကြမ်းနှစ်ခု တင်သွင်းခဲ့ပြီး လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်တွေက တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

ဥရောပ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အလှည့်ကျ သဘာပတိ ဆလိုဗေးနီးယား နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး မစ္စတာ အန်ဒရေ လော့ဂါ (Mr. Andrej Logar) က မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်နဲ့ လှုပ်ရှားသွားလာခွင့် အခွင့်အရေးတွေကို စစ်အစိုးရက ပိတ်ပင်ထားတဲ့အတွက် ဥရောပ အဖွဲ့ဝင် နိုင်ငံတွေက အထူးပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ အကျဉ်းချုံး စီရင်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်သူ၊ အဓမ္မ စေခိုင်းသူတွေကို အပြစ်ပေး အရေးယူတာမျိုးတွေ မလုပ်ဘဲ ခွင့်ပြုထားသလို အသက် မပြည့်သေးတဲ့ ခလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ စစ်အစိုးရက နိုင်ငံရေး အတိုက်အခံ တချို့ကို ဖမ်းဆီးနေဆဲ ဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲက ပျောက်ဆုံး နေတာတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို စစ်တပ်က နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း ဘုန်းတော်ကြီးကျောင်း တချို့ကို စစ်အာဏာပိုင်တွေက ပိတ်ထားတာကို ပြောဆိုသွားပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကို စစ်အစိုးရက အမြဲတစေ စောင့်ကြည့်နေပြီး ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ဘာသာရေး အခွင့်အရေး ချိုးဖေါက်မှု ဖြစ်တယ်လို့လည်း သံအမတ်ကြီး အန်ဒရေ လော့ဂါ က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ အာဏာပိုင်တွေက ပုဂ္ဂလိကပိုင် မြေယာတွေကို သိမ်းနေပြီး ဒီလိုသိမ်းတဲ့ အကျိုးဆက်အဖြစ် လူတွေ ပြည်တွင်းမှာတင် အိုးမဲ့အိမ်မဲ့ ဒုက္ခ ရောက်နေတာ။ စီးပွားရေးနဲ့ ဝန်းကျင် ပျက်ဆီးမှုတွေ ကြုံနေရတဲ့ အခြေအနေ တွေကိုလည်း စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောဆိုပါတယ်။

“တိုင်းရင်းသားလူမျိုးစု ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ပြီး ပေါ်ပေါက်နေတာ ကိုလည်း ဒီ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပူးတွဲ အဆိုပြုတဲ့ သူတွေက စိုးရိမ်မိပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေဟာ နှစ်ပေါင်းများစွာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုဒဏ်တွေကို ခံခဲ့ကြရတာပါ။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေဟာ ခြေခြေမြစ်မြစ် ရှိရမယ်။ အဖွဲ့အစည်း ပေါင်းစုံ ပါဝင်ရမယ် ဆိုတာကို ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့အတူ ဥရောပ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကိုယ်စားလှယ်က လက်ခံထားပါတယ်။”

စစ်အစိုးရက ပြင်ဆင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး လူထု ဆန္ဒခံယူပွဲဟာ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်ရမယ်ဆိုတာကို သံအမတ်ကြီး အန်ဒရေ လော့ဂါ က ထပ်မံ ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဝဏ္ဍမောင်လွင် ကတော့ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုးတက်မှုတွေကို မျက်ကွယ် ပြုထားပါတယ်။ လူ့အခွင့်အရေးကို အကြောင်းပြပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ထားတဲ့၊ ဘက်လိုက်ထားတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်တယ်လို့ ပြန်လည် ချေပပါတယ်။

“မြန်မာနိုင်ငံဟာ သြဇာရှိတဲ့ နိုင်ငံကြီးတချို့က သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် တမင် ဖိအားပေးတာကို ခံနေရတဲ့ နိုင်ငံတချို့ထဲက တစ်နိုင်ငံပါ။ လူ့အခွင့်အရေးကို နိုင်ငံရေးအရ အသုံးချပြီး ပြည်တွင်းကို ဝင်ရောက် စွက်ဖက်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် နောင်မှာလည်း အန္တရာယ် ကြုံရနိုင်တဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။”

လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ ဆုံးဖြတ်ချက်ပါ အချက်တွေကို ငြင်းဆိုတဲ့ အကြောင်း မြန်မာ သံအမတ်ကြီးက ချေပ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ အတွင်းက နိုင်ငံရေး တိုးတက်မှုတွေကို အသိအမှတ်ပြုဖို့လည်း သူက တောင်းဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG