မကြာခင် လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတဲ့ အခြေခံဥပဒေ
မူကြမ်းတရပ် ထွက်ပေါ်လာတာနဲ့အမျှ ဒီအပေါ်မှာ
အခြေအတင်ဝေဖန် ပြောဆိုမှုတွေလည်း ထွက်ပေါ် လာနေပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံထဲက အဓိ
က အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) လည်း အပါ
အဝင် ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ အန်န်
အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မေလထဲမှာကျင်းပမယ့် လူထုဆန္ဒခံယူပွဲကတဆင့် အတည်ပြုဖို့ရှိတဲ့ ဒီအခြေခံဥပဒေ
မူကြမ်း အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာနေရာမှာ ဒီအထဲက အသေးစိတ်အချက်
အလက်တွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) အနေနဲ့ သဘော မတူနိုင်စရာတွေ ရှိနေတာပါ။ ဒီအခြေခံဥပဒေမူကြမ်းအရဆိုရင် ပါတီခေါင်းဆောင်
တဦးလည်းဖြစ်၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုင်ငံရေးမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့ရဖို့
ရှိနေပါတယ်။ အန်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ဒီလိုချုပ်ချယ်
ကန့်သတ်မှုဟာ အစဉ်အလာတော့ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။
“အခြေခံဥပဒေမူကြမ်းကိုတော့ ကျနော် ယနေ့အထိ မဖတ်ရသေးပါဘူး။ သို့သော်
လည်း ဒီဥစ္စာက အမျိုးသားညီလာခံက ဆုံးဖြတ်ထားတယ်ဆိုတဲ့ အသေးစိတ်အခြေခံ
မူတွေ၊ ဒီဟာကိုပဲ ပြန်ရေးတာ။ အဲဒီမှာ လေ့လာချက်အရပြောရရင် သမ္မတအရည်
အချင်း ချို့ငဲ့သူအဖြစ် ဖော်ပြတဲ့နေရာမှာ မိမိသော်လည်းကောင်း၊ မိမိသားသမီးသော်
လည်းကောင်း နိုင်ငံခြားသားနဲ့ လက်ထပ်ထားရင်၊ အိမ်ထောင်ပြုရင် အရည်အချင်း
ချို့ငဲ့သူအဖြစ် သတ်မှတ်တယ်။ အဲဒါက သမ္မတအရည်အချင်းမှာပါ၊ ပြည်သူ့လွှတ်တော် အရည်အချင်းမှာ မဟုတ်ပါဘူး။
“ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ရင် ဗမာ့နိုင်ငံရေးသမိုင်းမှာ တကြိမ်တခါမှ ဒါမျိုး မပါဖူးဘူး။
၁၉၄၈ ခုနှစ်ရွေးကောက်ပွဲ၊ ၄၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၇၄ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေ အဲဒီမှာ အသီးသီးမပါခဲ့ဘူး။ ဒါဟာ ပထမဦးဆုံးအကြိမ် ပြဋ္ဌာန်းတဲ့၊ ကန့်သတ်တဲ့အချက်အဖြစ် ကျနော်တို့မြင်ရပါတယ်။”
အခုအခြေခံဥပဒေမူကြမ်းမှာ မြန်မာစစ်အစိုးရက ကမကထလုပ် ကျင်းပခဲ့တဲ့
အမျိုးသားညီလာခံက ချမှတ်ထားတဲ့အတိုင်း စစ်တပ်ရဲ့အခန်းကဏ္ဍကိုလည်း
ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းထားတာပါ။ နောက် တိုင်းပြည်မှာ အရေးပေါ်အခြေ
အနေ တစုံတရာပေါ်ပေါက်ရင်လည်း စစ်တပ်က အာဏာကို လွှဲပြောင်းရယူခွင့်ရှိဖို့
လည်း ပြဋ္ဌာန်းထားပါတယ်။ ဒီလို အနာဂတ်တိုင်းပြည်အုပ်ချုပ်ရေးမှာ စစ်တပ်က
ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမယ့်အပေါ် အန်န်အယ်လ်ဒီရဲ့ သဘောထားကတော့ …
“ကျနော်တို့လက်ခံထားတာက အချုပ်အခြာအာဏာက ပြည်သူ့ထံက ဆင်းသက်ရ
မယ်။ ပြည်သူတွေတင်မြှောက်လိုက်တဲ့၊ ပြည်သူတွေရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံ့အရေးအရာကို ဆောင်ရွက်ရမယ်။ အခု အဲဒီလို လေးပုံတပုံပါတာဟာ ဒီအခြေခံ
မူတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပထမတချက်အနေနဲ့ ပြောချင်တယ်။
“ဒုတိယတချက်အနေနဲ့က ပါလီမန်မှာ လေးပုံတပုံက ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းသွင်းတဲ့လူ၊ ကျန်တဲ့လူတွေက အရွေးချယ်ခံ။ အဲဒီအရွေးချယ်ခံ ပုဂ္ဂိုလ်တွေက တကယ့်အုပ်ချုပ်ရေးမှာ အဓိကမကျဘူး။ အဓိကကျတာက ကာကွယ်ရေးနဲ့ လုံခြုံရေး
ကောင်စီ။ အဲဒီကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း ဆယ့်တဦးမှာ ခြောက်ဦးက ကာကွယ်ရေးဦးစီးချုပ်ဆီက လာတဲ့လူတွေချည်းပဲ။ အဲတော့ ဒီအခြေခံဥပဒေအရဆိုရင် အချုပ်အခြာအာဏာသည် ကာကွယ်ရေးဦးစီးချုပ်ထံကလာသည်။ ပြည်သူ့ထံက
မဟုတ်။ ကျနော်တို့ အဲဒီလိုမြင်ပါတယ်။ အာဏာသိမ်းတာကို တရားဥပဒေနဲ့အညီ
သိမ်းတယ်လို့ ဒီလိုဖော်ပြလိုက်တာပဲ။ ဒါကလည်း သူတို့ဆုံးဖြတ်ချက်ပဲ။ အရေးပေါ်
အခြေအနေ ကြေညာရန်ရှိမရှိဆိုတာ အဓိကအားဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေး
ကောင်စီနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ရမယ်လို့ ဖော်ပြတယ်။ ဒါကြောင့် ပါလီမန်မှာ အာဏာ
မရှိဘူး။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အာဏာအပြည့်ရှိတယ်လို့ ပြောချင်
တယ်။”
အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါ ပြင်ဆင်ချက်တွေ လုပ်ဖို့လိုတယ်ဆိုရင်
လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ % ကျော်ရဲ့ ထောက်ခံမှုနဲ့သာ ဆောင်ရွက် နိုင်ခွင့်ရှိရမယ်ဆိုပြီး မူကြမ်းထဲမှာ ထည့်သွင်းထားတာပါ။ ဒါဟာလည်း အခြေခံဥပဒေ
ကို ပြင်ဆင်ခွင့်မရှိအောင် ကြိုတင်ကန့်သတ်တဲ့သဘောလို့ အန်န်အယ်လ်ဒီက ရှုမြင်
တာပါ။
“ဒါကလည်း လုံး၀ တပ်မတော်က မပါဘဲနဲ့ တပ်မတော်က အမည်စာရင်းပေးတဲ့ ကိုယ်စားလှယ်တွေမပါဘဲနဲ့ လုံးဝပြင်ဆင်ခွင့်မရှိအောင် ပြဋ္ဌာန်းထားတဲ့ သတ်မှတ် ချက်တွေပဲဖြစ်တယ်။”
ဒီလို လက်မခံနိုင်တဲ့ အခြေအနေတွေ ရှိနေပေမယ့်လည်း အန်န်အယ်လ်ဒီအနေနဲ့
အာဏာပိုင်တွေက မေလထဲကြရင် ကျင်းပပေးဖို့ရှိတဲ့ ဆန္ဒခံယူပွဲကို ဆန့်ကျင်သပိတ်
မှောက်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့်လို့ လူထုတွေအနေနဲ့ ဆောင်ရွက်သင့်တဲ့ ကိစ္စ
တွေအတွက် အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို မကြာခင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်မှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။
“ကျနော်တို့ ၁၉၉၃ နောက်ပိုင်းမှာ ဒါမျိုးကိုလက်မခံဘူးဆိုတာ ပြောတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ချမှတ်မယ့် အခြေခံမူတွေဟာ အန်န်အယ်လ်ဒီက လုံးဝ
လက်မခံဘူးလို့ အတိအကျ ပြောပြီးသားဖြစ်ပါတယ်။ ကျနော်တို့ လုံး၀ Boycott
မလုပ်ဘူး။ ဒီပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ပြည်သူတွေ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာနဲ့ပတ်သက်တဲ့ အန်န်အယ်လ်ဒီရဲ့ မူဝါဒလမ်းစဉ်ကို သိပ်မကြာခင်အချိန်မှာ
ကျနော်တို့ ထုတ်ပြန်ပါ့မယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာ
စစ်အစိုးရကတော့ အခု မေလ လူထုဆန္ဒခံယူပွဲတွေပြီးရင် နောက် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးမယ် ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။
ဒါပေမယ့်လို့ အခြေခံဥပဒေတရပ်လည်း သတ်သတ်မှတ်မှတ် အတည်ပြုပြဋ္ဌာန်းထား
တာ မရှိသေးတဲ့အချိန်မှာ ဒီလိုကြေညာတာဟာ အဓိပ္ပာယ်မရှိဘူးဆိုပြီးတော့လည်း
အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကန့်ကွက်ပြောဆိုထားတာတွေလည်း
ရှိပါတယ်။