သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်အပေါ် မြန်မာစစ်အစိုးရငွေချေးမှုနဲ့ စွဲချက်တင်ဖို့ရှိ


ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ရှင်နာဝပ်
(Thaksin Shinawatra) လက်ထက်က မြန်မာ
စစ်အစိုးရအပေါ် ချေးငှားထားတဲ့ငွေတွေကို စုံစမ်း
စစ်ဆေးပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် အဂတိ
လိုက်စားမှု ပပျောက်ရေးအဖွဲ့က တောင်းဆိုလိုက်
ပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြ
ပေးထားပါတယ်။

ပြည်တော်ပြန် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်
ရှင်နာဝပ်ကို ငွေကြေးဆိုင်ရာ ပြဿနာတွေ
အတွက် တရားစွဲဆိုတဲ့အထဲမှာ မြန်မာနိုင်ငံကို သူအာဏာရှိစဉ်က ချေးထားတဲ့ငွေတွေအတွက်
လည်း အလွဲသုံးစားလုပ်တဲ့ငွေတွေ ဟုတ်မဟုတ်
စစ်ဆေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောဆိုလိုက်တာပါ။ အမေရိကန်ဒေါ်လာ ၁၂၅ သန်းချေးငှားဖို့ မစ္စတာတပ်ခ်ဆင်
အာဏာရှိစဉ်က သဘောတူခဲ့တာဖြစ်ပြီး ၃၁ သန်းကျော်လောက်ကိုတော့ မြန်မာစစ်
ခေါင်းဆောင်တွေဆီ ချေးငှားခဲ့ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ အာဏာ
သိမ်းခဲ့စဉ်က ဒီကိစ္စတွေကို ရပ်ဆိုင်းထားခဲ့ပေမယ့် အခုဝန်ကြီးချုပ် ဆမတ် ဆွန်ထရာ
ဝေး (Samak Sundaravej) အစိုးရက ပြန်လည်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် ဒီငွေကြေးကိစ္စတွေအပေါ်မှာ ၁၄ ရက်အတွင်း တရားရုံးမှာ စွဲချက်တင်ဖို့
ထိုင်းနိုင်ငံ ပိုင်ဆိုင်မှုစုံစမ်းစစ်ဆေးရေးကော်မတီက ပြုလုပ်နေပြီလို့ မြန်မာနိုင်ငံ
အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ဝန်ကြီး ဒေါက်တာစန်းအောင်က ပြောပါတယ်။

“ဆက်သွယ်ရေး၊ အင်တာနက်နဲ့ပတ်သက်ပြီး သုံးတာတွေရှိတယ်။ ထားဝယ် ရေနက် ဆိပ်ကမ်းအတွက် လုပ်ကြတာတွေရှိတယ်။ ဒီကနေပြီး ပစ္စည်းဝယ်ဖို့ ငွေတွေချေးတယ်
လို့ စွပ်စွဲကြတယ်။ တကယ်လို့သာ တရားရုံးမှာ ဒီကိစ္စတွေကို ထဲထဲဝင်ဝင်စစ်မယ်
ဆိုရင်တော့ ဝန်ကြီးချုပ်တပ်ခ်ဆင်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ငွေချေးတာဟုတ်မဟုတ်
ဆိုတာ ပေါ်လွင်လာမှာဖြစ်တယ်။ အဲဒီလိုပဲ နအဖနဲ့ ဘယ်လိုအပေးအယူလုပ်ထားတယ်၊ နအဖအတွက် ဘယ်လိုအကျိုးမယ်ဆိုတာလည်း သိလာနိုင်ပါတယ်။”

ဒါပေမယ့် အခုလက်ရှိ ထိုင်းအစိုးရသစ်ကလည်း ဝန်ကြီးချုပ်ဟောင်းတပ်ခ်ဆင်ရဲ့
အပေါင်းအပါတွေဖြစ်နေတော့ အခုလို ငွေကြေးပြဿနာ တရားစွဲမှုတွေ၊ အရေးယူမှု
တွေက ထိရောက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကိုတော့ မြန်မာ့အရေးလေ့လာသူ
ဦးဝင်းမင်းက အခုလိုဖြေပါတယ်။

“သူ့ရဲ့ပါတီအာဏာပြန်ရလာတာဖြစ်တဲ့အတွက် တရားစွဲထားတာတွေ တော်တော်
များများက နည်းနည်းအားနည်းသွားမယ့်သဘောတော့ ရှိပါတယ်။ အတိအကျ ဘယ်လို ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ရော၊ ထိုင်းနိုင်ငံ
မှာ နိုင်ငံရေးအရ အာဏာရှိတဲ့၊ သြဇာရှိတဲ့ အသိုင်းအဝိုင်းအရရော ဝန်ကြီးချုပ်
တပ်ခ်ဆင် အဲဒီတုန်းက အလွဲသုံးစားလုပ်ခဲ့တဲ့ကိစ္စတွေ၊ ဆိုလိုတာက ဘဏ်က နိုင်ငံတော်ပိုက်ဆံတွေသုံးပြီး သူ့ရဲ့ တယ်လီကွန်းစီးပွားရေးအတွက် လုပ်ခဲ့တဲ့အပေါ်မှာ အလွဲသုံးစားမှုအဖြစ် သူတို့က လေးလေးနက်နက်ထားကြတာဖြစ်ပါတယ်။ အာဏာ
သိမ်းတဲ့ အကြောင်းပြချက်တွေထဲမှာ အဲဒီကိစ္စတွေကလည်း တခုအပါအဝင်ဖြစ်ပါ
တယ်။ အဲဒီတော့ ဘယ်လောက်အထိ အရပ်သားအစိုးရနဲ့ စစ်တပ်နဲ့ ညှိပြီးတော့ ဒီကိစ္စ
ကို ဆောင်ရွက်မလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။”

အခု မြန်မာနိုင်ငံကို ငွေချေးထားတဲ့ကိစ္စဟာ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ် လက်ထက်ကဖြစ်သလို မစ္စတာတပ်ခ်ဆင်ဟာလည်း အခု အရပ်သားဘ၀ ဖြစ်နေပြီမို့ ဒီကိစ္စတွေအပေါ် ဖြေရှင်းကြမယ်ဆိုရင် လက်ရှိ ထိုင်း-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး
အတွက် ထိခိုက်နိုင်စရာ ဖြစ်နိုင်ပါသလား။ ဒေါက်တာစန်းအောင်ကတော့ သူ့အမြင်ကို အခုလိုပြောပြပါတယ်။

“ထိုင်း-မြန်မာဆက်ဆံရေးကတော့ ပျက်မှာမဟုတ်ပါဘူး။ သဘောကတော့ ဒီအစိုးရနဲ့
က ဗမာပြည်ထဲမှာ စီးပွားရေးတအားလုပ်ချင်နေတဲ့ပုဂ္ဂိုလ်တွေ။ ဂက်စ်လည်း တူးချင်
တယ်၊ Dam လည်းဆောက်ချင်တယ်၊ ရေနက်ဆိပ်ကမ်းလည်း လုပ်ချင်တယ်။ သူတို့ ပြောတဲ့စကားထဲမှာကိုက သူတို့က တောင်းတာ။ သူတို့တောင်းရင် နအဖက သူတို့ကို အင်မတန်လိုက်လျောတယ်ဆိုပြီး ဝန်ကြီးချုပ်ဆမတ်ကိုယ်တိုင်က ပြောတယ်။ စီးပွား
ရေး သမားတွေကတော့ စီးပွားရေးလုပ်ချင်ရင် အကုန်လိုက်လျောမှာပဲ။ ကျနော်
မြင်တာကတော့ နအဖက အခု စီးပွားရေးလုပ်ချင်တဲ့ ထိုင်းအစိုးရနဲ့ အလုပ်လုပ်မယ်
ဆိုရင် ထိုင်းအစိုးရက လိုက်လျောမယ့်အနေအထားရှိတယ်။ ဒါကြောင့် ဆက်ဆံရေး
ကတော့ ဒီလောက်အထိ ပျက်နိုင်တဲ့အလားအလာမရှိဘူး။”
အန်န်စီဂျီယူဘီဝန်ကြီး ဒေါက်တာစန်းအောင် ပြောပြသွားတာပါ။

ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ မြန်မာနိုင်ငံအပေါ် ချေးငွေကိစ္စ စစ်ဆေးဖို့ဖြစ်လာပေမယ့် မြန်မာစစ်အစိုးရဘက်ကတော့ ချေးထားတဲ့ငွေတွေကို ဘယ်လိုနေရာမှာ သုံးစွဲသလဲ
ဆိုတာ တခါမှ ထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြ
နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG