သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံကို အသိအမှတ်မပြုရေး ရွေးကောက်ခံအမတ်များ ဆော်သြ


မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဟာ တရားမဝင်တာကြောင့်
ဒါကိုလက်မခံဖို့ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရွေးကောက်ခံလွှတ်တော်အမတ်တွေက ကမ္ဘာ
တဝန်း အစိုးရတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကိစ္စကို လုံခြုံရေးကောင်စီက အရေးယူမှုတွေ လုပ်သွားဖို့အထိ
၉၀ ခုနှစ် အနိုင်ရလွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း မြန်မာစစ်အစိုးရရဲ့ လက်ရှိ တည်ဆဲဥပဒေတွေ
အရ ဖွဲ့စည်းပုံကို ၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေက ရေးဆွဲမှသာ
တရားဝင်မှုရှိတယ်လို့ သူတို့ရဲ့ကြေညာချက်မှာ ထောက်ပြခဲ့ပါတယ်။ ဒီအပေါ်မှာအခြေ
ခံပြီး စစ်အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဟာ တရားဝင်မှုမရှိဘူး၊ ဒါကို အသိ
အမှတ်မပြုကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်တာပါ။ ဒီပန်ကြားချက်ကို ၉၀ ခုနှစ်
ရွေးကောက်ပွဲ အနိုင်ရအမတ်တွေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတယ်ဆိုပြီး
လွှတ်တော်အမတ် ၁၄ ဦးက လက်မှတ်ရေးထိုးပါတယ်။

လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အကြံပြုချက်အားလုံးကို မြန်မာ အာဏာပိုင်တွေဘက်က ပယ်ချလိုက်တာကြောင့် မစ္စတာဂမ်ဘာရီရဲ့ အခုနောက်ဆုံး ကြိုးပမ်းချက်ဟာလည်း ဘာမှအရာမရောက်ခဲ့ဘူးလို့ သူတို့က ဝေဖန်ပါတယ်။ အခု ကြေညာချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ဂွမြို့နယ်မဲဆန္ဒ လွှတ်တော်အမတ်လည်းဖြစ်တဲ့
ဦးညီပုကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

“အဓိကပြောရရင် အချက် ၅ ချက်မှာ နောက်ဆုံးအချက်ဖြစ်တဲ့ ကျနော်တို့နိုင်ငံမှာ
အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ ဒီမိုကရေစီအစိုးရမျိုး ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာ
မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး
စေခြင်တဲ့သဘော ဖြစ်ပါတယ်။”

အဲဒီမှာ ကျနော်တွေ့ရတာက လက်ရှိကုလသမဂ္ဂက ဆောင်ရွက်နေတဲ့ အစိတ်အပိုင်းနဲ့
ပတ်သက်လို့ ဦးညီပုတို့ အမတ်တွေဘက်က အားမရတဲ့သဘော တွေ့ရပါတယ်။
အဓိက ဘယ်လိုအခြေအနေမျိုးကို အားမရတာပါလဲ။

“မစ္စတာဂမ်ဘာရီ မြန်မာပြည်ရောက်တဲ့အခါမှာ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အနည်းငယ်လွဲမှားနေတယ်လို့ ကျနော်တို့က ယူဆပါတယ်။ နအဖအစိုးရအလိုကျ သူတို့တွေ့စေချင်တဲ့လူနဲ့တွေ့တာ၊ သူတို့နဲ့ပဲ လုပ်ကိုင်ဆောင်ရွက်ပြီး ကျနော်တို့ဘက်
က ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အားနည်းမှုရှိတာ
တို့ အဲဒါမျိုးတွေဖြစ်တဲ့အတွက် ကျနော်တို့ဘက်က အားမလိုအားမရဖြစ်တာ ဖြစ်ပါ
တယ်။”

ဒါပေမယ့် အရင်အခြေအနေနဲ့စာရင် မြန်မာနိုင်ငံကိစ္စက ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီရဲ့ အဓိကအာဂျင်ဒါထဲမှာလည်း ရောက်နေပါပြီ။ ပြီးတော့ မစ္စတာဂမ်ဘာရီလို အထူးကိုယ်စားလှယ်တယောက်ကိုလည်း စေလွှတ်နိုင်တယ်။ မစ္စတာဂမ်ဘာရီက
လည်း ပြီးခဲ့တဲ့ခရီးစဉ်မှာ အတွင်းရေးမှူးချုပ်က လိုလားတဲ့အချက်တွေကို မြန်မာ
အာဏာပိုင်အဖွဲ့ကို တင်ပြခဲ့တာတွေရှိတဲ့အတွက် ဒါတွေက ကုလသမဂ္ဂဘက်က
ဆောင်ရွက်မှုတွေ မြင့်လာတဲ့သဘောမျိုးရော မမြင်ဘူးလား။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပေးပို့တဲ့စာတွေ၊ သူတို့ရဲ့ တောင်းဆိုမှု
တွေကို နအဖအစိုးရက တခုမှလိုက်လျောတာမရှိဘူးလို့ ကျနော်တို့မြင်တယ်။ ကျနော်
တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက အင်မတန်စိုးရိမ်ရတဲ့ အနေအထားမျိုးလို့
ကျနော်တို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံးကနေ
ပြီး အခြေအနေဆိုးတွေ မဖြစ်လာနိုင်အောင်၊ မဖြစ်သင့်တာတွေ မဖြစ်ရအောင် လုပ်ကိုင်ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောရတာဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ဦးညီပုတို့လို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက အခုလာ
မယ့် စစ်အစိုးရလုပ်မယ့် ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ရော သဘောထား ဘယ်လိုရှိပါ
သလဲ။

“ကျနော်တို့ကတော့ ၉၀ ခုနှစ်ရွေးကောက်ပွဲနဲ့ သူတို့ထုတ်ပြန်ထားတဲ့ အမိန့်တွေ
အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမယ်လို့
ဒီအတိုင်းပဲ ယုံကြည်ထားတယ်။ အဲဒီလို တရားဝင်ရေးဆွဲခွင့်ရှိတဲ့လူတွေ မပါဝင်ဘဲနဲ့ ရေးဆွဲတဲ့ဥပဒေမျိုးကိုတော့ ကျနော်တို့နဲ့အတူ ပြည်သူလူထုက ဘယ်လိုမှလက်ခံမှာ
မဟုတ်ပါဘူး။”

ဟိုတလောက သတင်းစာရှင်းလင်းပွဲတခုမှာ မစ္စတာဂမ်ဘာရီကို သတင်းထောက်
တွေက မေးခဲ့ကြပါတယ်။ မြန်မာပြည်က လွှတ်တော်အမတ်တွေ သူ့ဆီစာပို့တာ
ရောက်မရောက်ပေါ့။ အဲဒီတုန်းက ဦးညီပုတို့ ပို့ကြသေးလား။

“ဟုတ်ကဲ့၊ ပို့ထားပါတယ်။ ကျနော်တို့ကတော့ ရောက်တယ်လို့ ယုံကြည်ပါတယ်။”

အဲဒီတုန်းကပို့တဲ့ အကြောင်းအရာကရော ဘာအကြောင်းအရာလဲခင်ဗျ။

“အဲဒီတုန်းကလည်း ကျနော်တို့ အခုထုတ်ပြန်ထားတဲ့သဘောနဲ့ သိပ်မကွာပါဘူး။ ကုလ
သမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကိစ္စကို နအဖအစိုးရအနေနဲ့ မလိုက်နာ
ဘဲ နေလို့မရတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့ အဓိကထားပြီး တောင်းဆိုခဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။”

အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကနေ သဘောထားတွေ၊ ကြေညာချက်
တွေ၊ ပန်ကြားချက်တွေ အမျိုးမျိုးထုတ်နေပါတယ်
၊ အရှေ့က ဦးဆောင်ပြီးတော့ပေါ့။
တဖက်ကလည်း ဦးညီပုတို့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ပိုင်း
ထဲမှာပါတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်နေတာထက် ကျော်ပြီးလုပ်နေ
သလိုများ မဖြစ်ဘူးလားခင်ဗျ။

“မဖြစ်ပါဘူးခင်ဗျ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မတ်လ ၂၇ ရက်နေ့၊
တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုကြည့်ရင် ကျနော်တို့ သဘော
ထား အတိုင်းပဲလို့ ယုံကြည်ပါတယ်။ ကျနော်တို့ တသဘောတည်းပါပဲ။ တညီတည်း
ပါပဲ။ ကျနော်တို့ကြားထဲမှာ ညီညွတ်မှုကို ဦးတည်ပြီး ကျနော်တို့လုပ်သွားမှာပါ။”
ဂွမြို့နယ်မဲဆန္ဒ လွှတ်တော်အမတ် ဦးညီပု ရှင်းပြသွားတာဖြစ်ပါတယ်။

သူတို့အမတ်တွေအနေနဲ့ကတော့ လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်
ကန့်ကွက်မဲ ပေးသွားကြဖို့ လူထုကို စည်းရုံးသွားမယ်လို့လည်း ဒီကြေညာချက်မှာ
ဖော်ပြပါတယ်။ ဒါပေမယ့် စစ်အစိုးရကလည်း လာမယ့် ဆန္ဒခံယူပွဲမှာ မဲကလိန်ကျမှု
တွေ လုပ်လာနိုင်တယ်၊ ဒီကနေပြီး ငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှုတွေနဲ့ စစ်အစိုးရနဲ့ ထိပ်တိုက်ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိတာကြောင့် နောက်ထပ် သေကျေ
ထိခိုက်မှုတွေ ဖြစ်မလာအောင် အခုကတည်းက အလေးပေးပြီး စဉ်းစားကြဖို့ ကမ္ဘာ့
အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအရာရှိ မစ္စတာဂမ်ဘာရီ မြန်မာပြည်
ကအပြန် လုံခြုံရေးကောင်စီမှာ ပြန်လည်တင်ပြခဲ့တာတွေကို ပြည်တွင်းပြည်ပ အတိုက်
အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က မကျေမနပ် ဆက်တိုက်တုံ့ပြန်ခဲ့ကြတဲ့
အထဲမှာ အခုလွှတ်တော်အမတ်တွေလည်း ပါလာတယ်လို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG